ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရမည်းသင်းမြို့နယ် စပါးဈေးကွက်ဈေးနှုန်း

            ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လ တတိယပတ်၌ စပါးဈေးကွက်မှာ အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော စပါးမျိုးမှာ ပဒေသာ၊ မနောသုခ၊ ထိုင်းနှံကောက် မျိုးများစိုက်ပျိုးကြရာ နွေစပါးအနေဖြင့် မနောသုခနှင့် ထိုင်းနှံကောက်များထွက်ရှိရာ ဒေသတွင်းစပါး ပွဲစားများနှင့် ဆန်စက်များသို့ ရောင်းချရပါသည်။ ယခုနှစ်နွေစပါးမှာ ဇွန်လမှစ၍ ရိတ်သိမ်းခဲ့ရာ ဈေးကွက်သို့ တင်ပို့ရာတွင် အဝယ်အေးကြောင်းသိရသည်။ ဩဂုတ်လလယ်၌ ဖြစ်ပေါ်နေသော နွေးစပါး အသစ်ဈေးများမှာ စပါး တစ်တင်းလျှင် မနောသုခမှာ (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ ထိုင်းနှံကောက်မှာ (၁၁၅၀၀) ကျပ် ဈေးရှိပြီး၊ ယခင်မိုးစပါးဈေးများမှာ အစိုဓါတ်အနည်းငယ် လျော့လာပြီဖြစ်၍ စပါးတစ်တင်းလျှင် မနောသုခမှာ (၁၈၀၀၀) ကျပ်၊ ထိုင်း နှံကောက်မှာ (၁၂၀၀၀) ကျပ်၊ မဂျမ်းတော (ပဒေသာ) မှာ (၂၆၀၀၀) ကျပ် ဈေးရှိကြောင်း ဆန်စက်ပိုင်၊ စပါးပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာပေါက်ချောင်းဈေးဘုရားပန်းဈေးကွက်

         မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးသည် မိတ္ထီလာ(တောင်)ကန်၏ အနီးနားမှာရှိပြီး နေ့စဉ်ပိတ်ရက်မရှိ ဈေးသည်၊ ဈေးဝယ်များနှင့် စည်ကားလျက်ရှိပါသည်။ ပေါက်ချောင်းဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည်များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။

          ဩဂုတ်လ တတိယပတ်၊ ပေါက်ချောင်းဈေးရှိ ဘုရားပန်းဈေးသည်များတွင် ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေငုတ်၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) တို့အပြင် ယခုတပတ်မှာတော့ သစ္စာပန်းများပါ ရောင်းချနေတာကိုတွေ့ရပါတယ်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး) တစ်စီး (၄၀၀၀-၅၀၀၀)ကျပ် ဂန္ဓမာ(အဖြူပွင့်အကြီး) တစ်စီး (၅၀၀၀)ကျပ် အဝါပွင့်ကြီးတစ်စီး (၄၀၀၀) ပန်းခရမ်းရောင် အပွင့်သေးတစ်စီး (၃၀၀၀)ကျပ် ကျောက်ဆည်သပြေငုတ် တစ်ငုတ် (၁၀၀၀) ကျပ် သစ္စာပန်းအဖြူ (၅)ခက်စီးတစ်စီး (၃၀၀၀)ကျပ်များနဲ့အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာ ဆားဈေးကွက်

             မိတ္ထီလာဈေးကွက်၌ ဩဂုတ်လအတွင်း ဆားဈေးကွက်မှာ အရောင်းအဝယ်အေး၍ ဈေးငြိမ်နေကြောင်း သိရသည်။ ဆားဈေးကွက် ရိုးရိုးဆား၊ အိုင်အိုဒင်းဆားဟူ၍ ရှိသော်လည်း ရိုးရိုးဆားမှာ အရောင်းပိုသွက်သည်ကို တွေ့ရသည်။ မိတ္ထီလာဈေးကွက်သို့ ရိုးရိုးဆားကို ဧရာဝတီတိုင်းဒေသကြီးမှ၊ အိုင်အိုဒင်းဆားကို ရန်ကုန်မှ တင်သွင်းကာ ရိုးရိုးဆားကို လက်လီအနေဖြင့် တစ်ပိဿာ၊ ငါးဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ အိုင်အိုဒင်းဆားကို သုံးဆယ်ကျပ်သား အထုပ်များပြန်လည်ထုပ်ပိုး ကာရောင်းချကြပါသည်။ ဆားဈေးကွက်မှာ နွားစာသိုလှောင်ချိန် ဖေဖော်ဝါရီလ၊ မကျီးရွက်၊ သရက်သီးတို့  ဆားစိမ်သည့် မတ်၊ ဧပြီလများတွင် အရောင်းအဝယ်သွက်ပြီး၊ ဆားဈေးနှုန်းမှာ မြန်မာနိုင်ငံသို့ မိုးဦးကာလမုန်တိုင်းဝင်ချိန် သင်္ကြန်ပြီးကာလ၌ ဈေးတက်လေ့ရှိကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းမှာ လက်ကားဈေးမှာ (၂၅) ပိဿာတစ်အိတ်လျှင် (၃၈၅၀၀) ကျပ်၊ တစ်ပိဿာ လက်ကားဈေး (၁၅၅၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၆၀၀) ကျပ်၊ (၅၀) ကျပ်သားပါ တစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ (၂၅) ကျပ်သားတစ်ထုပ်လျှင် (၅၀၀) ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် (၁၀၀၀) ကျပ်ဈေးရှိပြီး၊ သင်္ကြန်နောက်ဈေးငြိမ်နေကြောင်း၊ တောင်သူများအနေဖြင့် ဆားကို နွားစာသိုလှောင်ချိန်မှာပင် တစ်နှစ်စာဝယ်ယူမှုများကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ အာလူးဈေးကွက်

           မိတ္ထီလာမြို့နယ်သည် စားဖိုဆောင်သီးနှံများအနက် အာလူးကို စိုက်ပျိုးမှုမရှိသော်လည်း စားသုံးမှုရှိသည့်အတွက် ဈေးကွက်တစ်ခုအနေနှင့် အရောင်းအဝယ်ရှိသည်ကို တွေ့ရပါသည်။ မိတ္ထီလာဈေးကွက်သို့ အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုးတို့မှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးကို ဟင်းလျာအဖြစ်ချက်ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးသည့်အပြင် အကြော်စုံလုပ်ငန်းများလည်း အာလူးကြော်ပြုလုပ်ရန် အများအပြားဝယ်ယူမှုရှိပါသည်။ မိတ္ထီလာဈေးကွက်တွင် အာလူးဈေးမှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသည့်အတွက် ဇူလိုင်လဆန်းရှိ အာလူးတစ်ပိဿာလက်လီဈေးမှာ (၄၀၀၀-၄၅၀၀) ရှိခဲ့ရာမှ ဇူလိုင်လလယ်မှစ၍ ဩဂုတ်လလယ်ထိ တစ်ပိဿာ (၂၅၀၀-၄၀၀၀) ကျပ်ဖြင့် ဈေးအေးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ ကုန်စိမ်းပွဲရုံတန်းရှိ ကျောက်ဖယုံသီးဈေးကွက်

           မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ဖြိုးဝေကုန်စိမ်းတန်းတွင် နယ်ခုံမှ ဝင်ရောက်သောကုန်စိမ်းများအနက် ကျောက်ဖယုံသီးမှာလည်း အပါအဝင်ဖြစ်ပါသည်။ ကျောက်ဖယုံသီးမှာ မိတ္ထီလာဈေးကွက်အတွင်း ဝမ်းတွင်း၊ သာစည်တို့မှ ဝင်ရောက်ပြီး၊ မိတ္ထီလာမြို့မဈေးကြီးမှတဆင့် လက်လီဈေးများ၊ ကျေးရွာများမှ ဝယ်ယူသူများကို လက်လီ၊ လက်ကားပြန်လည်ရောင်းချကြပါသည်။ ကျောက်ဖယုံသီးမှာ နွေဦးကာလ ရှင်ပြုအလှူပြုလုပ်သည့်ကာလများတွင် ပိုမိုအရောင်းသွက်ပြီး၊ ယခုအချိန်မှာတော့ အရောင်းအဝယ် ပုံမှန်ရှိကြောင်း၊ ကျောက်ဖယုံသီးတစ်လုံးလျှင် အလုံးကြီး၊အသေးအပေါ်မူတည်ပြီး (၂၀၀၀-၃၀၀၀) ကျပ်ရှိကြောင်းနှင့် ကာလကြာရှည်စွာအထားခံကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ဂျင်းတက်/ဂျင်းပေါက်ဈေးကွက်

         မိတ္ထီလာမြို့ဈေးကွက်၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်လာသောကုန်စည်များအနက် ဂျင်းတက်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဂျင်းတက်မှာ အသား/ငါးချက်ပြုတ်ရာတွင် အညှီနံ့ ပျောက်စေရန် အသုံးပြုသည့် ဟင်ခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည့်အပြင် လဘ္ဘက်နှင့်တွဲဘက်၍ ဂျင်းလဘ္ဘက်၊ အထူးသဖြင့် ဂျင်းပေါက်(ဓါးစင်း)ကို ပဲကြော်စုံဖြင့် ခရမ်းချဉ်သီး၊ ပဲမှုန့်စသည်တို့နှင့် သုပ်၍ စားသုံးမှုများသဖြင့် ဈေးကွက်၌ နေရာတစ်နေရာနှင့် ရပ်တည်နိုင်တာကိုတွေ့ရသည်။ ဂျင်းတက်မှာ မိတ္ထီလာဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး၊ အောင်ပန်း၊ တောင်ကြီးတို့မှ  ဝင်ရောက်ပြီး  ဒေသတွင်း၌ ဂျင်းကို အတက်အတိုင်းသော်၎င်း၊ ပြန်လည်ရောင်းချကြရာ ဂျင်းတက်တစ်ပိဿာလျင် ၄၀၀၀/ကျပ်၊ ဂျင်းပေါက်တစ်ပိဿာလျင်(၆၀၀၀/)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်၏ ပဲကြော်/ပဲလှော်လုပ်ငန်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်းသင်းမြို့နယ်တာဝန်ခံ၊ ဦးစန်းအောင် (ဒု-ဦးစီးမှူး) သည် ၁၅.၈.၂၀၂၅ ရက်၊ နံနက် (၁၀.၃၀) နာရီအချိန်တွင် ရမည်းသင်းမြို့နယ် သိမ်ကုန်းစံပြကျေးရွာရှိ ဦးဆန်းဝင်း၏ ဒေသထုတ်ကုန်ပဲကြော်၊ ပဲလှော်လုပ်ငန်းအား သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

         ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံမှ ဒေသထုတ်ကုန် MSME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၏၊ ထုတ်လုပ်နိုင်မှုအခြေအနေ၏၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ အကျိုးအမြတ်ရရှိမှုအခြေအနေနှင့် ဈေးကွက်တင်ပို့နိုင်မှုအခြေအနေများအား မေးမြန်းဆောင်ရွက်ခဲ့ပါသည်။ ကုန်ကြမ်းဖြစ်သော ပဲများကို မန္တလေး၊ မိတ္ထီလာ ၊တပ်ကုန်း၊ လယ်ဝေးမြို့နယ်မျာမှ ဝယ်ယူရသည်ဟု သိရပါသည်။ ပဲကြီး တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၀၀၀/ကျပ်၊ မြေပဲတစ်ပိဿာလျှင် ၇၅၀၀/ကျပ်၊ တရုတ်ပဲကြီးတစ်ပိဿာလျှင် ၁၃၀၀၀/ကျပ်၊ ရွှေယင်းမာပဲတစ်ပိဿာလျှင် ၄၀၀၀/ကျပ်၊  ထောပတ်ပဲတစ်ပိဿာလျှင် ၅၀၀၀/ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူရပါသည်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းကို လက်ရှိလုပ်သား(၂၀)ဦး၊ ပဲကြော်ဖို(၂)ဖို၊ ပဲလှော်ဖို(၄)ဖိုဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြော်ရန်အတွက် (၁)ရက်လျှင် စုစုပေါင်းပဲကုန်ကြမ်း(၁၅၀)ပိဿာခန့်ကြော်ပြီး ကုန်ချော (၁၄၅)ပိဿာ ခန့်ထွက်ရှိကြောင်း၊ ပဲလှော်ပြုလုပ်ရန်အတွက် စုစုပေါင်းကုန်ကြမ်း(၂၂၅)ပိဿာ ခန့်ရှိပြီး ကုန်ချော(၂၀၀)ပိဿာခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲဖူးကြော် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကုလားပဲခြမ်းကြော်တစ်ပိဿာလျှင်(၉၀၀၀/)ကျပ်၊ တရုတ်ပဲကြော်တစ်ပိဿာလျှင်(၁၃၀၀၀/)ကျပ်၊  မြေပဲကြော်တစ်ပိဿာလျှင်(၁၁၅၀၀)ကျပ်၊ ပဲကြီးလှော်တစ်ပိဿာလျှင်(၇၅၀၀/)ကျပ်၊ ရွှေယင်းမာပဲ လှော်တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ကုလားပဲလုံးလှော်တစ်ပိဿာ (၉၀၀၀)ကျပ်၊ ထောပတ်ပဲလှော် တစ်ပိဿာ(၉၅၀၀)ကျပ်၊ မြေပဲဆားလှော်တစ်ပိဿာ (၁၂၅၀၀)ကျပ် ဖြင့်ရောင်းချရကြောင်းသိရပါ သည်။ (၁)ရက်လျှင်ကုန်ကြမ်းပဲအပါအဝင် အလုပ်သမားခ၊ ဆီနှင့် အထွေထွေစုစုပေါင်းကုန်ကျစရိတ် (၃၅)သိန်းခန့်ရှိပြီး ကုန်ချောဖြစ်သည့်ပဲကြော်၊ ပဲလှော်ရောင်းရငွေမှာ(၄၀)သိန်းခန့်ရရှိသည့်အတွက် အကျိုးအမြတ်အနေဖြင့် (၅)သိန်းခန့်ရှိကြောင်း၊ ပဲလှော်ပဲကြော်များကို ဒေသတွင်းရှိအရောင်းဆိုင်များတွင်လည်းကောင်း၊ ပျော်ဘွယ်၊ တပ်ကုန်မြို့များသို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာကင်းမှုံသီး၊ ကဆစ်သီး

           မိတ္ထီလာမြို့ရှိပေါက်ချောင်းဈေးတွင် ရာသီစာကင်းမှုံသီး၊ ကဆစ်သီးများ ရောင်းလျက်ရှိကြောင်း သိရသည်။ ကဆစ်သီးမှာစိုက်ခင်းနှင့် သီးသန့်စိုက်ပျိုးမှုနည်းပြီး လယ်/ယာခင်းများအတွင်း မိုးရာသီအလေ့ကျပေါက်ရောက်မှုမှရရှိပြီး ကင်းမှုံသီးမှာလည်း မိုးရာသီတွင်နွယ်ပင်များ၌ လှိုင်လှိုင်သီး လေ့ရှိပါသည်။ ကဆစ်သီးကိုခရမ်းချဉ်သီးနှင့်ရော၍မီးဖုတ်ထောင်းခြင်း၊ ချဉ်ပေါင်၊ အမဲသားတို့နှင့်ရော၍ ချက်ပြုတ်ခြင်းတို့ဖြင့်စားသုံးကြပြီး၊ ကင်းမှုံသီးကိုလည်းမီးဖုတ်ထောင်းခြင်း၊ ကြော်ချက်ခြင်းတို့ဖြင့်ရာသီစာအဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။ ဒီလိုရာသီစာကင်းမှုံသီး၊ ကဆစ်သီးတို့ဟာ  မိုးရာသီမှာလှိုင်လှိုင်ပေါ်လေ့ရှိပြီး မိတ္ထီလာမြို့ ပေါက်ချောင်းဈေးမှာတော့ကင်းမှုံသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ကဆစ်သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ရှိပြီး ရမည်းသင်း၊ ပျော်ဘွယ်မြို့များမှဝင်ရောက်ကာ မိတ္ထီလာမြို့၊ မြို့မဈေးကြီးမှတစ်ဆင့် ပြန်လည်ဝယ်ကာရောင်းချကြောင်း ကုန်စိမ်းလက်လီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ဈေးကွက်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့မဈေးအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းဘက်မှ ဝင်ရောက်လျက်ရှိပါသည်။

          ဩဂုတ်လ တတိယပတ်တွင် ပန်းဂေါ်ဖီအသေးတစ်ပွင့်လျှင် (၈၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၂၀၀၀)ကျပ်ရှိကြောင်း၊ ဂေါ်ဖီအသေးတစ်ထုပ်လျှင်(၅၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ အကြီးတစ်ထုပ်လျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၅၀၀)ကျပ်၊ ဂေါ်ဖီအသေးတစ်ထုပ် လျှင်(၂၀၀) ကျပ်၊ အလတ်တစ်ထုပ်လျှင်(၃၀၀)ကျပ်နှင့် အကြီးတစ်ထုပ်လျှင်(၈၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း၊  ဈေးနှုန်းမြင့်တက်လာခြင်းမှာ စိုက်ကွင်းများအတွင်း မိုးမပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြှုပ်သဖြင့် ဈေးကွက်အတွင်း အဝင်နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)

“ဈေးကောင်းရရှိနေသောဝါးနှီးဖျာ”

          မန္တလေးတိုင်း‌‌ဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ မှိုင်းဟင်ကျေးရွာ၊ ရန်အေးကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာတွင် ယခင်ဘိုးဘွားများ လက်ထပ်ကတည်းက ဝါးနှီးဖျာများကို ယက်လုပ်၍ အသက်မွေးဝမ်းကြောင်းပြုကြ ကြောင်းသိရှိရပါသည်။ ဝါးအမျိုးအစား အမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာယက်လုပ်ရန်အတွက် မျှင်ဝါးကိုသာအသုံးပြုပါသည်။ ဝါးနှီးဖျာ ယက်လုပ်ရာတွင် နှီးအကြောဖျာ၊ နှီးအောက်ဖျာ၊ နှီးသားဖျာဟူ၍ (၃)မျိုးယက်လုပ်နိုင်ကြောင်း၊ ဝါးလုံး(၃)လုံးကို နှီးနွှာဖြင့်ယက်လုပ်ရာတွင် (၅)ပေ (၆)ပေ တစ်ချပ်ရရှိကြောင်း၊ နှီးကြောဖျာ ယက်လုပ်ရာတွင် ဝါး၏ အကြောလေးများဖြင့်သာ ယက်လုပ်သဖြင့် ဝါးအလုံးရေပိုမိုကုန်ကျကြောင်း၊ ထိုနှီးများမှ ပိုသောနှီးများကို နှီးအောက်ဖျာအဖြစ် ယက်လုပ်ကြောင်း၊ နှီးအောက်ဖျာမှာ အကွက်စိတ်စိတ်ယက်လုပ်ထားသဖြင့် နှမ်း/မြေပဲဆံများလှမ်းရာတွင် အသုံးပြု၍ရကြောင်း၊ မျှင်ဝါးတစ်လုံးလျှင် (၂၅၀၀/-)ကျပ် ခန့်ရှိပြီး၊ နှီးဖျာကအဖြစ် တစ်လုံးလျှင် (၁၀၀၀/-)ကျပ်ရှိကြောင်း၊ ဖျာများကို ကိုယ်တိုင်လည်းယက်လုပ်သလို လုပ်ခစားပေး၍လည်း ယက်လုပ်ကြကြောင်း၊ နှီးဖျာတစ်ချပ်လျှင် ယက်ခ၊ လုပ်သားခ (၇၀၀၀/-)ကျပ်၊ လူတစ်ဦး တစ်ရက်လျှင် ဖျာ(၃)ချပ်မှ (၄)ချပ်အထိ ပြီးစီးအောင် ယက်လုပ်နိုင်ကြ ကြောင်း၊ ဖျာဈေးနှုန်းအနေဖြင့် (၅)ပေ (၆)ပေ တစ်ချပ်လျှင် (၂၅၀၀၀/-)ကျပ်၊ (၄)ပေ (၅)ပေ တစ်ချပ်လျှင် (၂၀၀၀၀/-)ကျပ်၊ (၁၀)ပေ ပတ်လည် တစ်ချပ်လျှင် (၆၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် (၁၀)ချပ်မှ (၂၅)ချပ်အထက်ဝယ်ယူပါက တစ်ချပ်ကို (၃၀၀၀/-)ကျပ်ခွာ၍ ရောင်းချပေးကြောင်း၊ ဈေးကွက်အနေဖြင့်ဖျာများကို ဖောက်သည်ပေးရောင်းချသလို ကိုယ်တိုင်လည်း ဆိုင်ကယ်များပေါ်တင်၍ ရွာစဉ်လှည့်၍လည်း ရောင်းချလျက်ရှိကြောင်း၊ ဝါးနှီးဖျာယက်လုပ်သော ကျေးရွာများအနေဖြင့် တောင်သူလုပ်ငန်း လုပ်ကိုင်သူနည်းပါးပြီး ဝါးနှီးဖျာကို အဓိကထား၍ ယက်လုပ်ကြကြောင်း၊ အမျိုးသားများက ဝါးများဝယ်ယူပေးခြင်း၊ နှီးဖျာပေးခြင်းများကို ပြုလုပ်ပေးကြောင်း၊ အမျိုးသမီးများက အိမ်တွင်းမှုကိစ္စများပြုလုပ်ရင်း တစ်ပိုင်တစ်နိုင် မိသားစု အပိုဝင်ငွေများရရှိအောင် မိရိုးဖလာ နှီးဖျာများယက်လုပ်၍ ရောင်းချလျက်ရှိပြီး ကျန်းမာရေးနှင့် ညီညွှတ်၍ ဈေးနှုန်းသင့်တင့်သောကြောင့် ဝါးနှီးဖျာများကို ဝယ်ယူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း