ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့နယ်အတွင်း ရာသီစာပိန်းဥများ ဈေးကွက်ဝင်ရောက်၊ အရောင်းအဝယ်ကောင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ရာသီစာဖြစ်သော ပိန်းဥများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဒေသခံစားသုံးသူများ၏ ဝယ်ယူမှုဖြင့် အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ကျေးရွာများမှ တင်ပို့ရောင်းချသည့် ပိန်းဥများကို စားသုံးသူများက ပြုတ်၍ဖြစ်စေ၊ ပိန်းဥရွက်နှင့်ရောချက်ပြုတ်၍ဖြစ်စေ နှစ်သက်စွာ စားသုံးလျက် ရှိသည်။ ပိန်းဥသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေး ကောင်းစေခြင်း အပါအဝင် ကျန်းမာရေးကောင်းကျိုးများစွာ ရှိသည့် ရာသီစာ ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်သည်။

     လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းသို့ ကျေးရွာဒေသများမှ တင်ပို့ ရောင်းချသည့် ပိန်းဥ၏ လက်ကားဈေးနှုန်းမှာ ကျပ် (၂,၅၀၀) မှ (၂,၈၀၀) (တစ်ပိဿာ) ဖြင့် ရောင်းချနေကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ဈေးများတွင် လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၃,၀၀၀) မှ (၃,၅၀၀) (တစ်ပိဿာ) အထိ ရောင်းချလျက်ရှိပြီး ညနေဈေးသည်များနှင့် လှည့်လည်ရောင်းချသူများမှာ ပြုတ်ပြီးသား ပိန်းဥများကို တစ်လုံးချင်းစီရောင်းချနေကြောင်း သိရသည်။

   ပိန်းဥများ ဈေးကွက်ဝင်ရောက်လာခြင်းနှင့်အတူ ဒေသခံစားသုံးသူများအနေဖြင့် ဈေးနှုန်း သင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်အတွင်း မိုးစပါးစိုက်ဧက တိုးမြင့်လာ၊ ဒေသတွင်းဝမ်းစာအတွက် အဓိကအားထားရ

      ဧရာဝတီတိုင်းဒေသကြီး၏ စပါးကျီဟုတင်စားခံရသော ပုသိမ်ခရိုင်အတွင်း ယခု မိုးရာသီတွင် မိုးစပါးစိုက်ဧကများ ယခင်နှစ်များထက် တိုးတက်စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းရန် မျှော်မှန်းထားကြောင်း သိရသည်။ ပုသိမ်ခရိုင်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်း၊ ရေရရှိမှု အတန်ငယ်ကောင်းမွန်ခြင်းတို့ကြောင့် စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။

    ၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးနှစ်အတွင်း ခရိုင်တစ်ခုလုံးတွင် မိုးစပါးဧက ဧကပေါင်း (၂ သိန်း ခန့်) စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ကြိုတင်ခန့်မှန်းချက်အရ သိရှိရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဒေသခံများကြိုက်နှစ်သက်ပြီး အထွက်နှုန်းကောင်းသော ဆင်းသုခ၊ မနောသုခ၊ အောင်နိုင်တိုး နှင့် ရွှေသဇင် အစရှိသော မျိုးများကို အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုးသည့် စပါးများကို ဒေသအတွင်းရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်များကို ဒေသတွင်းရွာသားများ၏ နေ့စဉ်ဝမ်းစာရိက္ခာအဖြစ် အဓိကသုံးစွဲကြသည်။ ထို့အပြင် ကြိတ်ခွဲပြီးရရှိသော ဖွဲနုနှင့် စပါးခွံများကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုကြသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ချိတ်ဆက်လုပ်ကိုင်သော ဒေသဖြစ်သည်။

     ယခင်နှစ်များ၏ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ တင်းပေါင်း (၉၀) မှ (၁၀၀) ခန့် ရှိခဲ့ပြီး၊ ထွက်ရှိသောစပါးများအား တင်းချိန် (၁၈,၀၀၀) မှ (၂၀,၀၀၀) ကြားဒေသပေါက်ဈေးဖြင့် ရောင်းချ ကြေငြာသော်လည်း အများစုမှာ ကိုယ်တိုင်စားသုံးရန် သိုလှောင်ထားကြခြင်း သို့မဟုတ် ဒေသ တွင်းဈေးကွက်သို့သာ အနည်းငယ်စီဝင်ရောက်ခြင်းကြောင့် ပြည်တွင်းဆန်ဈေးကွက်သို့ စီးဆင်းမှု နည်းပါးကြောင်း သိရသည်။ ပုသိမ်ခရိုင်သည် မိုးစပါးထွက်ရှိမှု ကောင်းမွန်သော်လည်း ထုတ်ကုန် အများစုကို ဒေသတွင်းသုံးစွဲမှုက အဓိကစားသုံးနေသဖြင့် ပြည်တွင်းဆန်ဈေးကွက်အပေါ် လွှမ်းမိုးမှုအနည်းငယ်သာရှိပြီး ဒေသခံလယ်သမားများ၏ ဝမ်းစာဖူလုံရေးနှင့် စီးပွားရေး တည်ငြိမ်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးဒေသအဖြစ် တည်ရှိနေပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် ငါးခြောက်ဈေးနှုန်းများ တည်ငြိမ်ပြီး အရောင်းအဝယ်သွက်လျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး၏ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ပုသိမ်မြို့နယ်အတွင်းရှိ ငါးခြောက်ဈေးကွက်သည် ယခုလက်ရှိတွင် တည်ငြိမ်ကာ အရောင်းအဝယ် သွက်လက်လျက် ရှိကြောင်း သိရသည်။ မုတ်သုန်မိုးကာလအတွင်း ပင်လယ်ပြင်အခြေအနေကြောင့် ငါးဖမ်းရန် အနည်းငယ်ခက်ခဲမှုရှိသော်လည်း ယခင်က သိုလှောင်ထားသော ကုန်ပစ္စည်းများ လုံလောက်စွာ ရှိခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ ယခင်ဈေးနှုန်းအတိုင်းသာ အဓိကရောင်းချနေကြောင်း ဈေးသည်များက ဆိုသည်။

      ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ငါးခြောက်ကုန်သည်ကြီးများထံမှ ရရှိသော သတင်းများအရ လက်ရှိ ငါးခြောက်ဈေးနှုန်းများမှာ ငါးနီတူးခြောက် (တစ်ပိဿာ) လျှင် ကျပ် ၂၂,၀၀၀ မှ ၂၆,၀၀၀ ငါးဖောင်ရိုးခြောက် (တစ်ပိဿာ)လျှင် ကျပ် ၄၅,၀၀၀ မှ ၅၅,၀၀၀  ငါးပုတ်သင်ခြောက် (လုံး) (တစ်ပိဿာ) လျှင် ကျပ် ၁၈,၀၀၀ မှ ၂၂,၀၀၀ ငါးပုတ်သင်ခြောက် (ပြား) (တစ်ပိဿာ) လျှင် ကျပ် ၂၂,၀၀၀ မှ ၂၈,၀၀၀ ငါးရောင်ခြောက် (တစ်ပိဿာ) လျှင် ကျပ် ၅၀,၀၀၀ မှ ၆၅,၀၀၀ ငါးရံ့ခြောက် (လုံး) (တစ်ပိဿာ) လျှင် ကျပ် ၇၀,၀၀၀ မှ ၈၀,၀၀၀ ငါးရံ့ခြောက် (ပြား) (တစ်ပိဿာ)  လျှင် ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ပုဇွန်ခြောက် (တစ်ပိဿာ) လျှင် ကျပ် ၃၀,၀၀၀ မှ ၆၅,၀၀၀ (အရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍) တို့ဖြစ်ပါသည်။         ပုသိမ်မြို့နယ်သည် ကမ်းရိုးတန်းဒေသတွင်တည်ရှိပြီး ငါးခြောက်လုပ်ငန်း စည်ပင်သာယာ သော ဒေသဖြစ်သဖြင့် ဒေသထွက် ငါးခြောက်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ရရှိနိုင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိသည်။ မိုးရာသီအကုန်တွင် ငါးဖမ်းရေယာဉ်များ ပုံမှန်ထွက်ခွာနိုင်ပါက ငါးခြောက်ရိက္ခာများ ပိုမိုဝင်ရောက်လာကာ ဈေးနှုန်းများ ပိုမိုတည်ငြိမ်လာနိုင်ကြောင်း ကုန်သည်များက မျှော်လင့်ထားကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း နံနံပင်ဈေးနှုန်း အနည်းငယ်မြင့်တက်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော နံနံပင်ဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ မိုးရွာသွန်းမှုများခြင်း၊ ခရီးသွားလာရေး အခက်အခဲနှင့် ဈေးကွက်သို့ ပို့ဆောင်ရောင်းချမှု အနည်းငယ် နည်းပါး လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ဈေးသည်တစ်ဦးက ဆိုသည်။ နံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် မပါမဖြစ် အသုံးပြုကြပြီး ဟင်းလျာများ၏ အရသာကို ပိုမိုထင်ရှားစေကာ ကျန်းမာရေးအတွက်လည်း အဟာရဓာတ်များ ပါဝင်သော စားဖွယ်တစ်ခုဖြစ်သည်။

      လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ဈေးကွက်များ တွင် နံနံပင် (၁၀)ပင်ပါသော တစ်စည်းကို လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၃၀၀) မှ (၄၀၀) အထိ မြင့်တက်ရောင်းချနေကြောင်း သိရှိရသည်။ နံနံပင် တစ်ပိဿာလျှင် ကျပ် (၂၅,၀၀၀) မှ (၃၀,၀၀၀) အထိ ရောင်းချနေကြောင်း သိရသည်။ ယခုကဲ့သို့ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းသည် စားသုံးသူများအတွက် ဝယ်ယူစားသုံးရာတွင် အနည်းငယ် ထိခိုက်မှုရှိနိုင်သော်လည်း နံနံပင်သည် မရှိမဖြစ်လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်သဖြင့် စားသုံးသူများ ဆက်လက်ဝယ်ယူနေကြောင်း သိရပြီး မိုးရာသီအလွန် ဆောင်းရာသီ တွင် ဈေးနှုန်းကျဆင်လာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်အတွင်း ပြောင်းဖူးများ လှိုင်လှိုင်ပေါချိန်တွင် ဈေးနှုန်းသင့်တင့်

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း ယခုအခါ မိုးရာသီစိုက်ပျိုးထုတ်လုပ်မှုများ အထွက်တိုးလာချိန်ဖြစ်သဖြင့် ပြောင်းဖူးများ ဈေးကွက်တွင် လှိုင်လှိုင်ပေါများလျက်ရှိသည်။ ပေါများချိန်နှင့်အညီ ဈေးနှုန်းများလည်း သင့်တင့်မျှတစွာ ရှိနေသဖြင့် စားသုံးသူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။

    ပြောင်းဖူးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ကာ ဗီတာမင် B12၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးသည်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေကာ ပရိုတင်းဓာတ်ကြွယ်ဝခြင်း ကြောင့် ကြွက်သားများကို သန်မာစေပြီး နေ့စဉ်လှုပ်ရှားမှုအတွက် စွမ်းအင် ပြည့်ဝစေသည်။ အဖူးလိုက်ပြုတ်၍ဖြစ်စေ၊ အစေ့ခြွေ၍ဖြစ်စေ၊ ထောင်း၍ကြော်ကာဖြစ်စေ စားသုံးနိုင်သော စုံလင်သည့် စားစရာတစ်ခုလည်း ဖြစ်သည်။

   လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးသူများထံမှ ကုန်စိမ်းဒိုင်များသို့ ရောင်းချသည့် ပြောင်းဖူး (၁)ဖူး၏ လက်ကားဈေးနှုန်းမှာ ကျပ် (၄၅၀) မှ (၅၅၀) ကြား ရှိပြီး၊ မြို့နယ်အတွင်းရှိ ဈေးများတွင် လက်လီဈေးအနေဖြင့် ကျပ် (၇၀၀) မှ (၈၀၀) ကြား ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုကဲ့သို့ ပြောင်းဖူးပေါချိန်တွင် ဈေးနှုန်းများ သင့်တင့်နေခြင်းသည် စားသုံးသူများအတွက် အာဟာရပြည့်ဝသောသီးနှံကို ဈေးနှုန်း ချိုသာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဖြစ်သည့်အလျောက် မိသားစုဝင်ငွေကို များစွာမထိခိုက်ဘဲ စားသုံးနိုင်ကြမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် ပိုက်ဆံလျှော် စမ်းသပ်စိုက်ပျိုးလျက်ရှိ

    လူဦးရေတိုးပွားလာသည်နှင့်အညီ စားနပ်ရိက္ခာ ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရန် လိုအပ်သကဲ့သို့ မြေဆီလွှာ၏ ကျန်းမာရေးကိုလည်း အထူးဂရုပြုရန် လိုအပ်သဖြင့် ပိုက်ဆံလျှော်များ ကို စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။ ပိုက်ဆံလျှော်သည် လျှော်အဖြစ်ထုပ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေဩဇာအဖြစ်လည်းကောင်း ၊ ကျွဲနွားစာအဖြစ်လည်းကောင်း၊ ပိုက်ဆံလျှော်ပင်များကို အခြောက်လှန်း၍ ထုထောင်းခြင်းဖြင့် ကြာမြင့်စွာသိုလှောင်နိုင်ပြီး ပိုက်ဆံလျှော် မြေဩဇာအဖြစ် လည်းကောင်း အသုံးပြုနိုင်ကြောင်း၊ ရိတ်သိမ်းရာတွင် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးပြီး ရက် (၆၀) မှ (၇၅) ရက်အတွင်း ထယ်မှောက်ပြီး အသုံးပြုရမည်ဖြစ်ကြောင်း၊ ၎င်းအချိန် သည် အာဟာရဓါတ် အများဆုံးပါဝင်ကြောင်း၊ သစ်စိမ်းမြေဩဇာ အသုံးပြုခြင်းအားဖြင့် ဓါတ်မြေ    ဩဇာ သုံးစွဲမှုကို လျော့ချနိုင်သဖြင့် ပိုက်ဆံလျှော်ဖြင့် သီးလှည့်စိုက်ပျိုးခြင်းသည် ရောဂါပိုးမွှားများ နှိမ်နှင်းရာတွင် အထောက်အကူဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

       တောင်သူအချို့သည် မိုးဦးကျကာလတွင် သီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်ကို စိုက်ပျိုးပြီး မြေပြင်ခြင်း၊ သစ်စိမ်းမြေဩဇာ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးကြကြောင်း၊ယခုနှစ်တွင် သာစည်မြို့နယ်၌ ပိုက်ဆံလျှော် (၄)ဧကခန့် စိုက်ပျိုးထားရှိပြီး  ပိုက်ဆံလျှော်များကို စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် (၃)ပြည်ခန့် စိုက်ပျိုးရကြောင်း၊ သာစည်မြို့နယ်၊ အင်တိုင်းသာကျေးရွာတွင် ပိုက်ဆံလျှော် တစ်ပြည် လျှင် ၈၀၀၀/၊-၉၀၀၀/-ကျပ်နှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

 

 

(DOCA ဧရာဝတီ)

 

ပန်းမုံလာများ ဈေးကောင်းရလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ပန်းမုံလာသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ပန်းမုံလာများကို စတင်ဘာလ၊ အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၅) ထုပ်ကို ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲခန့် ရလျှင် စိုက်ခင်းထဲသို့ ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပျိုးပင်အရေအတွက် တစ်သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း၊ ပန်းမုံလာပင်များသည် ရာသီဥတုဒဏ်နှင့် ပိုးမွှားအန္တရာယ်ကျရောက်ပါက ပျက်စီးမှုလွယ်သည့် သီးနှံဖြစ်သည့်အတွက် နေ့စဉ်ကြည့်ရှုပြီး အထူးဂရုစိုက်ရသည့် သီးနှံဖြစ်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်သည့် အချိန်အထိ ပိုးသတ်ဆေး (၃)ကြိမ်ခန့် ဖြန်းပေး ရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပန်းမုံလာများအား စတင်စိုက်ပျိုးပြီး (၂)လ၊ (၂)လခွဲခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် ပန်းမုံလာ(၆၀၀၀-၆၅၀၀) ပွင့်ခန့် ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် ပွဲစားများမှ ပန်းမုံလာတစ်ပွင့်လျှင် (၇၀၀/- မှ ၈၀၀/-)ကျပ်နှုန်းဖြင့် အပွင့်အသေး/အကြီးပေါ် မူတည်၍ စိုက်ခင်းထဲအရောက် ဝယ်ယူကြကြောင်း၊ ဈေးများအတွင်း၌လည်း ပန်းမုံလာတစ်ပွင့်လျှင် (၁၀၀၀/- မှ ၁၅၀၀/-)ကျပ်နှုန်းဖြင့် ဈေးကောင်းရရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ပန်းမုံလာတစ်ဧကလျှင် (၃၀၀၀၀၀၀/-)ကျပ်ခန့် အမြတ်ရရှိကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ပန်းမုံလာသီးနှံအား စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

(DOCA ဧရာဝတီ)

 

ဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံ

    ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင် ဈေးကွက်အတွင်း စက်တင်ဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။(DOCA ဧရာဝတီ)

ပုသိမ်မြို့၌သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးသည့် ပြောင်းစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိ

      ပုသိမ်မြို့နယ်၌ ဖူးစားပြောင်းကို သီးထပ်စိုက်ပျိုးကာ နှစ်ပတ်လည် စဉ်ဆက်မပြတ် စိုက်ပျိုးလျှက်ရှိကြောင်း ထိုဒေသထွက်ပြောင်းများကို ဝယ်လိုအားကောင်းမွန်သည့် ဒေသဈေးကွက်  နှင့် အနယ်နယ်အရပ်ရပ်ရှိ ပြောင်းဈေးကွက်များသို့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်၍ ပြောင်းစိုက်    တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။ ပြောင်းစိုက်တောင်သူများသည်ယခင်က ဒေသတွင်း စားသုံးရန်သာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလာကြပြီး အထွက်ကောင်းသော မျိုးကောင်း မျိုးသန့်ပြောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိပါသည်။

      ပုသိမ်မြို့နယ် ပြောင်ဈေးကွက်၌ ယခု ဒုတိယပတ်တွက် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူးလျှင် (၆၀၀)ကျပ် တို့ဖြင့် ရောင်းချနေပြီး ဈေးကောင်းရရှိလျက်ရှိရာ ပြောင်းစိုက်တောင်သူများသာမက ဝယ်ယူရောင်းချသူဒေသခံပြည်သူ များလည်း အကျိုးအမြတ်ခံစားရပြီး မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိဝါးပိုးဝါးပင်မှထွက်ရှိသည့်ဝါးပိုးဝါးမျှစ်ချဉ်

     ဝါးပင်ပေါက်ကလေးများပေါများစွာထွက်ရှိသည့် ဒေသဖြစ်ပါသည်။တောထဲတွင် ပေါက်ရောက်သော ဝါးပိုးဝါး၊ ကြက်သောင်းဝါး၊ ဝါးဟောင်းဝါး၊ ထီးတန်းဝါး စသည်တို့မှ မျှစ်များစုံလင်စွာ ရရှိပါသည်။ဝါးပိုးဝါးမှရသော မျှစ်များကို မျှစ်အစိမ်းအဖြစ်သုံး၍ ရနိုင်သလို မျှစ်ချဉ်အဖြစ်လည်း ပြုလုပ်ပြီး ရာသီမရွေးစားသုံး၍ရပါသည်။ဝါးပိုးပင်မှရရှိသည့် ဝါးပိုးမျှစ်များကို လတ်လတ်ဆတ်ဆတ်စားသောက်ရန်အတွက် အခွံနွှာ၍ ပါးပါးလှီးပြီး ရေသန့်တွင် သေချာစွာဆေးပြီးလျှင် မျှစ်အစိမ်းအဖြစ်စားသောက်၍ ရနိုင်ပါသည်။

   ထို့အပြင် ဝါးပိုးမျှစ်ချဉ်ပြုလုပ်ရာတွင် ရေသန့်သန့်တွင် စိမ်ထားသော မျှစ်များကို နှစ်ရက်လျှင် တစ်ကြိမ် ရေအသစ်လဲလှယ်ပေးရပါသည်။ရေသုံးလေးကြိမ်လဲပြီးလျှင် ဆန်ကွဲ၊ ဆား တို့ဖြင့် မျှစ်ဖတ်များကို ရောနှောထားပြီး လေလုံသော အိုးများတွင် အပြည့်သိပ်ထားပြီး အပေါ်ဖတ်မှ ဆားရည်လောင်းထည့်ပေး၍ထားရပါသည်။ နှစ်ပတ်လည်ကြာအောင်ထားပြီးလျှင် အသင့်စားနိုင်သည့် မျှစ်ချဉ်များရရှိလာပါသည်။

   မျှစ်ချဉ်များကို (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချပြီး ထွက်ရှိလာသော မျှစ်ချည်များကို မြို့မဈေးသို့ ပို့ဆောင်ရောင်းချကြောင်း သိရှိရပါသည်။      

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း