ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်သီးနှံ ကြက်မောက်သီးဈေးကွက်

    ကြက်မောက်ပင်သည် Sapindaceae မိသားစုဝင် အလတ်စားအပူပိုင်းသစ်ပင်ဖြစ်ပြီး မြန်မာဘာသာဖြင့်ကြက်မောက်ပင်ခေါ်ဆိုပါသည်။အရှေ့တောင်အာရှဒေသမျိုးရင်းဝင်အပင် တစ်မျိုး ဖြစ်ပြီး ပေ ၈၀ (၂၇ မီတာ) အမြင့်ရှိပြီး အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အပင် ရဲ့ အသီး ဖြစ်ပါသည်။ အရသာရှိတဲ့ ကြက်မောက်သီးမှာ ကာဗိုဟိုက်ဒရီတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ Thiamine( ဗီတာမင် B1) ၊ Riboflavin  ( ဗီတာမင် B2)၊ Niacin ( ဗီတာမင် B3)၊( ဗီတာမင် B6)၊ ဗီတာမင် C၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဇင့် စတဲ့အာဟာရဓာတ်တွေပါဝင်တာကြောင့် ကြက်မောက်သီး ကို စားသုံးခြင်းအားဖြင့် ကိုယ်ခံအား ကောင်းစေခြင်း၊ နှလုံးကျန်မာခြင်း၊ ကြွက်တက်တာ သက်သာစေခြင်း၊ ဝမ်းချုပ်တာသက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်တာ(UTI) ကို သက်သာစေခြင်း၊ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်းစသည့် ကျန်းမားရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရရှိ ပါတယ်။

          ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်တွင်ကြက်မောက်ပင်ကိုဥယျာဉ်ခြံမြေများတွင်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် မိမိအိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြပါသည်။ ကြက်မောက်သီးပေါ်ချိန်မှာ ဇွန်လ တွင်စတင်ခူးဆွတ်နိုင်ပြီးဖြစ်ပြီး၊ လှိုင်လှိုင်ပေါ်ချိန်မှာ ဩဂုတ်လ တွင်ဖြစ်ပါသည်။ ဝယ်ယူ ရောင်းချသူများ အနေဖြင့် အပင်ရှိအသီးပါဝင်မှုပေါ်မှုတည်၍ အပင်ပြတ်ဝယ်ယူရာတွင် အမြင့်ဆုံး        ၃၅၀၀၀၀ိ/- ကျပ်၊ အနိမ့်ဆုံး  ၂၅၀၀၀၀ိ/- ကျပ်ဖြင့်  ဝယ်ယူရောင်းချကြပါသည်။ သီးနှံကုန်သည်များ အနေဖြင့် လက်လီဈေးကွက်တွင် အလုံး ၂၀ပါ တစ်တွဲလျှင် ကျပ် ၁၅၀၀ိ/- မှ ကျပ်၂၀၀၀ိ/- တို့ဖြင့် ရောင်းချလျှက်ရှိသည်။ကြက်မောက်သီးစားခြင်းအားဖြင့်ကျန်းမားရေးအတွက်လည်းအထောက်အကူ ဖြစ်သလို ဈေးနှုန်းလည်း အသင့်အတင့် အမြတ်ရရှိတာကြောင့် ဝယ်ယူရောင်းချသူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကြက်မောက်သီးများကို ဒေသတွင်း ဈေးများ၊ သစ်သီးဆိုင်များတွင် လက်လီရောင်းချလျက်ရှိသကဲ့သို့ မိုးညှင်း၊ မိုးကောင်း၊ ‌ဖားကန့်မြို့များနှင့် မန္တလေးဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍  ကြက်မောက်သီးသည် ကျန်းမားရေးဆိုင်ရာ အကျိုးကျေးဇူးများစွာပါဝင်သော အသီးဖြစ်သည့်အပြင် အပိုဝင်ငွေရရှိသောကြောင့် ပိုမို တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ကချင်)

မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာ၌ ပြောင်းဖူးသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိလာ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုမ္မနိုးကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ပြောင်းဖူးသီးနှံကို တစ်ဧက စိုက်ပျိုးလျှင် သကြားပြောင်း (၄)ထုပ်၊ ပြောင်းစီးဖြူ (၅)ထုပ်ကုန်ကျပြီး  သကြားပြောင်းမျိုးစေ့(၁)ထုပ်လျှင် ၆၀၀၀၀ ကျပ်၊ ပြောင်းစီးဖြူ(၁)ထုပ်လျှင် (၄၅၀၀၀) ကျပ်ပေး ဝယ်ရပါကြောင်း၊ ဩဂုတ်လလယ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးရာတွင် ထွန်ကြောင်း ဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၂  သိန်းခန့် ကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး ၂ လကျော်အကြာတွင် ခူးဆွတ်ရပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၅၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရပြီး လက်လီရောင်းချသူများသည် ပြောင်းဖူးတစ်ဖူးလျှင်  ၈၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကာ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၃ သိန်းခန့် ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင် ဂန္ဓမာပန်း(အဝါကြီး) စိုက်ပျိုးဖြစ်ထွန်း၍ ဈေးကောင်းရရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နဂါးတွင်းကျေးရွာတွင် အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံအနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀  ပတ်လည်တွင် အပင်အ‌ရေအတွက် ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း(အဝါကြီး)မျိုးကို ယခင်နှစ် စိုက်ပျိုးပြီးအညွန့်ကိုဖြတ်၍ စိုက်ပျိုးခြင်းနှင့် ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍လည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို  ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေးဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း(အဝါကြီး) အရောင်းအဝယ်ဖြစ်သည့်ဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၁၅၀၀ ကျပ် ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်း ၆ပွင့်-၇ပွင့်ပါ တစ်စည်းလျှင် ၁၅၀၀ ကျပ် ရောင်းချရကြောင်း၊ ပန်း ၁၀ ပွင့် ၁၅ ပွင့်ပါတစ်စည်းလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ ရောင်းချရပါကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြစုပျိုးထောင်မှုကောင်းမွန်လျှင် သုံးသားအထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နှုန်းနည်းပါးသွားခြင်းဖြစ်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၀သိန်းခန့် ရရှိကြောင်း၊ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထို့မှတစ်ဆင့် မုံရွာမြို့ရှိ ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကာ အကျိုးအမြတ်ရရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အတွင်းရှိ တပ်ကုန်း၊ ရှမ်းစု၊ သစ်ရာမြိုင် စသည့် ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိပြီး တပ်ကုန်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

          ဆောင်းမြေပဲကို သီ တင်းကျွတ်လတွင် စတင်စိုက်ပျိုးကြပြီး ပြာသိုလကုန်၊ တပို့တွဲလဆန်းတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် လုံးဆန်ဖြူ၊ ရေဆင်း ၁၁ မျိုး (မြေပဲဆန်ဖြူ) မျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၉၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၅၀ တင်း ခန့် ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် တပို့တွဲလပြည့်ကျော်တွင် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၄၅၀၀၀-၅၀၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းကျော်ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆောင်းမြေပဲများကို ကျွန်းလှမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကိုဆီကြိတ်၍ မြေပဲဆီသန့်၊ မြေပဲပတ်များရရှိ၍  ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များ ရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ခရမ်းသီး၊ ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ကျောက်ဖရုံသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီး၊ ဘူးသီးနှင့် ကျောက်ဖရုံသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်  သာစည်ဈေးတွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ လက်လီတစ်ပိဿာ လျှင် (၃၃၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ အလတ် (၁)လုံးလျှင်(၁၆၀၀)ကျပ်နှင့် အကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကျောက်ဖရုံသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၂၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရောင်းချနေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ပြင်ဦးလွင်၊ ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိသော သလဲသီးများနှင့် မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏ နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချလျက်ရှိသော ရှောက်ချိုသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံလမ်းဈေးတွင် ရောင်းချနေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၅၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၆၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်သာမြို့နယ်၏ခရမ်းကြွပ်သီးနှံ တစ်ဧကကုန်ကျစရိတ်နှင့်ဈေးနှုန်းဈေးကွက်

   တောင်သာမြို့နယ်အတွင်းရှိ ကျောက်ဖူးကျေးရွာ၊ ဝဲလောင်ရွာ၊ ဆည်ကုန်းကျေးရွာ၊ ဇဂျမ်း ကျေးရွာ၊ ရသစ်ကျေးရွာနှင့် မင်းစုကျေးရွာများ၌ ကုန်စိမ်းသီးနှံဖြစ်‌သော ခရမ်းကြွပ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း၊ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းကြွပ်သီးစိုက်ပျိုး မည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုး နည်းဟူ၍ (၂)မျိုးစိုက်ပျိုးကြောင်း၊ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသား အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၂)လ အကျော်တွင် အသီးများစတင် ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ် အထွက် နှုန်း  ပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေ ဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ် အနေဖြင့် (၈၇၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊  လက်လီဈေး အနေဖြင့် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ခရမ်းကြွပ်သီးကို ကုန်သည်များမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး တောင်သာ မြို့ရှိဘုရားကြီးဈေး၊ မြို့မဈေးနှင့် မင်္ဂလာရွှေတောင်ကြီးဈေးသစ်များသို့ တောင်သူများ ကိုယ်တိုင် ရောင်းချကြသလို၊ ဈေးကွက်အနေဖြင့် မြင်းခြံမြို့နှင့် မိတ္ထီလာမြို့များသို့လည်းတင်ပို့ ရောင်းချကြောင်း၊ အချိန်တိုအတွင်း စီးပွားဖြစ်ဝင် ငွေရရှိကြောင်း ခရမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ဖူးစားပြောင်း(ဆောင်း)စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ်ရရှိမှု

    တောင်သာမြို့နယ်အတွင်းရှိ သာစည်ကျေးရွာ၊ နတ်စောင့်ကျေးရွာ၊ မင်းတည်းကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် ဆင်တဲဝကျေးရွာများ၌ ဖူးစားပြောင်း(ဆောင်း)သီးနှံများကို အောက်တိုဘာ လကုန်မှစတင်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြား ပြောင်း မျိုးကိုသာ အဓိကထားစိုက်ပျိုးကြပြီး ထောပတ်ပြောင်းမျိုးများကို တောင်သူများ အနေဖြင့် အနည်းငယ်သာစိုက်ပျိုးကြကြောင်း၊  (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့(၇) ပြည်စိုက်ပျိုး ရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၁၀၀၀၀) ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးကြ ကြောင်း၊ ယခု ဇန်နဝါရီလမှစတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၈၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်း အနေဖြင့် ပြောင်းဖူးစုစုပေါင်း(၇၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ပြောင်းဖူးစျေးနှုန်း အနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀)ကျပ်၊ လက်လီတစ်ဖူးလျှင် (၅၀၀) ကျပ်ခန့် ရောင်းဝယ်လျက်ရှိပြီး၊ စားသုံးမှုများ သောကြောင့် အရောင်းသွက်ကြောင်း၊ ပွဲစားများမှစိုက်ခင်းထဲသို့ လာရောက်ဝယ်ယူကြသလို  မြင်းခြံမြို့၊ မိတ္ထီလာမြို့နှင့် ရန်ကုန်မြို့များသို့ လည်းတင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၁၂၅၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အချိန်တိုအတွင်း တွက်ချေကိုက် သောကြောင့် ဖူးစားပြောင်းသည် အကျိုးအမြတ်များလည်း ရရှိ ကြောင်း၊ ပြောင်းရိုးနှင့် အဖူးရိုးများသည် တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုသောကြောင့် စီးပွားဖြစ်ဝင်ငွေရကြောင်း ဖူးစားပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏ မိုးနေကြာစိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

        နွားထိုးကြီးမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံ တစ်မျိုးဖြစ်သည့် ဆီနေကြာ(မိုး)သီးနှံစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ရွာကြီးကျေးရွာ၊ ကြာပင် အိုင်ရွာ၊ ကနားရွာ၊ ဝက်လူးရွာ၊ ပြင်စည်ရွာ၊ လုံးတောရွာနှင့် လက်ပံကျေးရွာများ၌ ဆီနေကြာများကို တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ဆီနေကြာသီးနှံကို မေလ၊ ဇွန်လနှင့် ဩဂုတ်လတို့တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။  ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးထားရှိမှု ဧက (၂၉၇၀) ဧက စိုက်ပျိုးထားရှိမှုတွင် ရိတ်သိမ်း (၅၇၀)ဧကရိတ်သိမ်းထားရှိပြီး၊ တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၉-၂၀)တင်းခန့်ထွက်ရှိကြောင်း၊ ကျန်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ ဆီနေကြာသီးနှံကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုး ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၆၅၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် နေကြာတစ်တင်း လျှင်(,၀၀၀)ကျပ်ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၅၅၀,၀၀၀)ကျပ်ခန့် ရရှိကြောင်း၊  တောင်သူများ အနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ နွားထိုးကြီးမြို့နယ်၌ ဆီနေကြာကို စီးပွားဖြစ်ကြိတ်ခွဲထုတ်လုပ်ခြင်း မရှိကြောင်း၊ ကျေးရွာများမှ စားသုံးရန်အတွက် သာကြိတ်ခွဲကြောင်း၊ ဆီကြိတ်ခွဲပါက နေကြာ တစ်တင်းလျှင် ဆီ(၃-၄)ပိဿာ ခန့်ထွက်ရှိကြောင်း ၊ ဒေသတွင်းနေကြာဆီပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ခန့်  ပေါက်ဈေးများ ရှိကြောင်း၊ ‌နွားထိုးကြီးမြို့နယ် များမှထွက်ရှိသော ဆီနေကြာသီးနှံများကို မြင်းခြံမြို့ရှိပွဲရုံများ၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်များလည်းရရှိကြောင်း ရွာကြီးကျေးရွာရှိ မိုးနေကြာစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ညောင်တုန်းမြို့နယ်၌ နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်းမြို့နယ်၌  ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး  အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်၌  ယခုနှစ် ဩဂုတ်လမှ စ၍ ၂၀၂၆ ဇန်နဝါရီလ  လက်ရှိအချိန်ထိ နေလှန်းဆားများ  အရောင်းအဝယ်ကောင်းမွန်နေကြောင်းသိရသည်။ ငါးပိ၊ ငါးခြောက်ပြုလုပ်ချိန်ဖြစ်၍ လတ်တလောတစ်ရက်ကို နေလှန်းဆားပိဿာ ၄၀၀၀ ကနေ ၅၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊  ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၌ ဒေသထွက် နေလှန်းဆားများ ကို    ဆားလုပ်ငန်းရှင်များက  စနစ်တကျထုတ်လုပ်ပြီး  ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ တင်ပို့မှုအနေဖြင့် ၁လလျှင် ဆားပိဿာ ၁၂၀၀၀၀ ပိသာ ထွက်ရှိတင်ပို့ကြောင်း သိရသည်။  လက်ကားရောင်းချမှုအနေဖြင့် နေလှန်းဆား ၁ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ညောင်တုန်းမြို့နယ် ရွှေဇီးကွက် နေလှန်းဆားစက် ဆားသန့်စင်စက်မှ နှစ်စဉ် နေလှန်းဆားပြုလုပ်၍ ရောင်းချကြောင်းဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး၊  အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိက အသုံးပြုကြကြောင်း သိရသည်။    

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း