ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ပဲတီပင်ပေါက်ချဉ် ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို လုပ်ကိုင်လျက်ရှိပြီး  ပဲတီပင်ပေါက်ချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ် တို့ကို လုပ်ကိုင် ရောင်းချလျက်ရှိရာ ပဲတီပင်ပေါက်ချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပဲတီပင်ပေါက်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတောင့်ရှည်သီး ဈေးနှုန်း/ဈေးကွက် အခြေအနေ

                 ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

             ပဲတောင့်ရှည်သီးသည် ရာသီအရွေး စိုက်ပျိုးနိုင်သော သီးနှံပင်တစ်မျိုးဖြစ်ပြီး၊ ပဲတောင့်ရှည်သီးကို  အပိန်ချက် ချက်စားခြင်း၊ ပဲတောင့်ရှည်သီးကိုကြက်ဥနှင့်ကြော်စားခြင်း၊ ပဲတောင့်ရှည်သီးကိုပြုတ်ပီး အချို/အချဉ် သုပ်စားခြင်း၊ ပဲတောင့်ရှည်သီးကို သင်္ဘောသီးသုပ်၊ အစုံသုပ်၊ အားပူလျှာပူ၊ မုန့်ဟင်းခါး တို့ ထဲတွင်ထည့်ခြင်း ပဲတောင့်ရှည်သီးကို ခရမ်းသီး၊ ရုံးပတီသီး၊ ဂေါ်ရခါးသီး၊ ခဝဲသီးတို့နှင့် ရောနှော ချက်စားခြင်းတို့ အသုံးပြု စားသောက်ကြပါသည်။

           ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၏ ဖြစ်ပေါ်နေသော ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၅)တောင့်ပါ ၁စီးလျှင်(၂၀၀)ကျပ်၊ ပဲတောင့်ရှည် သီး(၅)တောင့်ပါ ၃စီးလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၁စီးလျှင်(၂၅၀)ကျပ်၊ ပဲတောင့်ရှည် သီး (၈)တောင့်ပါ ၂စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျား ပိန္နဲသီးပြုတ် ဈေးနှုန်းအခြေအနေ

             ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အသီးတစ်မျိုးဖြစ်ပါသည်။

           ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်ကို (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် ပိန္နဲသီးပြုတ်ကို (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးတွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျား ပျားသလက် ဈေးနှုန်းအခြေအနေ

           ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး တောတောင်ဒေသကိုအမှီပြု၍  နွေရာသီ ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့်ပျားသလက်ရှာဖွေသည့် လုပ်ငန်းကိုလုပ်ကိုင်ကြပြီး ပျားရည်နှင့် ပျားသလက်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

           ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ပျားသလက်ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော တိုင်ထောင်သခွားသီး ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့သည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် တိုင်ထောင်သခွားသီးကိုလည်း စိုက်ပျိုးထားရှိပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ပို့ဆောင်ကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဒေသထွက် ဘူးတိုင်ထောင်သခွားသီး ဈေးနှုန်းအနေဖြင့် တိုင်ထောင်သခွားသီး အလုံး(အကြီး)တစ်လုံးလျှင်(၇၀၀)ကျပ် နှင့် တိုင်ထောင်သခွားသီး အလုံး(အသေး)တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချနေသော ‌ဘူးသီး ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘူးသီးများ စိုက်ပျိုးကာ ဒေသထွက် ဘူးသီးများ ဈေးကောင်း ရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင် ဒေသထွက်ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင်(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ်၊ ဘူးသီးတစ် စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ဘူးသီးတစ်စိတ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် အပတ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဘူးသီးဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်း အဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း

ကန့်ဘလူမြို့တွင် ရောင်းချနေသည့်စတော်ဘယ်ရီသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချ လျက်ရှိ‌ကြောင်း သိရသည်။

             စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း စတော်ဘယ်ရီသီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်းအားကောင်း ကြောင်းကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့ ဒေသထွက်မာလကာသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မာလကာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်တဲ့အပင်ဖြစ်ပြီး မာလကာသီး သည်အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ မာလ ကာပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်အင်းကျေးရွာတွင် မာလကာပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ပြီးကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။မာလကာသီး၏တွင်းပိုင်းအသားသည် အဖြူရောင်(အူဖြူသီး)နှင့် ပန်းရင့်ရောင်(ဝါ)ကြက်သွေးပျော့ရောင် (အူနီသီး)စသည်ဖြင့်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော မာလကာသီးဈေး နှုန်းများမှာ မာလကာသီး အလုံးကြီးတစ်လုံးလျှင်(၁၀၀၀)ကျပ်၊ မာလကာသီးအလုံးလတ်(၁)လုံး လျှင်(၇၀၀)ကျပ်၊ မာလကာသီးအလုံးသေး(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မာလကာသီး၏အသားမှာချို၍ ကြွပ်ဆတ်ကာ အရသာရှိသဖြင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ အာလူးဈေးနှုန်း/ ဈေးကွက်‌

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ ကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်း မြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင် များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်း များမှ  အာလူးသီး (၁) ပိဿာလျှင်  ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် တို့ဖြင့် ရောင်းချကြောင်း၊ ဖေဖော်ဝါရီလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် အာလူးသီး (၁) ပိဿာ ဈေးနှုန်း ကွာဟမှုမှရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းများ ကျဆင်းလျက်ရှိ

            ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီး များကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

          ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျှင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သာသောကြောင့် ယခုအခါမှာတော့ ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရ ပါသည်။

            ယခင် ၂၀၂၅ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ အပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀/ ၂၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၅၀၀) ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၃၀၀/၁၅၀၀) ကျပ်ဖြစ်ကာ (၂၅)ကျပ်သားလျှင်(၄၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၅၀၀/၁၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင်(၁၀၀၀/၈၀၀)ကျပ်ဖြစ်ကာ (၅၀)ကျပ်သားလျှင်(၅၀၀/၄၀၀)၊ (၂၅)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင် ဖေဖော်ဝါရီလ ပထမ အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက  ခရမ်းချဉ်သီး ဈေးနှုန်း ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း