Main menu

ဆိပ်ဖြူမြို့နယ်ရှိ ကြက်သွန်နီ (မျိုးစေ့အနှံယူ) စိုက်ပျိုးမှုအခြေအနေနှင့် သီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်စဉ် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။ ကြက်သွန်နီ (မျိုးစေ့အနှံယူ)စိုက်ခင်းများကိုလည်း နိုဝင်ဘာလမှစတင်ပြီး ကိုင်းကျွန်းမြေမာများတွင် ရေသွင်းရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ ဒေသခံပြည်သူများသည် ဈေးကွက်ခိုင်မာပြီး ပြည်တွင်းပြည်ပသုံးစွဲမှုများ၍ ရောင်းလိုအား/ ဝယ်လိုအားကောင်းသည့် ကြက်သွန်နီ(ဥ)ယူ စိုက်ပျိုးမှုများပြီး မျိုးစေ့အနှံယူစိုက်ပျိုးမှုကို တောင်သူအများစုသည် မိမိစိုက်ခင်းတွင် ပြည်လည်စိုက်ပျိုးရန်အတွက် မျိုးအဖြစ်သာ ကြက်သွန်နီပိဿာ (၂၀မှ ၅၀)ပိဿာခန့် တစ်နိုင်တစ်နိုင်စိုက်ပျိုးမှုများပြီး စီးပွားဖြစ်စိုက်ပျိုးတောင်သူနည်းကြောင်းသိရှိရသည်။

     မျိုးစေ့အနှံယူစိုက်ပျိုးမှုအခြေအနေကိုသိရှိရန်အတွက် မြို့ပေါ်ရှိ စိုက်တောင်သူနှင့်တွေ့ဆုံမေးမြန်းရာတွင် စိုက်တောင်သူက နှစ်စဉ်မျိုးစေ့ယူစိုက်ခင်းများကို စီးပွားဖြစ်စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် တစ်ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ မျိုးဥတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့်ဝယ်ယူရပြီး ပိဿာ(၄၀၀)ခန့်ကုန်ကျကြောင်း၊ နိုဝင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး မတ်လတွင် အနှံယူဆွတ်ခူးကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် အပင်ပေါက်စုံပြီး ရာသီဥတုကောင်း၍ ဖျက်ပိုးကင်းပါက မျိုးစေ့အထွက်(၅)တင်းမှ (၇)တင်းအထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ကုန်ကျကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီချိန်တွင် မိုးရွာသွန်းမှုများ၍ မြေပြင်ဆင်မှုများခြင်း၊ သွင်းအားစုအမျိုးမျိုး၊ ပိုးသတ်ဆေး၊ အလုပ်သမားခ၊ စက်ဆီဈေးနှုန်းများမြင့်တက်ခြင်းတို့ကြောင့် တစ်ဧကလျှင် ကျပ်သိန်း (၄၀)ခန့်ကုန်ကျမည် ခန့်မှန်းကြောင်းသိရှိရသည်။

      စိုက်တောင်သူက ယခင်နှစ်တွင် တစ်ဧကစိုက် ကြက်သွန်နီမျိုးစေ့ (၆)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာသီချိန် အောက်တိုဘာလတွင် မျိုးစေ့အဝယ်လိုက်လာ၍ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁)သိန်းရောင်းချရပြီး နိုဝင်ဘာလဆန်းတွင် မိုးရွာသွန်းမှုကြောင့် ပျိုးခုံများပျက်စီးမှုများ၍ ဒေသတွင်းမျိုးစေ့ရှားပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာပြီး တစ်ပြည်လျှင် ကျပ်(၁၃၀၀၀၀)၊ တစ်တင်းလျှင် ကျပ် သိန်း(၂၀)ခန့်ဖြင့် ဈေးအမြင့်ဖြင့်ရောင်းချရကြောင်း၊ ယခင်နှစ်တွင် တစ်ဧကစိုက်လျှင် ကျပ်သိန်း(၁၀၀)ခန့်ဝင်ငွေရရှိပြီး ကုန်ကျစရိတ်မှာ သိန်း(၃၀)ဖြစ်၍ ကျပ်သိန်း(၇၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ဒေသတွင်းကြက်သွန်နီဈေးကွက်အပေါ်မူတည်ပြီး မျိုးစေ့ဈေးကွက်မှာလည်း နှစ်စဉ်ပြောင်းလဲမှုရှိကြောင်း၊ ယခုနှစ်တွင် မျိုးစေ့ဈေးကွက်ကောင်း၍ စိုက်တောင်သူနှင့် စိုက်ဧကများမှာ ယခင်နှစ်ထက်များလာကြောင်း၊ ယခုနှစ်တွင်လည်း အကျိုးအမြတ်များစွာရရှိရန်မျှော်လင့်ကြောင်း ဒေသခံ ကြက်သွန်နီ (မျိုးစေ့အနှံယူ) စိုက်တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)