Main menu

ပြည်ဘူးညွန့်ရှားပါး၍ ဈေးမြင့်

Powered by Drupal

     ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်ဈေးကွက်သို့ ဘူးညွှန့်များ ပြည်မြို့အနီးတဝိုက်ရှိ ချောင်းနားတန်းရွာ၊ မှော်ဇာရွာတို့မှသာ ဝင်ရောက်မှုရှိနေပြီး ယခင်မိုးတွင်းကာလတွင် နေ့စဉ်အဝင်ရှိခဲ့ပေမယ့် ယခုဆောင်းတွင်းကာလရှားပါးချိန်တွင် ရက်ခြားသာအဝင်ရှိတော့ကြောင်း သိရပါသည်။ ဘူးညွန့် တစ်စည်းတွင် ၅ညွန့်ပါဝင်ပြီး တစ်ကြိမ်လျှင် ဘူးညွန့် ၃၀စည်းခန့် အဝင်ရှိကြောင်း သိရပါသည်။

   ဘူးသီးပင်၏အရွက်ဖြစ်သော ဘူးညွန့်သည် နွယ်တက်တက်ပြီး အစိမ်းရောင် အရွက်ဖားဖားနှင့် ရိုးတံတွင် အဖြူရောင် အမွှေးပါးပါးလေးများပါရှိပြီး အရသာမှာ လက်ဆတ်ချိုကာ ဘူးညွန့်ကို ပြည်ဒေသတွင် ဘူးညွန့်ကြော်ချက်ဟင်းချို၊ ငပိ၊ ငရုတ်သီးစိမ်းတို့နှင့်တွဲ၍ ဘူးညွန့်အစပ်ကြော်ခြင်း၊ ဘူးညွန့်ကို ငပိချက်၊ ငပိရည်တို့နှင့်ပြုတ်တို့ခြင်း စသဖြင့် စားသုံးလေ့ရှိပါသည်။ ဘူးညွန့်တွင် အမျှင်ဓါတ်ကြွယ်ဝခြင်းကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာခြေစနစ်ကောင်းမွန်ကာ အူမကြီးကိုလည်း သန့်စင်စေခြင်း၊ ခန္ဓာကိုယ်အပူငြိမ်းစေပြီး ရေဓါတ်ကိုလည်း အကောင်းဆုံး ဖြည့်ပေးနိုင်ခြင်း ၊ ဘူးညွန့်တွင် အမျှင်ဓါတ်အပြင် ဗီတာမင် A,B,C,E,K၊ သံဓါတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ ကာဗွန်ဟိုက်ဒရိတ်၊ ကယ်ဆီယမ်နှင့် ပရိုတင်းဓါတ်တို့ပါဝင်သည့်အတွက် ဝိတ်ကျစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို သက်သာစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုပြေလျော့စေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုရနိုင်ပါသည်။ ဘူးညွန့်ကို အလွန့်အကျွံစားသုံးလျှင် အအေးစာဖြစ်သည့်အတွက် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ကြောင်းလည်း သတိပြုရမှာဖြစ်ပါသည်။

    ပြည်ဈေးကွက်အတွင်း ဘူးညွန့်မှာအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ယခုဆောင်းရာသီရှားပါးချိန်တွင် ၅ပင်စည်း ၁စည်းလျှင်ကျပ် ၅၀၀ခန့်နှုန်းဖြင့် ရောင်းဝယ်မှုရှိနေကာ ယခင်မိုးရာသီ ဘူးညွန့်ပေါများချိန်တွင် ၁စည်းကို ကျပ် ၂၅၀-၃၀၀ နှုန်းတို့ဖြင့် ရောင်းချမှုရှိခဲ့ကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)