Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်နှင့် ဆက်စပ်ပစ္စည်း တင်ပို့မှုမြင့်တက်

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်၊ အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားသုံးပစ္စည်းများ တင်ပို့မှုတန်ဖိုးသည် ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁၃.၁၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာအရ သိရသည်။

    ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကာလအတွင်း အထည်ချုပ်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉.၂၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အထည်အလိပ် တင်ပို့မှုတန်ဖိုးမှာလည်း ၂၁.၅ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာကာ ဒေါ်လာ ၆၁၄ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

         အလားတူ ဖိနပ်တင်ပို့မှုတန်ဖိုးသည် ၈ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁.၆၆ ဘီလီယံရှိ ခဲ့ကာ ခရီးသွားသုံးပစ္စည်းများ တင်ပို့မှုတန်ဖိုးမှာလည်း ၇.၆ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁.၆၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

        ကုန်ထုတ်လုပ်မှုကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်ပြီး နိုင်ငံခြားငွေ အများဆုံးရရှိစေသည့် ကဏ္ဍလည်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၏ စုစုပေါင်းပို့ကုန်တန်ဖိုးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍက ၄၈ ရာခိုင်နှုန်းနီးပါး ပါဝင်လျက်ရှိကြောင်း သိရသည်။

         ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်ရှိ တရုတ်-အာဆီယံလေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က ယခုကဲ့သို့ တင်ပို့မှုတိုးတက်လာခြင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၏ မဟာဗျူဟာမြောက် ကုန်သွယ်ရေးမိတ်ဖက်ဆက်ဆံမှုများကြောင့်ဖြစ် ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) တွင် ပါဝင်ခြင်းအပြင် တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ ချုပ်ဆို ထားခြင်းကြောင့် ဈေးကွက်ဝင်ရောက်နိုင်မှုနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်၏ ထိရောက်မှု တို့ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

       တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆက်လက်ဝင်ရောက်လာခြင်းနှင့် ပြည်ပဈေးကွက်ဝယ်လိုအား ခိုင်မာနေခြင်းတို့ကြောင့် အထည်ချုပ်နှင့် ဆက်စပ် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တိုးတက်မှုလမ်းကြောင်းသည် ဆက်လက်တည်ရှိနိုင်ခြေ မြင့်မားကြောင်း ၎င်းက Xinhua သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

    ကမ္ဘောဒီးယား အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အရေးပါသည့် အဆိုပါကုန်ထုတ်လုပ်မှုကဏ္ဍတွင် စက်ရုံနှင့် ဌာနခွဲပေါင်း ၁,၈၀၀ ကျော်ရှိပြီး အလုပ်သမား ၁.၁ သန်းခန့်ကို အလုပ်အကိုင်ပေးထားသည်။ ယင်းအလုပ်သမားများအနက် အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)