
စားအုန်းဆီသည် ရာသီအလိုက် ၀ယ်လိုအား ပြန်လည်ကောင်းမွန်လာသည့်အတွက် အမြတ် အစွန်း ဆက်လက်ရရှိလျက်ရှိကြောင်း၊ စားအုန်းဆီ ကုန်သည်များသည် မလေးရှားရှိရေကြီးမှု အပါ အဝင် အာရှတစ်လွှားရှိ ထိပ်တန်း စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အခြားသောဒေသများကို အနီးကပ် စောင့်ကြည့်နေကြကြောင်း၊ အစောပိုင်းပွဲတော်နှင့်ဆက်စပ်၍ ၀ယ်လိုအား လှုပ်ရှားမှုများ အရှိန်မြင့် တက်လာပြီးနောက် စျေးကွက်အနေအထား ပိုမိုကောင်းမွန်လာကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Business Today သတင်းဌာနက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားသည်။
ပွဲတော်ရာသီ စားအုန်းဆီ ဝယ်ယူမှုမှာ စတင်ခဲ့ပြီဖြစ်သည်ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ် သည့် Kaleesuwari Intercontinental မှ ကုန်သွယ်မှုနှင့် စီမံခန့်ခွဲမှုမဟာဗျူဟာ၏ အကြီးအကဲ Gnanasekar Thiagarajan က ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးကာလနှင့် စားသုံး မှုများပြားမည့် ရာမာဒန်ဥပုသ်ကာလတို့ မတိုင်မီတွင် စားအုန်းဆီ သိုလှောင်မှုလက်ကျန် ပြန်လည် မြင့်မားလာပြီး စျေးနှုန်းများသည်လည်း ခိုင်မာမှုရှိမည်ဟု ၎င်းက မျှော်လင့်ထားသည်။
ယခုအခါ ရာသီဥတုအခြေအနေက ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးတို့ကို အချိန်ကိုက် ဆောင်ရွက်နိုင်ရန်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပေါ်ထွက်လာပြီဖြစ်သည်။ နေရာဒေသအနှံ့ မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများက စားအုန်းဆီထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေနိုင်ကြောင်း Thiagarajan က သတိပေးပြောကြားခဲ့သည်။ ရေကြီးမှုက ထောက်ပံ့ပို့ဆောင်ရေးနှင့် ဈေးကွက် လှုပ်ရှားမှုတို့ကို အဟန့်အတား ဖြစ်စေပြီး ဝယ်လိုအားသိသိသာသာမြင့်တက်လာသည့် အချိန်အခါ တွင် ရောင်းလိုအားကိုပါ လျော့ကျစေပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ရာသီဥတုကြောင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို ကြန့်ကြာစေသည့် ပိတ်ဆို့မှုများ အများဆုံးကြုံတွေ့နေရဆဲဖြစ်သည်။ ရေကြီးရေလျှံမှုများ ဆက် လက်ဖြစ်ပေါ်နေမည်ဆိုပါက ဆီအုန်းခြံမှ ထွက်ရှိလာသည့်စားအုန်းဆီများအား ပြန်လည် သန့်စင် ခြင်းနှင့် ဆိပ်ကမ်းများသို့ ပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ် လာနိုင်စေသည်။
ပွဲတော်ကာလ စားအုန်းဆီဝယ်လိုအား အားကောင်းမှုသည် ရာသီဥတုဒဏ်ခံရမှုကြောင့် ရောင်းလိုအား မတည်မငြိမ်ဖြစ်ပေါ်မှုနှင့် တိုက်ဆိုင်နေသောကြောင့် စျေးနှုန်းမတည်ငြိမ်မှု ဆက် လက်ရှိနေမည်ဟု မျှော်လင့်ရကြောင်း Kaleesuwari Intercontinental ကုမ္ပဏီမှ Gnanasekar Thiagarajan ၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။
Source: Business Today, December 2, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
