Main menu

ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

အင်ဒီကာဆန်အပေါ် အီးယူက အခွန်သက်သာခွင့်ပြန်လည်ပေးအပ်မည်

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အီးယူမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs)အား ပေး အပ်ထားသည့် EBA အကောက်ခွန်သက်သာခွင့်ကို ခံစားခွင့်ရှိကြောင်း၊ ၎င်းနှစ်နိုင်ငံမှ ဆန်လုံးရှည် အမျိုးအစား(အင်ဒီကာဆန်)ကို အီးယူဈေးကွက်သို့ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းဖြင့် တင်သွင်းမှုကြောင့် ထိခိုက်သည့် အီးယူလယ်သမားများအား အကာအကွယ်ပေးနိုင်ရေးအတွက် ၎င်းဆန်တင်သွင်းမှုအပေါ်  အီးယူက ယာယီအနေဖြင့် ၂၀၁၉ ခုနှစ်တွင်  အခွန်ပြန်လည်ကောက်ခံခဲ့ရာ ထိုသို့အခွန်ကောက်ခံမှုသည် လုံးလတ်ဆန်၊ လုံးတိုဆန်၊ ဆန်ကွဲတို့အပေါ် သက်ရောက်မှုမရှိခဲ့ဘဲ ယင်းသို့ အခွန် ပြန်လည်ကောက်ခံမှုကြောင့် ၎င်းနှစ်နိုင်ငံမှဥရောပသို့ဆန်တင်ပို့မှုဈေးကွက်တွင် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကမ္ဘောဒီးယားဆန်မွှေးသည် ထိုင်းဆန်မွှေးများနှင့် ဈေးကွက်ယှဉ်ပြိုင်ခဲ့ရကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအစိုးရက အီးယူ ၏ဆုံးဖြတ်ချက်ကိုဆန့်ကျင်၍ European Court of Justic သို့ ဉီးတိုက်လျှောက်ထားခဲ့ချိန်တွင် အီးယူ ဘက်၌ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှ ၎င်းဆန်များတင်ပို့မှုအပေါ် အမြဲတမ်း အခွန်ကောက်ခံမှု ပုံစံသို့ ပြောင်းလဲခြင်းဖြစ်စေ၊ အခွန်ကောက်ခံမှုကို သက်တမ်းတိုးခြင်းဖြစ်စေဆောင်ရွက်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်းသိရှိရပါသည်။

          မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်လုံးရှည်အမျိုးအစားအပေါ် အီးယူက ၂၀၁၉ ခုနှစ်စ၍ (၃)နှစ်အခွန် ကောက်ခံခဲ့ရာ မက်ထရစ်တန်(၁)တန်လျှင် ပထမနှစ်၌ ယူရို(၁၇၅)၊ဒုတိယနှစ်၌ ယူရို(၁၅၀)၊တတိယနှစ်၌ ယူရို(၁၂၅)နှုန်းဖြင့်ကောက်ခံခဲ့ကြောင်း၊ ဆန်လုံးရှည်အပေါ်  အီးယူမှ အခွန်ရုပ် သိမ်းခဲ့မှုကြောင့် အီးယူနှင့်မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆန်ကုန်သွယ်မှုအလားအလာနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးရှိသော်လည်း လာမည့်လများအတွင်း  မြန်မာနိုင်ငံမှ အီးယူသို့ ဆန်တင်ပို့မှု မြင့်တက်လာနိုင်သည်ဟု ဆန်ဈေးကွက်အတွင်း ခန့်မှန်းထားမှုများလည်းရှိကြောင်း၊ သွင်းကုန် အခွန်ကြောင့် ဧည့်မထဆန်အမျိုးအစားမှ ကရင်မဆန်အမျိုးအစားသို့ ပြောင်းလဲဝယ်ယူခဲ့ကြရသည့် အီးယူဝယ်လက်များသည်  အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးအပ်မှုကြောင့် ယခင်နည်းတူ မြန်မာ့ ဧည့်မထဆန်ကို ပြန်လည်ဝယ်ယူလာနိုင်သဖြင့် ဝယ်လိုအား တိုးတက်လာဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဆန်များ အီးယူဈေးကွက်အတွင်း ပြန်လည်ဝင်‌ရောက်လာမည့် အလားအလာကြောင့် ဆန်ဈေးကွက်အတွင်း ဖိအားပြန်ရှိလာမည်ဟု အီတလီရှိ ဆန်ကုန်သည်တစ်ဉီးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          EBA အခွန် သက်သာခွင့်ဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အင်ဒီကာဆန်အမျိုးအစားများ တင်သွင်းမှု မြင့်တက်ခဲ့ခြင်းကြောင့် အီးယူရှိ ပြည်တွင်းဆန်လုပ်ငန်းများအပေါ် ထိခိုက်မှုရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှစတင်၍  အဆိုပါ ဆန်အမျိုးအစားတင်သွင်းမှုအပေါ် အီးယူက Safeguard Duties အဖြစ် (၃)နှစ်တာ ကာလအတွက် အခွန်ပြန်လည်ကောက်ခံခဲ့ခြင်းဖြစ်ပြီး အီးယူ၏ အခွန်ကောက်ခံမှုကာလသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် (၃)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သဖြင့် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဒီကာဆန်အပေါ် အီးယူက အခွန်ပြဌာန်းပြီးနောက်ပိုင်းတွင် အီးယူသို့မြန်မာနိုင်ငံမှ ဂျာပိုနီကာဆန်အမျိုးအစားတင်သွင်းမှုမြင့်တက်လာကာ ၎င်းဆန်အမျိုးအစား ကိုပါ Safeguard Duties  ကောက်ခံရန် လိုအပ်ခြင်း ရှိ/ မရှိ သုံးသပ်ပေးစေလိုသည်ဟု ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အီးယူကောင်စီအစည်းအဝေး၌ အီတလီနိုင်ငံက ဆွေးနွေးခဲ့မှုများ ရှိကြောင်း၊ ယခုအခါ ဆန်လုံးရှည်အပေါ် အီးယူက Safeguard Duties ကောက်ခံသည့်ကာလမှာ သက်တမ်းကုန်ဆုံး၍ အခွန်သုညသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ဆန်လုံးရှည် အမျိုးအစားကို အီးယူဘက်မှဝယ်လိုအား တိုးတက်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဝါဈေးနှုန်းတက်လာသော်လည်းဝယ်လိုအားနည်းနေ

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်တွင် ဖြစ်ပေါ်ခဲ့သည့် 3128B  ဝါဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ(၂၂၄၅၅)ဖြစ်ပြီး ယခင်လကထက်(၂.၁၇%) မြင့်တက်လာပြီး  32S  ဝါချည်ခင် ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀၃၈၃)ဖြစ်ပြီး ယခုလဆန်းပိုင်းထက် (၀.၀၇%) မြင့်တက်လာကြောင်း၊ မကြာသေးမီအချိန်အတွင်း ဝါ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရာ ကုန်သည်များက ဈေးပို ပေး၍ ဝယ်ယူလိုလာသည်ကိုတွေ့ရသကဲ့သို့ Zheng ဝါအမျိုးအစားမှာ အတက်ဖက်တွင် ရှိနေပြီး နိုင်ငံခြားဝါအမျိုးအစားမှာလည်းဈေးမြင့်တက်လာကြောင်း၊ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ICE ဝါ အရောင်းမှာ တစ်ပေါင်လျှင်(၁၁၆.၀၂)ဆင့်ဖြစ်ပြီး နိုင်ငံတကာ ဝါ ဈေးနှုန်းအညွှန်းကိန်း(M)မှာ တစ်ပေါင်လျှင်(၁၃၁.၄၀)ဆင့်ဖြစ်သဖြင့် ယခင်ရက်သတ္တပတ်ထက် မြင့်တက်လာခြင်းဖြစ်သော် လည်း ဝါချည်ခင်နှင့်ကုန်ချောထုတ်သည့်လုပ်ငန်းများဘက်မှအမြတ်အစွန်းရရှိမှုမှာ ကျဆင်းလာပြီး ကုန်ထုတ်လုပ်ငန်းကွင်းဆက်မှာ အထစ်အငေါ့များဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် ထုတ်လုပ်သူ အများစု၌ အမှာစာများမလုံလောက်ဖြစ်နေပြီး ကျင်းစုနှင့် ကျဲ့ကျန်းပြည်နယ်များမှ ရက်ကန်းစက်ရုံ များ၊ပန်းရိုက်နှင့်ဆိုးဆေးစက်ရုံများမှာ ဇန်နဝါရီလလယ်ခန့်မှစ၍ နွေဉီးရာသီပွဲတော် အားလပ်ရက် သတ်မှတ်ရန်စီစဉ်နေကြခြင်း၊ ကပ်ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် အဝတ်အထည်ဝယ်လိုအား နည်းလာခြင်းတို့ကြောင့် ရေတိုကာလတွင် ဝါဈေးကွက်မှာဈေးနှုန်းအမြင့်ပိုင်း၌ပင် အတက်အကျ ဆက်လက်ဖြစ်ပေါ်နေနိုင်ဖွယ်ရှိသော်လည်း ရေရှည်တွင် ပြန်လည်ကျဆင်းနိုင် ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့စီးပွား‌‌ရေးသံမှူးပေးပို့သည့်သတင်း)

ပန်းသီးနှင့်သစ်တော်သီးတင်ပို့မှုမြင့်တက်နိုင်ရန်အလားအလာရှိ

          တောင်အာဖရိကနိုင်ငံ၏ ပန်းသီးနှင့်သစ်တော်သီးများသည်  ယခုနှစ်ရာသီချိန်၌ မှတ်တမ်း တင်ပမာဏများစွာတင်ပို့နိုင်မည့်အခြေအနေရှိပြီး ပန်းသီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၄၇.၄၇ သန်း(၆%)၊ သစ်တော်သီးတင်ပို့နိုင်မှုအတွက် စက္ကူပုံးပေါင်း ၁၉.၈၃ သန်း (၈%) တိုးမြှင့်တင်ပို့နိုင်ရန် ခန့်မှန်းထားသဖြင့် ၂၀၁၉ ခုနှစ်သီးနှံတင်ပို့မှုထက် ကျော်လွန်တင်ပို့နိုင်ရန် ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ Hortgro လုပ်ငန်းမှ Jacques du Preez က ယခုနှစ်ရာသီအတွက် ပန်းသီးနှင့်သစ်တော်သီးသည် အလားအလာများစွာကောင်းမွန်သောသီးနှံများဖြစ်ရာ ၂၀၂၂ ခုနှစ်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  များစွာဆွတ်ခူးနိုင်ရန်မျှော်မှန်းထားကြောင်း၊ ယခင်နှစ် မိုးရေနှင့် အစိုဓါတ် လုံလောက်စွာရရှိမှုသည် စိုက်ပျိုးထုတ်လုပ်သူများအတွက်  လုံလောက်သောစိုက်ပျိုးရေ ရရှိခဲ့ခြင်းဖြစ်သဖြင့်  အသီးများစွာသီးနိုင်သည့် အခြေအနေရရှိခဲ့ကြောင်း၊ လက်ရှိရာသီဥတု ကောင်းမွန်နေမှုသည် သီးနှံကောင်းမွန်ပြီး အရည်အသွေးရှိသည့် သစ်သီးများရရှိမည့်အခြေအနေရှိသော်လည်း နွေဉီးရာသီ အအေးဓါတ်ပိုမှုနှင့် နွေရာသီအစောပိုင်း အပူချိန်မြင့်တက်မှုသည် အသီးအရွယ်ပမာဏကို ထိခိုက်နိုင်သည်ဟုပြောကြားထားကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်သီးအရည် အသွေးကောင်းမွန်နိုင်ရန် အကောင်းမြင်လျက်ရှိကြောင်း၊ ပန်းသီးဆွတ်ခူးသည့် ကုမ္ပဏီအချို့က ပန်းသီး ၆ % -၉ % နှင့် သစ်တော်သီး ၈%-၂၀% တိုးမြှင့်ဆွတ်ခူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ တောင်အာဖရိကနိုင်ငံပန်းသီးအတွက် အကြီးဆုံးဈေးကွက်များသည် အရှေ့ပိုင်းဒေသ၊ အရှေ့တောင် အာရှနှင့်အရှေ့အလယ်ပိုင်းဒေသများဖြစ်ပြီး သစ်တော်သီးမှာ အနောက်နိုင်ငံများ၏ ဈေးကွက်အပေါ်များစွာမှီခိုရလျက်ရှိကြောင်း၊ မကြာသေးမီကကြေငြာခဲ့သော တောင်အာဖရိကနိုင်ငံ၏ သစ်တော်သီးများကို တရုတ်နိုင်ငံအတွင်းရောင်းချနိုင်ရေးခွင့်ပြုချက်ရရှိခြင်းသည်အရှေ့ပိုင်းဒေသသို့ ပိုမိုမြှင့်တင် တင်ပို့နိုင်ရန်အတွက် မျှော်မှန်းချက်ထားရှိနိုင်ရေးပင်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)