Main menu

လျှပ်စစ်ထောက်ပံ့ကြေး ရူပီး ၇၃ ထရီလီယံအထိ လျှော့ချနိုင်မည့် အင်ဒိုနီးရှား

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် စီမံကိန်းကို အကောင်အထည်ဖော်ပြီးစီးပါက အစိုးရ၏ လျှပ်စစ်ထောက်ပံ့ကြေး ရူပီး ၇၃ ထရီလီယံ (အမေရိကန်ဒေါ်လာ လေးဘီလီယံ) အထိ လျှော့ချနိုင် မည်ဖြစ်ကြောင်း Downstreaming နှင့် စွမ်းအင်ကူးပြောင်းရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးနှင့် စွမ်းအင်နှင့် သတ္တုသယံဇာတဝန်ကြီး Bahlil Lahadalia က ပြောကြားကြောင်း သိရသည်။

         အဆိုပါစီမံကိန်းကို West Java၊ East Java၊ Bangka Belitung နှင့် Riau Islands ဒေသတို့တွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၄ ရုံ စတင်တည်ဆောက်ခြင်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

         Jakarta မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကျင်းပသည့် Investor Daily Summit အခမ်းအနား၌ Bahlil Lahadalia က စီမံကိန်းပြီးစီးပါက နိုင်ငံတော်ဘတ်ဂျက်မှ လျှပ်စစ်ထောက်ပံ့ ကြေးပေးအပ်ရသည့် ပမာဏကို ရူပီး ၇၀ ထရီလီယံမှ ၇၃ ထရီလီယံအထိ လျှော့ချနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါစီမံကိန်းသည် လျှပ်စစ်ထောက်ပံ့ကြေးအတွက် ရူပီး ၂၀၀ ထရီလီယံ ခွဲဝေသုံးစွဲထား ရသည့် နိုင်ငံတော်ဘတ်ဂျက်အပေါ် ဖိအားကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းပြဿနာကို ဖြေရှင်းရန် လျင်မြန်စွာ တုံ့ပြန်နိုင်သည့် ဆန်းသစ်တီထွင်မှုများ လိုအပ်ကြောင်းလည်း ၎င်းက အလေးထားပြောကြားကြောင်း သိရသည်။

        အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ဆိုလာလျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ရေး မဟာဗျူဟာစီမံကိန်းကို ဩဂုတ် ၂၅ ရက်တွင် Bali ပြည်နယ်၊ Jembrana ရှိ Gilimanuk Operations Monument ၌ စတင်ကြေညာခဲ့ကြောင်း သိရသည်။

          စီမံကိန်းစတင်ခြင်းအခမ်းအနားကို Gilimanuk ၌ ကျင်းပခဲ့သည့်အပြင် Central Java ပြည်နယ်၊ Wonogiri ရှိ Gajah Mungkur ရေပေါ်ဆိုလာလျှပ်စစ်စက်ရုံ၊ Riau Islands ဒေသ၊ Batam ရှိ Sembur ကျေးရွာဆိုလာလျှပ်စစ်စက်ရုံနှင့် Bangka Belitung ဒေသရှိ Rengit ကျွန်းဆိုလာလျှပ်စစ်စက်ရုံတို့တွင်လည်း အွန်လိုင်းမှတစ်ဆင့် တစ်ပြိုင်နက် ကျင်းပခဲ့ကြောင်း သိရသည်။

    သုံးနှစ်အတွင်း ဆိုလာလျှပ်စစ်ဓာတ်အား ၁၀၀ ဂီဂါဝပ် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး ယင်းလုပ်ငန်းကို အလေးအနက်ထား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သမ္မတ Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရသည်။

        ယင်းရည်မှန်းချက် ပြည့်မီပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စွမ်းအင်ဖူလုံမှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ လက်ရှိတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘူမိအပူစွမ်းအင်တို့မှ စုစုပေါင်း ၈၈ ဂီဂါဝပ် ရှိကြောင်း သိရသည်။

        ဆိုလာလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက ဆောင်ရွက်နေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်သည့် အလားအလာ ၃,၂၉၄ ဂီဂါဝပ်အထိ ရှိနေကြောင်း အသိအမှတ်ပြုထားသည့်အတွက် ဖြစ်ကြောင်း သမ္မတက ရှင်းလင်းပြောကြားသည်။ ယင်းအစီအစဉ်သည် လက်ရှိ ၁ ဒသမ ၅ ဂီဂါဝပ်သာရှိသည့် တပ်ဆင်ပြီးဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

        ထို့ပြင် စွမ်းအင်ဖူလုံမှုရရှိရေး ရည်မှန်းချက် အောင်မြင်စေရန် Red and White Cabinet အဖွဲ့ဝင်များ၊ Danantara Indonesia၊ နိုင်ငံပိုင်လျှပ်စစ်လုပ်ငန်း PT PLN နှင့် နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina တို့အနေဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပံ့ပိုးပေးကြရန် သမ္မတ Prabowo Subianto က တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)