ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကယားပြည်နယ် အစေ့ထုတ်ပြောင်း တစ်ဧကစိုက်ပျိုးမှု

        ကယားပြည်နယ်တွင် အစေ့ထုတ်ပြောင်း တစ်ဧက စိုက်ပျိုးမှုအတွက် စိုက်ခင်းပြုပြင် ခြင်းမှ ဈေးကွက်အတွင်း ရောက်ရှိသည်အထိ ကုန်ကျစရိတ် အသေးစိတ်မှာ စိုက်ခင်းပြုပြင် ခြင်းအတွက် ထည်၊ထွန်၊ စိုက်ကြောင်းဆွဲ ၊ဓာတ်မြေကြီး၊နွားချေးချခြင်းများအတွက် ကုန်ကျစရိတ်မှာ(၁၂၄၀၀၀/-) ကျပ်ခန့်၊ စိုက်ပျိုးခြင်းအတွက် မျိုးစေ့ချ၊ မျိုးစေ့ဖုံး ကုန်ကျစရိတ် (၂၄၀၀၀/-)ကျပ်ခန့် ၊ အပင်ပြုစုခြင်းအတွက် ပေါင်းလိုက်/သားခွဲ ၊ မြေဩဇာချ၊ ဆေးဖြန်း ကုန်ကျစရိတ်မှာ(၆၄၀၀၀/-) ကျပ်ခန့်၊ ရိတ်သိမ်းခြင်းအတွက် အဖူးချိုး၊ သလင်းသယ်၊ အခွံခွာ၊ အခြောက်လှန်း၊ အစေ့ချွေ(စက်ဖြင့်) ကုန်ကျစရိတ်(၂၂၅၀၀၀/-)ကျပ်ခန့်၊ သွင်းအားစုများအတွက် မျိုးစေ့၊ ကွန်ပေါင်း၊ ယူရီးယား၊ ပိုတက်၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး ကုန်ကျစရိတ်(၅၄၅၀၀၀/-) ကျပ်ခန့် ရှိပြီး တစ်ဧကထွက်ရှိသော ပိဿာမှာ ၁၅၀၀ပိဿာ၊ တစ်ပိဿာရောင်းဈေးမှာ ၁၀၀၀/-ကျပ်ဖြစ်သည့်အတွက် တစ်ဧက ဝင်ငွေမှာ ၁၅၀၀၀၀/-၊ တစ်ဧက အကျိုးအမြတ်မှာ (၅၀၀၀၀၀/-) ကျပ်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရှိရပါသည်။

DOCA(ကယား)

ပြည်မြို့တွင်ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်း/ ဈေးကွက်

           ပြည်ခရိုင်တွင် ငှက်ပျောသီးများကို လူအကြိုက်များ၍ ငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြကြောင်းသိရသည်။

             ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ သစ်ချီတင်ကျေးရွာ၊ ရှမ်းစုကျေးရွာတို့တွင် ငှက်ပျောပင်ကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ဖီးကြမ်းငှက်ပျောသီး နှင့်ရခိုင်ငှက်ပျောသီး တို့ကိုသာဦးစားပေး၍ စိုက်ပျိုးကြပါသည်။ ငှက်ပျောပင်ကို မေလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးအချိန်ဖြစ်ပါသည်။ ငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးပင်ပေါင်း ၈၀၀-၉၀၀ ခန့်လိုအပ်ပြီး တစ်ကျင်းလျှင်တစ်ပင်နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ၁၀ပေစီခြား၍ စိုက်ပျိုးရပါသည်။ သားတက်များထွက်လာချိန်တွင် ဓါးဖြင့်ခုတ်ထွင်ရှင်းလင်းရပါမည်။ နှင်းများကျခြင်းသည်အပင်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ လေပြင်းတိုက်ခိုက်ပါက အပင်များလဲကျတက်သဖြင့် လေကာပင်များစိုက်ပျိုးရန်လိုအပ်ပါသည်။ ပြည်မြို့ရှိ အချို့သောကျေးရွာများတွင် ငှက်ပျောပင်များအောက်၌ သံပုရာပင်များကိုလည်းစိုက်ပျိုးကြသဖြင့် သံပုရာပင်များလည်းအရိပ်ရစေကြောင်းသိရသည်။

            ငှက်ပျောပင်စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ငှက်ပျောခိုင်များစတင်ထွက်ရှိလာပြီး ငှက်ပျောခိုင်တစ်ခိုင်တွင် ငှက်ပျောသီးပျမ်းမျှ ၉ဖီးမှ ၁၀ဖီးအထိပါရှိပြီး တစ်ဖီးလျှင် ငှက်ပျောသီး ၁၀လုံးမှ ၁၅လုံးထိပါရှိပါသည်။ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် တန် (၄၀)ကျော်ထွက်ရှိပြီး၊ ပထမနှစ်လမိုင်းခင်းတွင် တန်၃၀ကျော်၊ ဒုတိယနှစ်လမိုင်းခင်းတွင် တန်၂၀ကျော်ထွက်ရှိသည်ဟု သိရပါသည်။

              ပြည်ဈေးကွက်တွင် ရောင်းချသောငှက်ပျောသီးဈေးနှုန်းများအနေဖြင့် ရခိုင်ငှက်ပျောသီး(အစိမ်း)တစ်ဖီးလျှင် ၁၀၀၀-၁၂၀၀ကျပ်၊ (အမှည့်)တစ်ဖီးလျှင် ၈၀၀ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် ၂၀၀၀-၂၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပြည်ဒေသမှထွက်ရှိလာသော ငှက်ပျောသီးများကို ပြည်ဈေးကွက်တွင် ရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချသည်ဟုသိရှိရပါသည်။

                 ငှက်ပျောပင် စိုက်ပျိုးသူတောင်သူများအဖို့ စီးပွားဖြစ်စိုက်ပျိုးခြင်းအပြင် မိမိအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိမိတို့အတွက် စားသုံးရန်ရရှိသလို ပိုလျှံပါကဈေးသို့ ရောင်းချလျင်လည်း ဝင်ငွေများရရှိမှာဖြစ်သည့်အပြင် စီးပွားဖြစ်စိုက်ပျိုးလျင်လည်း အမြတ်အစွန်းများ ပိုမိုရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှ မီးဖိုချောင်သုံးသီးနှံ ဈေးနှုန်း/ဈေးကွက်

             ပြည်ဈေးကွက်ရှိ မီးဖိုချောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူများအနေဖြင့် ရှမ်းစများဖြစ်သော ထူးလွန် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ထူး-၅ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ထူး-၄ တစ်ပိဿာ လျှင် (၁၅၀၀၀‌)ကျပ်ဈေးရှိပြီး ဆိုဒ်အသေးများမှာ တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဈေး၊ ကြူကုတ်မှာ တစ်ပိဿာလျှင် (၂၂၀၀၀-၂၃၀၀၀)ကျပ်ဈေးရှိပါသည်။ ရှမ်းစများမှာ အောင်ပန်းမှ တစ်ပတ်လျှင် ကား(၂)စီးခန့် အဝင်ရှိပြီး (၁)စီးလျှင် အိတ် (၃၀၀)ခန့် ပါဝင်၍ (၁)အိတ်လျှင် ပိဿာ (၂၀-၃၀)ခန့် ဝင်ဆံ့သောကြောင့် တစ်ပတ်လျှင် ပိဿာ (၁၂၀၀၀-၁၈၀၀၀)ခန့် အဝင်ရှိကြောင်း သိရပါသည်။ ကြူကုတ်မှာလည်း မန္တလေးမှ တစ်ပတ်လျှင် အိတ် (၃၀၀)ခန့် ပါဝင်သော ကား (၂)စီးအဝင်ရှိပြီး (၁)အိတ်လျှင် (၆-၇)ပိဿာခန့် ဝင်ဆံ့သောကြောင့် တစ်ပတ်လျှင် ပိဿာ (၃၆၀၀-၄၂၀၀)ခန့် အဝင်ရှိကြောင်း သိရပါသည်။ အာလူးသီးနှံမှာလည်း အောင်ပန်းမြို့မှပင် အဝင်ရှိပြီး တစ်ပတ်လျှင် ကား(၄)စီးခန့် အဝင်ရှိကာ (၁)စီးလျှင် အိတ်(၁၅၀)ခန့် ပါဝင်ကြောင်းနှင့် (၁‌)အိတ်လျှင် ပိဿာ (၃၀)ခန့် ဝင်ဆံ့သည့်အတွက် တစ်ပတ်လျှင် ပိဿာ (၁၈၀၀၀)ခန့် အဝင်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် S2 (ချော) တစ်ပိဿာလျှင် (၈၄၀၀)ကျပ်၊ S1 တစ်ပိဿာလျှင် (၇၉၀၀)ကျပ်၊ OK တစ်ပိဿာလျှင် (၇၈၀၀)ကျပ်၊  A1 တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှင့် အလုံးသေး တစ်ပိဿာလျှင် (၆၃၀၀)ကျပ် ဈေးရှိပါသည်။ အ‌ရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီ/ လက်ကားဝယ်ယူသူများ၊ လုပ်ငန်းရှင်များမှ အဝယ်ရှိသလို ခရိုင်အတွင်းရှိ အခြားမြို့နယ်များနှင့် ပြည်မြို့အနီးတဝိုက်ရှိမြို့များသို့ ပုံမှန်တင်ပို့ရောင်းချရပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ တရုတ်နံနံပင်ဈေးနှုန်း၊ ဈေးကွက်

            နံနံပင်သည်အရွက်နှင့် အရိုးများကိုပါစားသုံးနိုင်သော ဟင်းရွက်ဖြစ်ပါသည်။ အရွက်များခူးယူပြီး အပင်ကိုနှုတ်မပစ်ဘဲဆက်၍ထားပါကမျိုးစေ့ရနိုင်ပါသည်။ အလွန်မအေးသော ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အလွန်အေးသောနေရာများတွင် စိုက်ပျိုးပါကဖြစ်ထွန်းမှု နှေးနိုင်ပါသည်။ မျိုးစေ့များစိုက်သည့်အခါ အပူချိန်(၅၅)ဒီဂရီဖာရင်ဟိုက်ထက် နိမ့်လျှင် အပင်ပေါက်နည်းတတ်ပါသည်။ ပူနွေးသောရာသီကိုကြိုက်သောသီးနှံဖြစ်သည့်အတွက် အပူချိန်သင့်တင့်သောရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး ပြည်မြို့ရှိဈေးကွက်သို့  လာရောက်ရောင်းချ ကြကြောင်းသိရပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များအပြင် အနီးတဝိုက်ရှိ နယ်မြို့များသို့လည်း တင်ပို့‌ရောင်းချကြောင်း သိရပါသည်။ ယခင်က နံနံပင် ၁စည်းလျှင် (၁၀၀)ကျပ် နှုန်းရှိရာ ယခုအခါဖြစ်သော ဒီဇင်ဘာလဒုတိယပတ်တွင် ၃စည်းလျှင် (၂၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းသက်သာသောနှုန်းထားဖြင့်ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိ

          ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကျဆင်းစေရန်ရည်ရွယ်၍ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ဝယ်ယူ စားသုံးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးဆောင်မှုဖြင့် ပြည်မြို့နယ်အတွင်း၊ ရပ်ကွက်များရှိ အခြေခံလူတန်းစားများသို့ ကားဖြင့်လှည့်လည်၍ သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးနှင့် ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် နေ့စဉ်ရောင်းချပေးနေကြောင်းသိရသည်။

       ထို့ပြင် ပြည်မြို့၊ မြို့မဈေးကြီးတွင်စိုက်ပျိုးထုတ်လုပ်သူများမှ တိုက်ရိုက်‌ရောင်းချသော ဈေးတွင်လည်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကြက်ဥ၊ ဆန်နှင့် စားအုန်းဆီတို့ကိုပူးပေါင်းရောင်းချပေးလျက်ရှိသည့်အပြင် တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများတွင်လည်း အပတ်စဉ်အင်္ဂါနေ့တိုင်း ရောင်းချ‌ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်ဈေးကောင်းရရှိနေ

          ဟုမ္မလင်းဒေသထွက် ငါးရံ့ခြောက်များကို တစ်ပိဿာလျှင် အကောင်အရွယ်အစားပေါ်မူတည်၍  ကျပ် ၈၀၀၀၀ မှ ၁၆၀၀၀၀ ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက်တစ်ဆယ်သား တစ်ဘူးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသထွက် ငါးရံခြောက်ကို ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူသူများလည်း ရှိကြောင်းသိရသည်။ ယခုအချိန်သည် ရာသီဥတုကောင်းမွန်၍  ငါးပေါသောရာသီဖြစ်ရာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်ရှိ ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာကြပြီး  မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။

           ဒေသတွင်းဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း(ကျောက်စိမ်း) စသည့် မျိုး(၂)မျိုးကိုသာအများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောသားပေါက်များကို တစ်ပင်လျှင် ၄၅၀ကျပ် နှုန်းဖြင့် ကနီမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမှာ တစ်ဧကလျှင် အပင်ရေ(၈၀၀)ခန့် စိုက်ပျိုးကြောင်း၊ မစိုက်မီ ထယ်နှစ်စပ်ထိုး၍ တစ်ပင်နှင့်တစ်ပင်အကြား ၉ပေခန့်အကွာအဝေးဖြင့် ရေသွင်းစိုက်ပျိုးကြောင်း၊ စိုက်ပင်၁၅ရက်သားတွင် အရွက်မထွက်သည့်အပင်များကို ထိပ်ဖွင့်ပြီး ၂၀ရက်သားတွင် အပင်မပေါက်သည်များကို ဖာထေး၍ ၃၅ရက်သားတွင် ရိုလာစက်ဖြင့် ပေါင်းသတ်ပေးပြီး ၄၅ရက်သားတွင် ထယ်တစ်စပ်ထိုးကာ ရေသွင်းပေးရကြောင်း၊ ငှက်ပျောစိုက်ပင် (၁၀)လသားအထိ တစ်လလျှင် တစ်ကြိမ် ထယ်တစ်စပ်ထိုး၊ ရေတစ်ကြိမ်သွင်းပြီး သားပင်များကို တံစဉ်ဖြင့် ထိပ်ဖြတ်ပေးရကြောင်း၊ ငှက်ပျောပင်(၁၃)လသားအရွယ်တွင် ၎င်းအပင်အားလုံးမှာ အခိုင်ထွက်ပြီး တစ်ပင်လျှင် တစ်ခိုင်၊ တစ်ခိုင်လျှင် (၁၀) ဖီးခန့်ပါရှိပြီး ရောင်းတန်းဝင်သည့် ငှက်ပျောဖီး(၅)ဖီးရယူကြောင်း၊ မြေဆီမြေသားကောင်းမွန်မှုနှင့် ရေရရှိမှုအပေါ်မူတည်၍ (၅)နှစ်မှ (၇)နှစ်ခန့်အထိ ရောင်းတန်းဝင်ငှက်ပျောခိုင်များထွက်ရှိကြောင်း၊ ထွက်ရှိသောငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များက ခြံအရောက် တစ်ဖီးလျှင် (၂၀၀၀-၂၅၀၀) ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများတွင် ပြန်လည်ရောင်းချမှုများရှိသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်ကာအဆင်ပြေနေကြကြောင်း သိရှိရပါသည်။

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ နိုဝင်ဘာ(စတုတ္ထပတ်)တွင် ငွေကျပ် (၈၀၀၀-၁၀၀၀၀) များဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ (ပထမပတ်)တွင် ငွေကျပ် (၁၁၀၀၀-၁၂၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်) တွင် ငွေကျပ် (၁၂၀၀၀-၁၄၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်း ထက်ဝက်ကျဆင်းခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့တွင် စားအုန်းဆီရောင်းချမှု အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ် မှုဖြင့် ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ ပြည်သူများအား (၁၂.၁၂.၂၀၂၄)ရက်နေ့တွင် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စားအုန်းဆီအား ကသာမြို့ရှိ ပြည်သူများအား ဆီကုန်သည်ဒေါ်ချိုတီမှ ကသာမြို့၊ မြို့တော်ခန်းမတွင် သင့်တော်သောဈေးနှုန်းဖြင့် တစ်ဦးလျှင် (၅၀)ကျပ် သားနှုန်းဖြင့် စားအုန်းဆီ (၁၀) ပေပါအား နံနက် (၀၇:၀၀)နာရီ မှ (၁၁:၃၀) နာရီထိ ရောင်းချပေးခဲ့ပြီး ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကြီးကြပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကြက်သွန်နီ ဈေးနှုန်း၊ ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲကျေးရွာ၊ မြေနဲကျေးရွာ၊ ရွာတုံကျေးရွာ၊ တောင်ပလူကျေးရွာများတွင် ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် မိုးကြက်သွန် စိုက်ဧကပေါင်း (၂၃၁၇)ဧကရှိပြီး ယခုအချိန်၌ လှိုင်လှိုင်ပေါ် ထွက်ပြီဖြစ်ရာ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ် အထိ ဈေးကွက်ရှိကြောင်း သိရှိရပါသည်။

            ယခင်နှစ်ဒီဇင်ဘာလတွင်  ကြက်သွန်နီတစ်ပိဿာအနိမ့်ဈေးမှာ (၂၂၀၀)ကျပ်မှ ကြက်သွန်နီ တစ်ပိဿာအမြင့်ဈေး (၂၈၀၀)ကျပ် ရှိခဲ့ရာ ယခုနှစ် ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းနှင့် နှိုင်းယှဥ်ပါက ယခုနှစ်တွင် တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း