Main menu

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံသီးနှံဈေးကွက်အခြေအနေ
ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပြည်ပမှ ပြောင်းတန်ချိန် စုစုပေါင်း (၁.၅၉)သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅၀.၇၂၆)သန်းတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံစာရင်းများအရ ယခုနှစ်တွင် ပြောင်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၂၀)ခန့်ရရှိခဲ့ရာ ယခင်နှစ်ကထက် ပြောင်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၅)ခန့် ဈေးနှုန်းပိုမိုရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် (၁.၅၅)သန်း ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၄၂.၀၅၉)သန်း တင်ပို့နိုင်ခဲ့ရာ ဈေးကွက် ဝေစု၏(၉၇.၅၃%)ကိုရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြောင်းအများဆုံး တင်ပို့သည့် ထိပ်တန်းနိုင်ငံဖြစ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ပြောင်းစိုက်ပျိုးထွက်ရှိမှု၊ အစားအစာလိုအပ်ချက်၊ တိရစ္ဆာန်အစား အစာထုတ်လုပ်မှုလိုအပ်ချက် မြင့်မားနေမှုတို့ကြောင့် ၂၀၂၂ ခုနှစ် အတွက်လည်း ထိုင်းနိုင်ငံအနေဖြင့် ပြည်ပမှ ပြောင်းတင်သွင်းရန်လိုအပ်ချက် ဆက်လက် တည်ရှိ နေမည်ဟု ခန့်မှန်းရရှိကြောင်း၊ ထိုင်းနိုင်ငံသို့ AFTA အရ ၂၀၂၃ ခုနှစ်အထိ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်ထိ Form (D) ပူးတွဲ တင်ပြလျှက်အခွန်(၀%)ဖြင့် ပြောင်း တင်ပို့နိုင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလမှဇွန်လအထိ ပြည်ပမှ ကြက်သွန်နီ တန်ချိန် စုစုပေါင်း (၂၀၈၈၄)တန်အား တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၈.၂၇၅)သန်း ရှိခဲ့ကြောင်း၊ ၂၀၂၁နှစ်တွင် အများဆုံးတင်ပို့သောနိုင်ငံမှာ ဩစတြေးလျနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ သည် ဒုတိယအများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ကြက်သွန်နီတန်ချိန်(၈၂၁၀)၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ(၁.၈၂၆)သန်း ၊ ဈေးကွက်ဝေစု(၂၂.၀၇%) ရရှိနေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နှစ် အလိုက် ကြက်သွန်နီတင်သွင်းမှု အမေရိကန်ဒေါ်လာ(၂၀-၃၀)ခန့် အထိပျမ်းမျှရှိနေသဖြင့် ဈေးကွက် ဝယ်လိုအား အပြည့်အဝရှိနေကြောင်း၊ ထိုင်းနိုင်ငံသို့ AFTA အရ နှစ်စဉ် ဩဂုတ်လကုန်မှ အောက်တို ဘာလကုန်ထိ Form (D) ပူးတွဲတင်ပြလျှက် အခွန်(၀%)ဖြင့် ကြက်သွန်နီတင်ပို့နိုင်ကြောင်း သိရှိ ရပါသည်။
(ရင်းမြစ်-ဘန်ကောက်မြို့၊စီးပွားရေးသံမှူးပေးပို့သည့်သတင်း) (၁၁.၈.၂၀၂၁ ရက်နေ့ သတင်း)

အီးယူ၏ သီးနှံဈေးကွက်အလားအလာ
EU Agricultural Outlook 2018-2030 အရ အီးယူ၏ ဆန် စားသုံးမှုသည် အနည်းငယ် မြင့် တက်လာနိုင်ကြောင်း၊ ၂၀၃၀ ခုနှစ်အထိ တစ်နှစ်လျှင် ဆန်စားသုံးမှု(၀.၄%) တိုးလာနိုင်ကာ စုစုပေါင်း ဆန်စားသုံးမှု တန်ချိန်(၂.၈)သန်းသို့ ရောက်ရှိလာနိုင်ကြောင်း၊ အီးယူ၏ ဆန်စိုက်ပျိုး မြေ ဧရိယာမှာ (၄၂၀၀၀၀) ဟက်တာသို့ ကျဆင်းနိုင်ဖွယ်ရှိကြောင်း၊ အီးယူ၏ ပြည်တွင်းလိုအပ်ချက် ကို ပြည့်မီရန်အတွက် တင်သွင်းမှုအပေါ် မှီခိုရနိုင်ကြောင်း၊ အီးယူသို့ ဆန်တင်သွင်းမှု၏ (၆၀%)ကို EBA ခံစားခွင့်ရှိသည့်နိုင်ငံ များထံမှ အဓိကတင်သွင်းနိုင်ခြင်းကြောင့် ၎င်းနိုင်ငံများမှ တင်သွင်းမှုသည် တစ် နှစ်လျှင် (၆.၈%)အထိ တိုးလာနိုင်ကြောင်းသိရှိရပါသည်။
အီးယူတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာခြင်းနှင့် အီးယူ၏ စိုက်ပျိုးရေး ကဏ္ဍ၌ ပရိုတင်းသီးနှံများအပေါ် အာရုံထားလာခြင်းတို့သည် အီးယူ၏ပဲမျိုးစုံဈေးကွက်ကို မောင်းနှင် မည့် အနေအထားဖြစ်ကြောင်း၊အီးယူ၌ စိုက်ပျိုးထုတ်လုပ်မှုမရှိသည့် ပဲမျိုးများအတွက် ပြည်ပ တင်သွင်းမှုအပေါ် မှီခိုရနိုင်ကြောင်း၊တိရစ္ဆာန်အစာအဖြစ် သုံးစွဲခြင်းနှင့် လူစားသုံးရာ၌ အသုံးပြုခြင်း တို့ကြောင့် အီးယူ၏ ပဲမျိုးစုံဝယ်လိုအားသည် တစ်နှစ်လျှင် (၂%)ကျော်ဖြင့် ဆက်လက်တိုးတက်မည် ဟုခန့်မှန်းထားကြောင်း၊ Lentils နှင့် Chickpeas အပါအဝင် ပဲမျိုးစုံ ဝယ်လိုအားသည်လည်း သိသာစွာတိုးတက်လာနိုင်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးတက် လာသော်လည်း အီးယူသည် ပဲမျိုးစုံကို ပိုမိုတင်သွင်းရဖွယ်ရှိရာ အထူးသဖြင့် ကနေဒါနိုင်ငံမှ တင်သွင်းမှု ပိုမိုတိုးတက်လာနိုင်ကြောင်း သိရှိရပါသည်။
အီးယူ၏ ပြောင်း လိုအပ်ချက်ကြောင့် အီးယူတစ်ဝှမ်းရှိ ပြောင်းစိုက်ပျိုးဧရိယာကို တိုးချဲ့ သွားမည်ဖြစ်ရာ စိုက်ပျိုးဧရိယာ(၈.၈)ဟက်တာသန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အီးယူသည် ပြောင်းတန်ချိန်(၇၃)သန်း ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊၂၀၃၀ ပြည့်နှစ် တွင် အီးယူ၏ တိရစ္ဆာန် အစာအတွက် ပြောင်းထုတ်လုပ်မှုသည် သိသာစွာတိုးတက် လာဖွယ်ရှိရာ တင်သွင်းမှု အနေဖြင့် (၈%) တိုးတက်လာနိုင်ကြောင်း၊ အီးယူသို့ ပြောင်းတင်သွင်းမှု ဆက်လက် တိုးတက် နေ မည်ဖြစ်ပြီး အမေရိကဒေသနိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့မှ ပြောင်းတင်သွင်းမှုတိုးတက်လာနိုင် သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ဥရောပနိုင်ငံများ၌ မျိုးနွယ်စု/ဒေသရိုးရာအစားအစာများ(ဥပမာ-မြေထဲပင်လယ်ဒေသ အစားအစာ)အား ရေပန်းစားလူကြိုက်များလာခြင်း၊ သတ်သတ်လွတ်စားသုံးမှု အလေ့အထများ၏ ကျန်းမာရေး ကောင်းကျိုးကို ပိုမိုသိရှိနှစ်သက်လာကြကြောင်း၊ နှမ်း ကို ၎င်းအစားအစာများတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုမှု တိုးတက်လာနိုင်ခြင်းကြောင့် နှမ်းတင်သွင်းမှုလိုအပ်ချက် မြင့်မား လာနိုင်ကြောင်း၊ Fortune Business Insight ၏ သုံးသပ်ချက်အရ အီးယူ၏နှမ်းဈေးကွက် အရွယ် အစားမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၄၅.၉)သန်းခန့် ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် အမေရိကန်‌ဒေါ်လာ(၆၃၈)သန်းအထိ ခန့်မှန်း ထားကြောင်းသိရှိရပါသည်။
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များက စီးပွားရေးပြန်လည်နလန်ထူမှုကို ခြိမ်းခြောက်လျှက်ရှိခြင်း
ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်များ ကူးစက်ပြန့်ပွားမှုနှင့် ကမ္ဘာ့နိုင်ငံများ၌ ကာကွယ်ဆေး ထိုးနှံနိုင်မှုအခြေအနေ ကွာခြားချက်များကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည် နလန်ထူမှုကို ကျဆင်း စေနိုင်သည့်အလားအလာများရှိကြောင်း အီတလီနိုင်ငံ၌ ကျင်းပခဲ့သည့် G20 နိုင်ငံများ၏ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအကြားအစည်းအဝေးတွင် သတိပေးထားကြောင်း၊ မကြာသေးမီ ကာလများအတွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံနေမှုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများ ၏ မူဝါဒပိုင်း ပံ့ပိုးမှုများကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာ တိုးတက်လာခဲ့သော်လည်း ကပ် ရောဂါအကျပ်အတည်းသည် မပြီးဆုံးသေးကြောင်း ၎င်းအစည်းအဝေး၏ ထုတ်ပြန်ချက်တွင် သတိပေးထားကြောင်း၊ ကူးစက်မှုနှုန်းမြင့်မားသည့် Delta ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် အာရှနှင့် အာဖရိကဒေသများ၌ ကိုဗစ်၁၉ ကူးစက်မှုများ မြင့်တက်လျှက်ရှိပြီး ဥရောပနှင့် အမေရိကန်နိုင်ငံတို့၌လည်း ရောဂါကူးစက်မှု အရေအတွက် များပြားလာသဖြင့် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းဆောင်တာများ ပြန်လည်စတင်ခြင်းကို အဟန့် အတားဖြစ်စေကြောင်း၊အီးယူအပါအဝင်G-20 အဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉အကျပ်အတည်းမှ ၎င်းတို့၏ စီးပွားရေး ပြန်လည်ထူထောင်ရန် အတွက် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို သုံးစွဲခဲ့ကြပြီးဖြစ်သော်လည်း ကာကွယ်ဆေး ထိုးနှံနိုင်မှုတွင် မတူညီသည့်အခြေအနေများကြောင့် စီးပွားရေး ပြန်လည်နလန်ထူလာမှုသည် G-20 အဖွဲ့ဝင်နိုင်ငံများအကြား များစွာကွဲပြားနေကြောင်း၊ ကိုဗစ်၁၉ ကပ်ရောဂါ၏ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုများ အထူးသဖြင့် အမျိုးသမီးလုပ်သား၊ လူငယ်လုပ်သားနှင့် ကျွမ်းကျင်မှု နည်းသည့်လုပ်သားများအပေါ် သက်ရောက်မှုများအား ဖြေရှင်း‌ပေးနိုင်ရေးအတွက် လိုအပ်နေသည့် အချိန်ထိ ရနိုင်သမျှသော မူဝါဒပိုင်းတုံ့ပြန်မှုများ အားလုံးကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဟု G20 နိုင်ငံများ၏ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ဘရပ်ဆဲလ်မြို့၊စီးပွားရေးသံမှူးပေးပို့သည့်သတင်း) ၁၆.၈.၂၀၂၁ ရက်နေ့သတင်း
ပို့ကုန်သွင်းကုန်အပေါ် ကန့်သတ်တားမြစ်မှုဆိုင်ရာစည်းကမ်းချက်အသစ်များအား အိန္ဒိယအစိုးရ က ပြင်ဆင်ထည့်သွင်းခြင်း
အိန္ဒိယနိုင်ငံ၌ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ ၂၀၁၅-၂၀၂၀ အား ချမှတ်လျက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ သက်တမ်းတိုးမြှင့် ကျင့်သုံးဆောင်ရွက်လျက်ရှိရာတွင် ပို့ကုန်နှင့် သွင်းကုန် အပေါ် ကန့်သတ်ခြင်းနှင့် တားမြစ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဗဟိုအစိုးရသည် စည်းကမ်းချက် အသစ်များ ပြင်ဆင်ဖြည့်စွက်မှုကို လုပ်ဆောင်ခဲ့ပြီး၊ လက်ရှိကာလတွင် အဆိုပါ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ၏ စာပိုဒ်အမှတ် ၂-၀၇ ၌ စည်းကမ်းချက် ၉ ခုဖြစ်သည့် ပြည်သူများ၏ အကျင့်စာရိတ္တ ကာကွယ်ရေး၊ လူ၊ တိရစ္ဆာန်နှင့်အပင်များ၏ ကျန်းမာရေးနှင့် ရှင်သန်မှုတို့ကို ကာကွယ်ရေး၊ ကုန်အမှတ်တံဆိပ်နှင့် မူပိုင်ခွင့်တို့အား အကာအကွယ်ပေးမှုနှင့်အတူ လှည့်ဖြား လုပ်ဆောင်သည့် အလေ့အထများမှ ကာကွယ်ရေး၊ အကျဉ်သားများ၏ လုပ်အားကို အသုံးချမှုမှ ကာကွယ်ရေး၊သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်နှင့် အနုပညာလက်ရာများအား အကာအကွယ် ပေးရေး၊ကုန်ခမ်းလွယ်သည့် သဘာဝအရင်းအမြစ်များအား ထိန်းသိမ်းရေး၊ ဇီဝမျိုးပွားနိုင်သည့် အရာများ သို့မဟုတ် ဇီဝမျိုးပွားနည်းဖြင့် ထုတ်လုပ်ထားသည့် အရာများအား ကုန်သွယ်ခြင်းမှ ကာကွယ်ရေး၊ လက်နက်ခဲယမ်းမှောင်ခိုမှုနှင့် စစ်ပွဲများ ဖော်ဆောင်မှုတို့မှ တားဆီးကာကွယ် ရေးနှင့် ရွှေ/ငွေ တို့အားကုန်သွယ်သည့် ကိစ္စရပ်များ၌ ပို့ကုန်နှင့် သွင်းကုန်အပေါ် ကန့်သတ် ခြင်းနှင့် တားမြစ်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သိရှိရပါသည်။
အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၁၀-၈-၂၀၂၁ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ် ၁၇/၂၀၁၅-၂၀၂၀ ကို ထုတ်ပြန်လျက် နိုင်ငံခြားကုန်သွယ်မှုမူဝါဒ၌စည်းကမ်း ချက်အသစ် ၁၀ ခုကို ထပ်မံ ဖြည့်စွက်ခဲ့ရာ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) အနေဖြင့် အောက်ဖော်ပြပါ ကိစ္စရပ်များအတွက်ပို့ကုန်နှင့်သွင်းကုန်အပေါ်ကန့်သတ်ခြင်း နှင့် တားမြစ် ခြင်းတို့ကိုအမိန့်ကြော်ငြာစာများထုတ်ပြန်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်-
(က) စားသောက်ကုန် သို့မဟုတ် အရေးကြီးကုန်စည်များအား ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်း၌ ကုန်စည်ပြတ်လပ်မှုမှ သက်သာရာရရှိစေရေး သို့မဟုတ် တားဆီး ကာကွယ်ရေးအတွက် ဆောင်ရွက်သည့် ကိစ္စရပ်များ
(ခ) နိုင်ငံတကာကုန်သွယ်မှုတွင် ကုန်စည်များ၏ ဈေးကွက်ဝင်ရောက်မှု သို့မဟုတ် အဆင့်အတန်းနှင့် အုပ်စုခွဲခြား သတ်မှတ်ခြင်းတို့အတွက် ပို့ကုန်နှင့် သွင်းကုန် ဆိုင်ရာ စံချိန်စံညွှန်း သို့မဟုတ် လုပ်ထုံးလုပ်နည်း သတ်မှတ်ရန် လျှောက်ထား သည့် ကိစ္စရပ်များ
(ဂ) ပြည်တွင်းထုတ်လုပ်မှုကို ကန့်သတ်ရန် သို့မဟုတ် အခြားရည်ရွယ်ချက်ဖြင့် လုပ် ဆောင်သည့် အစိုးရ၏ အစီအမံများ သက်ရောက်မှုရှိစေရေးအတွက် ပြည်ပမှ ရေထွက်ကုန်ပစ္စည်းအမျိုးမျိုးအား တင်သွင်းသည့် ကိစ္စရပ်များ
(ဃ) နိုင်ငံ၏ ပြင်ပရန်ပုံငွေကြေး အခြေအနေအား လုံခြုံစိတ်ချရမှုရှိစေရေးနှင့် အတိုင်း အတာတစ်ရပ်အထိ အရန်ထားရှိနိုင်ရေးတို့အတွက် သွင်းကုန်ဆိုင်ရာ ကိစ္စရပ် များ
(င) သီးခြားကုန်ထုတ်လုပ်ငန်းတစ်ရပ် ထူထောင်မှု မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်းသည့် သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များ
(စ) သွင်းကုန်များရုတ်တရက်မြင့်တက်မှုကြောင့် ပြည်တွင်းရှိကုန်ထုတ်လုပ်သူများကို ပြင်းထန်စွာထိခိုက်စေခြင်းမှ အကာအကွယ်ပေးရန် သို့မဟုတ် ထိုသို့ ထိခိုက်မှုခံ ရသည့် ကုန်ထုတ်လုပ်သူများအား သက်သာမှုရရှိစေရန်အတွက် ဆောင်ရွက် သည့် ကိစ္စရပ်များ
(ဆ) ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများအတွက် မရှိမဖြစ်ထုတ်လုပ်ရန် လိုအပ်သည့် အရေအတွက်ပမာဏ ပြည့်မီစေရေး ကိစ္စရပ်များ
(ဇ) ယေဘုယျ သို့မဟုတ် ဒေသန္တရ သွင်းအားစု ပြတ်တောက်မှုဖြစ်ပေါ်သည့်အခါ ထုတ်ကုန်များ၏ ဖြန့်ဖြူးမှုနှင့် သိုမှီးမှုတို့အတွက် အရေးပါသည့် ကိစ္စရပ်များ
(ဈ) စစ်ပွဲကာလ သို့မဟုတ် နိုင်ငံတကာဆက်ဆံရေးတွင် အခြား အရေးပေါ် အခြေ အနေရှိသည့်အခါ နိုင်ငံ၏ လုံခြုံရေးအကျိုးငှာ အကာအကွယ်ပေးရေးကိစ္စရပ်များ
(ည) နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုအတွက် ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ
(ရင်းမြစ်-အိန္ဒိယနိုင်ငံစီးပွားရေးသံမှူးပေးပို့သည့်သတင်း)