ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် ‌ရောင်းချနေသော စားသုံးဆီဈေးနှုန်းအခြေအနေ

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး နိုဝင်ဘာလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊  ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းများမှာ ယခင်ပတ် နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် နိုဝင်ဘာလ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

       မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၅၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု ၂၀၂၅ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၀၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၃၀)ကျပ် ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၃၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ်  ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရာသီပေါ်စာ ဇီးသီးဈေးနှုန်း

  ဇီးသီးပင်ကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့ သော မန္တလေး၊မကွေးနှင့်စကိုင်းတို့တွင်အများဆုံး တွေ့နိုင်သည်။ ဇီသီးသည်ရာသီစာဖြစ်၍ တစ်နှစ် ပတ်လုံးစားခွင့်မရှိပဲ နှစ်တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ဇီးသီးမှာ ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ ဇီးချဉ်ပင်များသည် စိုက်ပျိုးရသော အပင်မဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဇီးချိုသီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥများကိုတော့ တနိုင်တပိုင်စိုက်ပျိူးကြသလို စီးပွားဖြစ် လည်း စိုက်ပျိုးလာကြသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် လူသားတို့၏ ကျန်းမာရေးကို အကျိုးပြုစေသည်။

      ၂၀၂၅ ခုနှစ်၊ ဆောင်ရာသီ နိုဝင်ဘာ စတုတ္ထပတ်တွင် ပေါ်ဦးပေါ်ဖျားသဘာဝဇီးသီးများကို ဘားအံမြို့ရေပေါ်ဈေး၌ ဇီးချဉ်သီး တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၁၀၀၀၊၁၂၀၀) ကျပ်၊ စလေဇီးသီး တစ်ဘူးလျှင် (၂၀၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၃၀၀၀၊၁၅၀၀၀) ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ဇီးချဉ်သီး တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၈၀၀) ကျပ်နှင့် စလေဇီးသီး တစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၀၀၀၀၊၁၂၀၀၀) ကျပ်နှုန်းတို့ဖြစ်ရောင်းချခဲ့ကြရာ ယခင်နှစ်နဲ့ယခုနှစ် ဇီးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဇီးသီး တစ်ပြည်လျှင် (၁၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၅၀၀) ကျပ်နှုန်းတို့ကွာဟကြောင်းနှင့် ယခုလိုကွာဟရခြင်းမှာ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

စျေးကွက်အတွင်းထောပတ်သီးများစျေးအနည်းငယ်ကျ

         တန်ဆောင်းမုန်းလအခါသမယအချိန်တွင် မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်‌ထောပတ်သီးများ ဝင်ရောက်မှု များပြားလျက်ရှိပြီး၊စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း  ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ ထောပတ်သီး ၁လုံးလျှင် အလုံး(ကြီး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၂၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်တို့ ဖြင့် ရောင်းချ လျက်ရှိ ပါသည်။ ထောပတ်သီးအလုံးအရွယ်အစားအပေါ် မူတည်၍စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။  တန်ဆောင်းမုန်းလအခါသမယဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ သစ်သီးမျိူးစုံ စျေး ကွက်တွင် ထောပတ်သီးမှာ  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာ ကောက်ညှင်းကျည်တောက်(ခေါ်) ပေါင်းတင်းဝါး ဈေးနှုန်းဈေးကွက်အခြေအနေ

     ပေါင်းတင်းဝါး (ခေါ်) ကောက်ညှင်းကျည်တောက်သည် ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများ စားသုံးသောမုန့်ဖြစ်ပါသည်။ ကောက်ညှင်း ကျည်တောက်ကို အုန်းသီး(ငချိတ်) ၊ငှက်ပျော နှင့် ပဲဟူ၍ အရသာ (၃)မျိုးဖြင့် ပြုလုပ်ပြီး တချို့က နှစ်ပတ်လည် ပြုလုပ်၍  ရောင်းချကြသော်လည်း ဆောင်းရာသီ၏ ရာသီစာ ကောက်ညှင်း ကျည်တောက်ကို နှစ်စဉ် (၉)လပိုင်း လလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြပါသည်။

    ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်း များပြားစွာရှိပြီး ဒေသတွင်းဝယ်ယူစားသုံးကြသည့်အပြင် အခြားမြို့နယ်များဖြစ်သော မုံရွာ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များရှိ ကိုယ်စားလှယ်များက မှာယူရောင်းချကြကြောင်း ၊ အုန်းသီး(ငချိတ်) ကောက်ညှင်းကျည်တောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ၊ ငှက်ပျောနှင့် ပဲကောက်ညှင်း ကျည်တောက် တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်နှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်းများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ကန်ဇွန်းဥနှင့် မုန်လာဥဖြူ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥနှင့် မုန်လာဥဖြူတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် ရောင်းချရကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံး ကြကြောင်း၊ မုန်လာဥဖြူကို  စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် အိမ်ရှင်မများက ဝယ်ယူလျက် ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၁၀၀)ကျပ် လက်က္ကား(၁)ပိဿာလျှင် (၄၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ မုန်လာဥဖြူအကြီး(၃)ဥလျှင် (၆၀၀) ကျပ်၊ မုန်လာဥဖြူ(အသေး)(၃)ဥလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်နိုဝင် ဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥ(၁)ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင် ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေးတစ် ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင်(၅၈၀၀)ကျပ်၊ ကြက်ရင်ပုံ(၁)ကင်လျှင် (၈၂၀၀)ကျပ်၊ ကြက်သဲမြစ်(၁)ချောင်း (၅၀၀) ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင်(၅၀၀)ကျပ်နှင့် အသားတုကင် (၁၀)ချောင်း (၁၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ကြက်ပေါင်(၁)ချောင်းလျှင်(၂၀၀)ကျပ်နှင့် ကြက်ရင်ပုံ(၁)ကင်လျှင် (၃၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း  အကင်မျိုးစုံရောင်းချသည့်ဆိုင်မှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက် များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ်(၁) ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းစိမ်းလက်လီ(၁) စီးလျှင်(၆၀၀)ကျပ်၊ လက္ကား(၅)စီးလျှင်(၂၈၀၀)ကျပ် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်(၁)စီးလျှင် (၁၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင်  အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြ ကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၂၀၀) ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၇၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်း များလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်ရေစိမ်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ဂျင်းပေါက်ရေလွတ်(၁) ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင်(၅၀၀)ကျပ် မြင့်တက်လာကြောင်း ဂျင်းတက်နှင့် ဂျင်းပေါက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း