Main menu

ဗီယက်နမ်နိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်အမွှေးအကြိုင်များ၏ ဈေးနှုန်းမှာ အသားဈေးနှုန်းနှင့် တန်းတူမြင့်တက်လာ

Powered by Drupal

        မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အချို့သော ဟင်းခတ်အမွှေးအကြိုင်များ၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၅၀,၀၀၀ အထိ ရောက်ရှိလာကာ အသားအမျိုးအစားများစွာ၏ ဈေးနှုန်းနှင့် တန်းတူဖြစ်လာကြောင်း သိရသည်။

     ဟိုချီမင်းမြို့ရှိ Xom Moi၊ Thach Da၊ Pham Van Bach နှင့် Pham Van Hai ဈေးများအပြင် ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် လေ့လာချက်အရ နံနံပင်ဈေးနှုန်းမှာ ပြီးခဲ့သည့် သီတင်း ပတ်က တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၉၀,၀၀၀ အထိသာ ရှိခဲ့သော်လည်း ယခုအခါ အမျိုးအစားအလိုက် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။  ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အရောင်းဆိုင်တိုင်းတွင် အဆိုပါဟင်းသီးဟင်းရွက်များကို ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။  ထို့ပြင် ယခင်က ဝယ်ယူသူများအနေဖြင့် ဗီယက်နမ်ဒေါင် ၁,၀၀၀ မှ ၂,၀၀၀ ဖိုးအထိသာ ဝယ်ယူနိုင်ခဲ့သော်လည်း ယခုအခါ အနည်းဆုံး ၅,၀၀၀ မှ ၁၀,၀၀၀ ဒေါင်ဖိုးအထိ ဝယ်ယူရတော့ကြောင်း သိရသည်။

        နံနံပင် ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ ဒေါင် အထိ ရှိလာသဖြင့် အသားအမျိုးအစားများစွာနှင့် ဈေးနှုန်းတူညီလာသည်။ လက်ရှိတွင် ဝက်သားဈေးနှုန်းမှာ တစ်ကီလို ဂရမ်လျှင် ၉၀,၀၀၀ မှ ၁၄၀,၀၀၀ ဒေါင်အထိရှိပြီး ဝက်နံရိုးနှင့် ဝက်ဗိုက်သား တို့မှာ ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ ဒေါင်အထိ ရှိသည်။ မွေးမြူရေးကြက်သားမှာ ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ဒေါင်အထိရှိပြီး လွှတ်ကျောင်းမွေးမြူထားသည့် ကြက်သားမှာ ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ ဒေါင်အထိ ရှိကြောင်း သိရသည်။ ကြက်သွန်မြိတ်၊ ပင်စိမ်းတို့၏ ဈေးနှုန်းများလည်း တစ်ကီလိုဂရမ်လျှင် ၇၀,၀၀၀ မှ ၉၀,၀၀၀ ဒေါင်အထိ မြင့်တက်လာခဲ့ပြီး ယခင်သီတင်းပတ်နှင့် ယခင်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

       ဟင်းခတ်အမွှေးအကြိုင်များသာမက အရွက်စားဟင်းသီးဟင်းရွက်အများအပြား၏ ဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ဆလတ်ရွက်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၀,၀၀၀ မှ ၈၀,၀၀၀ ဒေါင်အထိ ရှိလာပြီး လွန်ခဲ့သည့်တစ်လခန့်ကထက် နှစ်ဆမြင့်တက်လာကာ ယခင်နှစ်ကာလတူထက်လည်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနွယ်ရွက်နှင့် ပန်းဂေါ်ဖီတို့၏ ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လထက် ၃၀ မှ ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးထုတ်လုပ်ရာဒေသများတွင် ရက်ပေါင်းများစွာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် လက်လီဈေးများ၌ ဟင်းသီးဟင်းရွက်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။ မြေနိမ့်ပိုင်းစိုက်ခင်းများမှာ ရေလွှမ်းနေပြီး မြင့်သောနေရာရှိ စိုက်ခင်းများတွင်လည်း ရေဝပ်နေသဖြင့် အပင်များ၏ အမြစ်များ အောက်ဆီဂျင်မရတော့ဘဲ ကြီးထွားမှုနှေးကွေးခြင်း၊ အပင်သေဆုံးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)