Main menu

တောင်ငူမြို့၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောကုန်များရောင်းချ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

        တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ကျောက်ဖရုံသီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ ဘူးသီးတစ်လုံးလျှင် ၈၀၀ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကုလားအော်သီး ၁၀ကျပ်သားလျှင် ၅၀၀ကျပ်၊ နံနံပင် ၁၀ကျပ်သားလျှင် ၄၀၀ကျပ်၊ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ၇၀၀ကျပ်၊ သင်္ဘောသီးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းချပေးပါသည်။

      ထို့အတူ ရုံးပတီသီး၊ ပဲသီး၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ မုံလာရွက်၊ ကန်စွန်းရွက်၊ ကင်မွန်းချဉ်ရွက် စသည့်ဟင်းသီးဟင်းရွက်များကိုလည်းရောင်းချပေးလျက်ရှိရာ စိုက်ခင်းများမှ တိုက်ရိုက်လာရောက်ရောင်းချခြင်းဖြစ်သဖြင့် လတ်ဆတ်သည့်အပြင် ဈေးနှုန်းလည်းချိုသာသောကြောင့် ဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် တိုက်ရိုက်အရောင်းဈေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများကကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)