Main menu

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ဩစတြေးလျနိုင်ငံ
ဩစတြေးလျအစိုးရက စီးပွားရေးလုပ်ငန်းများအတွက် အပိုဆောင်းအကူအညီပေးအပ်ခြင်း
ဩစတြေးလျအစိုးရသည် ကုန်စည်စီးဆင်းမှုကို ထိန်းသိမ်းရန် ဩစတြေးလျစီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံတကာ ဝယ်လက်များအကြား အဓိကအရေးပါသည့် လေကြောင်းပို့ဆောင်မှု ဆိုင်ရာချိတ်ဆက်မှုများကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် အေဒေါ်လာ(၂၆၀.၉)သန်း အပိုဆောင်း ထောက်ပံ့လိုက်ခြင်းကို အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုး တက်မှုဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနတို့၏၂၇.၈.၂၀၂၁ ရက်နေ့ ပူးတွဲသတင်း ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့ကြောင်း၊ အစိုးရသည် အေဒေါ်လာ(၁.၀၄)ဘီလီယံကို ဩစတြေးလျ စီးပွားရေးလုပ်ငန်းများနှင့် တင်ပို့သူများအတွက် International Freight Assistance Mechanism (IFAM) အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြင့် နိုင်ငံတကာဖောက်သည်များက အမျိုးမျိုးသော ဩစတြေးလျ ထုတ်ကုန်များကို လက်လှမ်းမှီအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးက IFAM အစီအစဉ်ကို တိုးချဲ့‌ဆောင်ရွက်ခြင်းသည် ဩစတြေးလျ စီးပွားရေးလုပ်ငန်းအနေဖြင့် ကမ္ဘာ့အသွင်သစ် ထောက်ပံ့မှုကွင်းဆက်နှင့် လိုက်လျောညီထွေမှုရှိသည့် အရေးပါသောဈေးကွက် များသို့ ရောက်ရှိနိုင်မှုကဆက်လက်သေချာစေပြီး ဒေသတွင်းရှိ ဩစတြေးလျ လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် ရင်းမြစ်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများအတွက် အသက်သွေးကြောဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
IFAM အစီအစဉ်၏ အဓိကအင်္ဂါရပ်မှာ နိုင်ငံတကာ လေကြောင်းသယ်ယူပို့‌ဆောင်ရေး လုပ်ငန်းများအတွက် သယ်ယူပို့‌ဆောင်ရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာအထောက်အပံ့များပေးခြင်း၊ လေ ကြောင်းလိုင်းများနှင့်စေ့စပ်ညှိနှိုင်းခြင်း၊ ကုန်စည်ရှင်းလင်းရာတွင် လွယ်ကူချောမွေ့စေရန် ပြည်နယ် နှင့်နယ်မြေအလိုက် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါ ပျံ့နှံ့မှုကာလအတွင်း ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်များအတွက် ပွင့်လင်းမြင်သာမှု ပိုမိုတိုးတက်လာ‌စေခြင်းတို့ဖြစ် ကြောင်း၊ ယခုအစီအစဉ်သည် ဆေးပစ္စည်းကဲ့သို့သော အရေးပါသည့် ကုန်စည်စီးဆင်းမှုကို သေချာ စေသကဲ့သို့ ဩစတြေးလျစီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအတွက် အခြား မရှိမဖြစ်ကုန်စည် များ၏ကုန်စည်စီးဆင်းမှုကိုပါ သေချာမှုရှိစေသည်ဟု ပြောကြားထားကြောင်း၊လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဝန်ကြီးက ယခု အပိုဆောင်းထောက်ပံ့မှုမှာ ဩစတြေးလျ လယ်ယာစိုက်ပျိုးထုတ်လုပ် သူများအတွက် အဓိကအောင်မြင်မှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်များသို့ အရည်အသွေးမြင့် ကုန်စည်များ စဉ်ဆက်မပြတ်ဝင်ရောက်ရေးကို ပိုမိုသေချာစေပါကြောင်း၊ ၎င်းတို့အနေဖြင့် ရှိပြီး သား နိုင်ငံတကာဝယ်လက်များနှင့် ဆက်လက်ချိတ်ဆက်နေခြင်းက ၎င်းတို့၏လုပ်ငန်းလည်ပတ်မှု ကို ထိန်းသိမ်းနိုင်သည့်အပြင် ထိပ်တန်းအရည်အသွေးရှိ ထုတ်ကုန်များကို ထောက်ပံ့နိုင်သည့် စိတ်ချရသောထောက်ပံ့သူများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ကင်ဘာရာမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
အိန္ဒိယဆန်တင်ပို့မှုလျော့ကျဖွယ်ရှိခြင်း
နိုင်ငံတကာ ဆန်ဈေးကွက်အတွင်း ဗီယက်နမ်၊ ထိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန် ဈေးနှုန်းများကျဆင်းလျှက်ရှိပြီး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်မှုနှင့် အတူ ကုန်သေတ္တာများ လွယ်ကူစွာရရှိမှုမရှိခြင်းတို့က ၂၀၂၁-၂၀၂၂ ခုနှစ် အိန္ဒိယ၏ ပြည်ပသို့ ဆန် တင်ပို့မှုအပေါ် အကျိုးသက်ရောက်ဖွယ်ရှိနေကြောင်း၊ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA)ဥက္ကဋ္ဌ က လွန်ခဲ့သည့်(၂)လခန့်က မိုးရွာသွန်းမှုများကြောင့် ကုန်သေတ္တာများပို့ဆောင်နိုင်မှု မရှိသည့်အတွက် ယခုအခါ ကုန်သင်္ဘော (၁၅)စီးခန့်သည် အန္တရာပရာဒေ့ရှ်ပြည်နယ်ရှိ Kakinada ဆိပ်ကမ်း၌ စောင့်ဆိုင်းနေရကြောင်း၊ ဆိပ်ကမ်းများ၌ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများ ပြည့်ကျပ် များပြားလာမှုအပြင် သယ်ယူပို့ဆောင်မှုစရိတ်များကြီးမြင့်မှုက ပို့ကုန်လုပ်ငန်းရှင်များအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်းသိရှိရပါသည်။
အိန္ဒိယနိုင်ငံ၊ပြည်နယ်အများအပြားမှ စိုက်ပျိုးထွက်ရှိသည့် ဘာစမာတီမဟုတ်သောဆန် များတင်ပို့ရာတွင် အဓိကအားဖြင့် Kakinada ဆိပ်ကမ်းသို့ သယ်ယူပို့ဆောင်ရာ၌ ရထားပို့‌‌ဆောင် ရေးလုပ်ငန်းအပေါ် များစွာအမှီပြုလျှက်ရှိကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက်၌ ရောင်းလိုအား များ ပြားလျှက်ရှိမှုနှင့်စပ်လျဉ်း၍ ဗီယက်နမ်၊ ထိုင်းနှင့်ပါကစ္စတန်နိုင်ငံတို့သည် ဆန်ဈေးနှုန်းများကို လျှော့ချခဲ့ကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်၌ အိန္ဒိယထံမှ ဘာစမာတီမဟုတ်သော ဆန် များကို အဓိကဝယ်ယူသည့်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မေလ အထိသာ ဝယ်ယူခဲ့ပြီး ကုန် သေတ္တာများစေလွှတ်ပေးရမှုအပေါ် ဈေးနှုန်းလျှော့ချပေးရန် ဗီယက်နမ် သွင်းကုန်လုပ်ငန်းရှင်များ က လိုလားလျှက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် မေလတွင် အိန္ဒိယနိုင်ငံထံမှ ဝယ်ယူ တင်သွင်းမည့်ဆန်များအပေါ် အကောက်ခွန်အား ၅၀ % မှ ၃၅ % သို့ လျှော့ချပေးခဲ့သော်လည်း အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် တင်ပို့နိုင်မှုမရှိသေးကြောင်း၊ ဘာစမာတီမဟုတ်သော ဆန်များ အား သင်္ဘောပေါ်၌ ဝမ်းပုံစနစ်ဖြင့် တင်ပို့မှုရှိသော်လည်း ဘာစမာတီဆန် တင်ပို့မှု၏ ၈၀ % ခန့်မှာ ကုန်သေတ္တာဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်မှုစရိတ်များ ကြီးမြင့်မှုနှင့် ကုန် သေတ္တာများ အလွယ်တကူမရရှိနိုင်မှုတို့က ပို့ကုန်လုပ်ငန်းရှင်များအတွက် အဓိက ပြဿနာဖြစ်ပြီး အခြေအနေတိုးတက်မှုမရှိပါက ဘာစမာတီဆန်ပြည်ပတင်ပို့မှုသည်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တင်ပို့မှု အောက်၂၅ % ခန့် ကျဆင်းမည်ဟုခန့်မှန်းကြောင်းသိရှိရပါသည်။
ပင်လယ်နက်နိုင်ငံများမှ ပဲနီလေးများ တင်သွင်းခွင့်ပြုရေးတွန်းအားပေး
အိန္ဒိယနိုင်ငံ၌ ဥတာပရာဒေ့ရှ်ပြည်နယ် ရေွးကောက်ပွဲမတိုင်မီကာလအတွင်း ပဲမျိုးစုံ ဈေးကွက်တွင် ဈေးနှုန်းများတည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်ရန် ဗဟိုအစိုးရက ကြိုးပမ်းလျှက်ရှိ သော်လည်း ပဲနီလေးလက်လီအရောင်းဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၉၀ ရူပီးနှင့် အထက်သို့ရောက် ရှိပြီး ဖိအားများဖြစ်ပေါ်စေလျှက်ရှိကြောင်း၊ နိုင်ငံအနေဖြင့် ပြည်တွင်း ပဲနီလေးဈေးကွက် လိုအပ် ချက်အတွက် အလွန်အမင်းမှီခိုမှုပြုနေရသည့်နိုင်ငံများကိုလျှော့ချ၍ ပင်လယ်နက်ဒေသရှိ ရုရှားနှင့် ကာဇက်စတန်တို့ကဲ့သို့သောနိုင်ငံများထံမှ ဝယ်ယူတင်သွင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အိန္ဒိယ ပဲကုန်သည်များက တိုက်တွန်းပြောဆိုလျှက်ရှိကြောင်း၊ အိန္ဒိယ ပြည်တွင်း လက်ကား ဈေးကွက်၌ အရောင်တင်သန့်စင်မှု မပြုလုပ်ထားသော ပဲနီ‌လေးလုံးပြည့်၏ ဈေးနှုန်းမှာ ၁ ကီလိုဂရမ် လျှင် ၇၈ ရူပီးရှိပြီး အစိုးရက တောင်သူများထံမှ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေး ၁ ကီလို ဂရမ်လျှင် ၅၁ ရူပီးနှုန်းထက် များစွာမြင့်မားလျှက်ရှိကြောင်း၊ အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက ပြုစု ထားသည့်စာရင်းများအရ အိန္ဒိယတစ်နိုင်ငံလုံးအတွက် ပဲနီလေး၏ ပျမ်းမျှလက်လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ယခုနှစ် ဇန်နဝါရီလ၌ ၈၁ ရူပီးနှုန်းရှိရာမှ ဩဂုတ်လအတွင်း ၈၉ % သို့ မြင့်တက် လာကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်းတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ ဖြေလျှော့လျှက် ၆ လတာကာလအထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ ပဲနီလေးအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်အား ၃၀% မှ ၁၀% သို့လျှော့ချပေးခြင်း၊ ပဲမျိုးစုံလက်ဝယ်ထားရှိသိုလှောင်နိုင်မှုပမာဏကိုကန့်သတ်လျှက် ရောင်းဝယ်မှု လုပ်ငန်းကွင်းဆက်၌ ပါဝင်သူများ၏ကုန်လက်ကျန်ပမာဏကို အစိုးရ၏ စာရင်းဇယားစင်္ကြန်သို့ ထုတ်ဖော်တင်ပြစေခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ကြောင်း၊ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှု ကိန်း ဂဏန်းသည် အစိုးရနှင့်ကုန်သည်များအကြားကွာဟမှု ဖြစ်ပေါ်နေပြီး ထိုသို့ကွာဟချက်သည် ပဲမျိုးစုံ တင်သွင်းမှု မူဝါဒအား မကြာခဏပြောင်းလဲရန် အစိုးရအပေါ်သက်ရောက်မှုဖြစ်ပေါ်စေသည်အထိ ကြီးမားမှုရှိသည်ဟု ကုန်သည်အသိုင်းအဝိုင်းက ရှုမြင်လျှက်ရှိကြောင်းသိရှိရပါသည်။
လက်ရှိကာလတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပင်ရောဂါ ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ၏ နောက်ဆက်တွဲအစီအစဉ်၌ ပြည်တွင်းစားသုံးမှုအတွက် ပဲနီလေးတင်သွင်းရန်ခွင့်ပြုကြောင်း ဖော်ပြထားသည့်နိုင်ငံမှာ (၁၀) နိုင်ငံသာရှိပြီး ရုရှားနှင့်ကာဇက်စတန်နိုင်ငံတို့မှ တင်သွင်းနိုင်ရန်အတွက် အဆိုပါစာရင်းတွင်ပါဝင်ရန် လိုအပ်နေကြောင်း၊ အခြားတစ်ဖက်တွင် အကောက်ခွန်နှုန်းထားများ လျှော့ချခဲ့သော်လည်း ကနေဒါ နှင့်ဩစတြေးလျနိုင်ငံတို့မှ ပဲနီလေးပို့ကုန်ဈေးနှုန်းများကို မြှင့်တင်လျှက်ရှိသည်ဟု အိန္ဒိယကုန်သည် များကပြောဆိုလျှက်ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)
ဘယ်လ်ဂျီယံနိုင်ငံ
ရာသီဥတုဆိုးရွားမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းနိုင်ခြင်း
စွတ်စိုသောနွေဉီးရာသီဖြစ်ပေါ်ခဲ့ပြီး နွေရာသီကာလတစ်လျှောက်တွင်လည်း မိုးသည်း ထန်စွာ ရွာသွန်းခဲ့ခြင်းတို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများရိတ်သိမ်း/ထွက်ရှိမှုအပေါ်သက်ရောက်နိုင်ရာ နိုင်ငံ၏အဓိကသီးနှံဖြစ်သည့် အာလူး စိုက်ပျိုးထုတ်လုပ်မှုအပေါ်လည်း သက်ရောက်နိုင်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ ဖလန်းဒါးဒေသ၌ (၉၀%) ခန့်နှင့် ဝေါ်လိုနီးယားဒေသ၌ (၁၀%)ခန့် စိုက်ပျိုးထွက်ရှိသည့် သစ်တော်သီးများ၏ ယခုနှစ် အထွက်နှုန်းသည် ၂၀၂၀ ခုနှစ်ကထက် (၂၅%)လျော့နည်းနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ ပန်းသီး ထွက်ရှိမှုမှာ ပုံမှန်အခြေအနေတွင်ရှိမည်ဟုမျှော်မှန်းထားပြီး နိုင်ငံ၏ဟက်တာ(၁၀၀၀)ခန့် စိုက်ပျိုး မှုရှိသည့်ချယ်ရီသီးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခူးဆွတ်ချိန်တွင် ပျက်ဆီးမှုများရှိခဲ့သဖြင့် အထွက်နှုန်း အသင့်အတင့်သာရှိနိုင်သကဲ့သို့ ဆောင်းစိုက်မုယောစပါးအပါအဝင် အခြားကောက်ပဲ သီးနှံများ စိုက်ပျိုးထွက်ရှိမှုတွင်လည်းထိခိုက်ခဲ့ကြောင်း၊ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် သီးနှံ များထွက်ရှိမှုတွင် ၁၅% ခန့်ထိ ဆုံးရှုံးနိုင်ခြေရှိကြောင်း၊ သီးနှံထွက်ရှိမှု အရေအတွက်သာမက အရည်အသွေး ပိုင်းတွင်လည်းကျဆင်းနိုင်ကြောင်း၊ အစေ့အဆံများ၏အရည်အသွေးပိုင်းသည် လုံ လောက်သည့်စံနှုန်းသို့ မရောက်ရှိနိုင်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့၊စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)