ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ညောင်ချဉ်ရွက်နှင့်ညောင်ချိုရွက်များစတင်ထွက်ပေါ်လျက်ရှိ”

အညာဒေသတွင်ညောင်ချဉ်ရွက်၊ညောင်ချိုရွက်များစတင်ထွက်ပေါ်လျက်ရှိပါသည်။ဈေးကွက် ဝယ်လိုအားရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သော ညောင်ချဉ်ရွက် ၊ ညောင်ချိုရွက် များကိုခူး၍ ရေနွေးဖျောကာ အပုံလေးများပုံ၍ ရောင်းချကြသလို ပိဿာဖြင့်လည်း ရောင်းချကြကြောင်း ၊  ဖေဖော်ဝါရီလ ဒုတိယပတ် မှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၊  ညောင်ချဉ်ရွက် ၊ ညောင်ချို ရွက်ရောင်းချသူများ  နေ့စားအလုပ်သမားများမှ ခူးဆွတ်၍ ရောင်းချခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ် ရွက်၊ညောင်ချိုရွက် အနေတော်(၁)ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရပြီး ပိဿာဈေးအနေဖြင့် တစ်ပိဿာလျှင်(၁၅၀၀-၂၀၀၀)ကျပ်အထိ ရောင်းချကြရကြောင်း၊ ညောင်ချဉ်ရွက်၊ ညောင်ချိုရွက်ကို အတို့အမြုပ် အဖြစ်စားသုံးကြသလို၊ ဆီချက်၊ ပဲမှုန့်၊ မြေပဲဆံထောင်း လေးများဖြင့်လည်း လက်သုပ် သုပ်၍စားသုံးကြကြောင်း၊ အညာဒေသ ပေါ်ဦးပေါ်စ ရာသီစာ ညောင်ရွက်သုပ်များကို စားသုံးပေးသင့် ကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ငရုတ်(ဆောင်း)များစတင်ရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ခရိုင်အတွင်း ငရုတ်(ဆောင်း)စိုက်ဧက (၅၀၇၄)ဧက ၊ရိတ်ဧက(၆၂၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။စိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် (၁၅)သိန်း ကျပ်ခန့်ကုန်ကျကြောင်း၊ငရုတ်ကို ပျိုးထောင်၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းတွင်စိုက်ပျိုးခဲ့သော ဆောင်းငရုတ်များမှာ ယခု ဖေဖော်ဝါရီလ ၊ ဒုတိယအပတ်မှ စတင်၍ထွက်ရှိခဲ့ကြောင်း၊အထွက်တင်းအနေဖြင့်အစိုတင်း(၂၀၀-၃၀၀)ခန့်ထွက်ရှိကြောင်း၊အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို ၊ ဒီမွန် နှင့် ၆၉၂ မျိုးများကိုစိုက်ပျိုးကြပါသည်။ ရာသီမရွေးစိုက်ပျိုးနိုင် သောငရုတ်သီးနှံကို တောင်သူများမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးလာကြပါသည်။မြေဆီ၊မြေသြဇာ ကျွေးသည့်အပေါ်မူတည်၍ အပင်သက်တမ်းကြာနိုင်ပြီး အသီးအပွင့်များဝေဆာကာ အထွက်နှုန်း ပိုကောင်းကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် အစိုတင်း(၂၀၀-၃၀၀)ကျော်ထွက်ရှိပြီး အခြောက် တင်း(၈၀)ခန့် ပိဿာအနေဖြင့် အစိုပိဿာ(၁၀၀၀)၊ အခြောက်ပိဿာ(၄၀၀-၅၀၀)ထွက်ရှိကြောင်း၊ ငရုတ်သီးစျေးနှုန်းအနေဖြင့် ငရုတ်အခြောက်တစ်တင်းလျှင်(၃၀၀၀၀/-)ကျပ်၊အစိုတစ်ပိဿာလျှင် (၄၈၀၀/-)ကျပ်၊ငရုတ်အညှာခြွေတစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ်၊အညှာပါတစ်ပိသာလျှင်(၁၁၀၀၀/-) ကျပ် ၊ ငရုတ်သီးအမှုန့် တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ငရုတ်သီး စျေးကွက်အနေဖြင့် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချမှုများရှိသလို ပွဲစားများမှလည်း အခင်းထဲအရောက် လာရောက်ဝယ်ယူလျှက်ရှိပြီး ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ငရုတ်သီးစိုက်ပျိုးမှု(၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးထုတ်လုပ် မှုစရိတ်များနှုတ်ပြီးပါက သိန်း(၃၀)ကျပ်ခန့်မြတ်ကြောင်း၊ငရုတ်သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

“ပဲယဥ်းများစတင်ထွက်ရှိ”

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းပြီး စပါး၊ပဲ၊ ပြောင်း သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်(၅၁၈)ဧကစိုက်ပျိုးထားရှိကြောင်း၊ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများ

အရသိရှိရပါသည်။အောက်တိုဘာလဆန်းမှစတင်စိုက်ပျိုးခဲသော ပဲယဉ်းသီးနှံများမှာယခုဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ထွက်ရှိနေပြီဖြစ်ကြောင်း၊ပဲယဉ်းစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင် (၂၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျ ကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ပဲယဉ်းကြီးမျိုး နှင့် ပဲယဉ်းသေးမျိုးများဖြစ်ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၂၀-၂၅)တင်းထွက်ရှိပြီး ယခင်နှစ် ပဲယဉ်းစျေးနှုန်းအနေဖြင့် တစ်တင်း လျှင်(၄၅၀၀၀/-)ကျပ်ဖြစ်ပြီး ယခုလက်ရှိ ပဲယဉ်းပေါက်စျေးအနေဖြင့် တစ်တင်းလျှင်(၆၁၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း တောင်သူများမှ မိမိတို့ကျေးရွာနှင့်နီးစပ်သော ကျောက်ဆည် ၊ မြစ်သားမြို့ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျှက်ရှိပြီး ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များ သို့တင်ပို့ရောင်းချကြကြောင်း ပဲယဉ်းစိုက်ပျိုးမှု(၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး ပါက(၁၀)သိန်းကျော်မြတ်ကြောင်း ပဲယဉ်းစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရ ပါသည်။

DOCA(မန္တလေး)

 

 

“ရာသီချိန်သရက်များလှိုင်လှိုင်ဖူးပွင့်မှုနှင့်စိုက်ပျိုးမှုခြေအနေ”

          ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြေူရေးကိုအဓိကထားလုပ်ကိုင် ကြသော်လည်း ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကိုလည်း ယာမြေ နှင့် ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုး လျှက်ရှိပါသည်။သရက်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သောမျိုးများ ကိုသာရွေးချယ်စိုက်ပျိုးလျှက်ရှိပြီး တောင်သူအများစုသည် စိန်တလုံးသရက်၊ရွှေဟင်္သာနှင့်ပတ္တမြား ငမောက်သရက်မျိုးများကို အဓိကထား ကျယ်ကျယ်ပြန့်ပြန့် အများဆုံးစိုက်ပျိုးလာကြပြီး သရက် စိုက်ပျိုးရာတွင် ရှေးယခင်က အစေ့ပျိုးပင်များကိုသာစိုက်ပျိုးကြကြောင်း၊ယခုအချိန်တွင် သရက်စိုက် တောင်သူများသည် ခေတ်သစ်နည်းစနစ်ဖြင့် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးလာကြ ကြောင်း၊ကိုင်းကူးပျိုးပင်စိုက်ပျိုးခြင်းဖြင့် အသီးသီးမြန်ခြင်း၊သရကသီးများအလုံးလှ၍ စျေးကောင်းရရှိ ခြင်း အသေအပျောက်နည်းပါးပြီး ကုန်ကျစရိတ်သက်သာသောကြောင့် ၄င်းကိုင်းကူးပျိုးပင်များကို အဓိကထားစိုက်ပျိုးကြကြောင်းသိရှိရသည်။(၁)ဧက ကုန်ကျစရိတ်အနေဖြင့် သရက်စတင်စိုက်ပျိုး သည့်အချိန်တွင် ကုန်ကျစရိတ်များပြီး စိုက်ပျိုးပြီး အပင်သက်တမ်း(၃)နှစ်သားအရွယ်တွင် သရက်များ စတင်ဖူးပွင့်သောကြောင့်နှစ်စဉ်သရက်ရာသီအချိန်တွင် ဆေးဖြန်းခြင်း၊ကိုင်းဖြတ်ခြင်း၊မြေသြဇာကျွေး  ခြင်းနှင့်အိတ်စွပ်ခ၊အသီးခူးဆွတ်ခ၊စုစုပေါင်း(၁၀)သိန်းကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ ယခုအချိန်တွင် ရာသီချိန်သရက်များ လှိုင်လှိုင်ဖူးပွင့်လျှက်ရှိပြီး ရာသီဥတုကောာင်းမွန်ပါက အထွက်နှုန်းကောင်းမွန်၍ သရက်သီးများထွက်ပေါ်ချိန်တွင် စျေးနှုန်းကောင်းနိုင်ပြီး အကျိုးအမြတ်များလည်း ပိုမိုရရှိမည်ဖြစ် ကြောင်း၊သရက်သီးနှံသည် တွက်ချေကိုက်သီးနှံဖြစ်သောကြောင့် ပိုမိုတွင်တွင်ကျယ်ကျယ် စိုက်ပျိုး သင့်ပါကြောင်းကို ရွာ‌ဟောင်းကုန်းကျေးရွာမှ သရက်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိ ရသည်။

DOCA(မန္တလေး)

 

“စဉ့်ကိုင်မြို့နယ်၌ထိုင်ဝမ်ဇီးသီးများလှိုင်လှိုင်ထွက်ပေါ်ပြီးစျေးကောင်းရ”

ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံကိုလည်း ရာသီအလိုက်စိုက်ပျိုးကြကြောင်းသိရသည်။ဇီးပင်စိုက်ပျိုးရာတွင် နှစ်စဉ် ဇွန်လတွင်စတင်စိုက်ပျိုးကြပြီးစိုက်ပျိုးပြီး(၃)နှစ်ခန့်အကြာတွင်ဇီးသီးများကိုစတင်ခူးဆွတ်ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ထွန်ယက်ခ၊လုပ်သားခအပါ စုစုပေါင်း(၂၅-၃၀)သိန်း ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ထိုင်ဝမ်ဇီးသီးများ နိုဝင်ဘာလတွင် စတင်ထွက်ပေါ်ပြီး ဇန်နဝါရီနှင့် ဖေ‌ဖော်ဝါရီလများတွင် လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပြီး ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တစ်ပတ် ခူးဆွတ်မှုအနေဖြင့် အပင်သီးနှုန်းပေါ်မူတည်ပြီး (၃၅-၄၅)ဖာဝန်းကျင်ခန့်ထွက်ရှိကြောင်း၊ ပေါ်ဦးပေါ်စ အချိန်တွင် အရောင်းသွက်၍ စျေးကောင်းများရရှိပြီး ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင်လည်း စျေးနှုန်း ကျဆင်းခြင်းမရှိဘဲ တောင်သူများစျေးကောင်းရရှိပြီး  ဇီးသီး(၁၀)ပြည်ပါ တစ်ဖာလျှင် လက်ကားစျေး (၂၀၀၀၀/-)ကျပ်စျေးရှိပြီးလက်လီစျေးနှုန်းအနေဖြင့်(၁)ပြည်လျှင် အလုံးအကြီး၊အသေးပေါ်မူတည်ပြီး (၂၅၀၀-၃၀၀၀)ကျပ်စျေးနှုန်းများဖြင့်ရောင်းချ လျှက်ရှိကြောင်း၊ယခုနှစ်တွင် ရာသီပေါ် ထိုင်ဝမ် ဇီးသီး များပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းစျေးကွက်တွင် အရောင်းအဝယ်သွက်၍ စျေးကောင်းများရရှိနေကြောင်းသိရသည်။ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် (၅၀)သိန်းဝန်းကျင် ခန့်ရရှိကြောင်းကို တအုံကျေးရွာမှ ဇီးသီးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)

 

“ချဉ်ပေါင်စိုက်ပျိုးဝင်ငွေတိုး”

ဈေးကွက်ဝယ်လိုအားရှိပြီး လူတိုင်းအမြဲစားသုံးသော ချဉ်ပေါင်ရွက်သီးနှံကိုလည်း တောင်သူ ဦးကြီးများမှမိသားစုဝင်ငွေတိုးရန်အတွက် တနိုင်တပိုင် စီးပွားဖြစ်စိုက်ပျိုးထားကြပါသည် ။ ချဉ်ပေါင် သီးနှံကို မျိုးစေ့ထုပ်ဝယ်၍  ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေတိုးသော ချဉ်ပေါင်ပင်များကို စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း ဝင်ငွေအလွယ်တကူရရှိသောကြောင့်ချဉ်ပေါင်ပင်များကိုအလေ့ထားစိုက်ပျိုးလာကြပါသည်။ချဉ်ပေါင်

(၁)ဧကစိုက်ပျိုးလျှင် ချဉ်ပေါင်မျိုးအနေဖြင့် (၈)ပြည်ခန့် ကုန်ကျကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၈၀၀၀/-)ကျပ်ဝယ်ယူရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း(၃၁၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊တစ်လသားအရွယ်တွင် စတင် ရိတ်သိမ်းခူးဆွတ်ရောင်းချရကြောင်း၊ချဉ်ပေါင်စျေးနှုန်းအနေဖြင့် ချဉ်ပေါင်ပင် ၅ပင်စည်း တစ်စီးလျှင် ဖောက်သည်စျေးအနေဖြင့်(၈၀/-)ကျပ်ဖြင့်ပေးသွင်းရပြီး လက်လီစျေးအနေဖြင့်(၁၅၀/-)ကျပ်စျေးနှုန်း ဖြင့်ရောင်းချရကြောင်း၊(၁)ဧက အထွက်နှုန်းအနေဖြင့် ချဉ်ပေါင်ပင်အစည်းပေါင်း(၆၅၀၀၀)စီးထွက်ရှိ ကြောင်း၊ချဉ်ပေါင်(၁)ဧက အကျိုးအမြတ်အနေဖြင့် (၄၈၉၀၀၀/-)ကျပ်ခန့် အမြတ်ရရှိပြီး နေ့စဉ်ဝင်ငွေ ရရှိနေသော ချဉ်ပေါင်ပင်များကို ပိုမိုစိုက်ပျိုးလာကြောင်း၊ ချဉ်ပေါင်စိုက်ပျိုးသော ရန်ပုံနှစ်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“တစ်လပဲ(ခ)ပဲထောင့်ရှည်စိုက်ပျိုးခြင်းနှင့်စျေးနှုန်းစျေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် စပါး ၊ပဲမျိုးစုံ နှင့်ဆီထွက်သီးနှံများ စိုက်ပျိုး သည့်အပြင်စားဖိုဆောင်သီးနှံများကိုလည်းရာသီအလိုက်မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါ သည်။၄င်းသီးနှံများအနက် တိုင်ထောင် တစ်လပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါ သည်။ပဲတောင့်ရှည်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊အစိမ်းရင့်၊ကတ္တီပါအနီရောင်မျိုးများကို အများဆုံးစိုက်ပျိုးကြောင်း(အန်ဒီ ၃၁၃)တံဆိပ်မျိုးတစ်ထုပ်လျှင်(၆၀၀၀/-)ကျပ်ပေးဝယ်ရကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ်မူတည်ပြီး (၁)ဧကလျှင်ပိဿာ(၃၅၀-၄၀၀) အထိထွက်ရှိကြောင်း၊ဖောက်သည်စျေးအနေဖြင့် (၁)ပိဿာလျှင်(၁၅၀၀/-)ကျပ်၊လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင်(၂၀၀၀/-)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ပဲတောင့်ရှည်သီးနှံကို ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း၊မြို့ပေါ်စျေးများသို့လည်း ကိုယ်တိုင်သွားရောက်၍ရောင်း ကြကြောင်း၊အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၂၂၅၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊စျေးနှုန်း ကောင်းမွန်သောကြောင့် တောင်သူများတွက်ချေကိုင်ကြောင်း၊စိုက်ပျိုးစရိတ်သက်သာပြီး မိသားစု အပိုဝင်ငွေလည်းရရှိကြောင်း၊ပဲတောင့်ရှည်စိုက်ပျိုးသော ကြက်ဆင်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“စျေးကောင်းရနေသောဒန့်သလွန်သီးများ”

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါးကိုအဓိကထား စိုက်ပျိုးကြပြီး တောင်သူများသည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကို မိသားစု အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည် ။ ဒန့်သလွန်ပင်သည် ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပြီး မည်သည့်မြေအမျိုးအစားမဆို ရှင်သန်ဖြစ်ထွန်းကြီးထွားနိုင်ပါသည် ။ ဒန့်သလွန်ပင် သည်ရေမဝပ်သောမြေများတွင် စိုက်ပျိုးပါကပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ဒန့်သလွန်အစေ့ကို မြေကြီးတွင် တိုက်ရိုက်ချစိုက်ပျိုး၍သော်လည်းကောင်း ၊ ကိုင်းဖြတ်စိုက်ပျိုးနည်းဖြင့်လည်းကောင်း စိုက်ပျိုးကြပါသည်။ကိုင်းဖြတ်စိုက်ပျိုးသော ဒန့်သလွန်ပင်သည် (၂)နှစ်သားအရွယ်တွင် စတင်သီးပွင့် ပါသည်။(၃-၄)နှစ်သားအရွယ်တွင် အသီးများ အများဆုံးသီးပါသည်။အစေ့ချစိုက်ပါက(၆)လနှင့်အသီး သီးသောဒန်သလွန်မျိုးများကိုသာစိုက်ပျိုးလာကြပါသည်။ ဖေဖော်ဝါရီလ၊မတ်လ နှင့် ဧပြီလများတွင် ဒန့်သလွန်သီးများဖြိုင်ဖြိုင်သီးသောလများဖြစ်ပါသည်။အပင်တစ်ပင်တွင် (၁)နှစ်ပတ်လုံး အသီးတောင့် (၆၀၀)အထိသီးကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းတွင် ဒန့်သလွန်သီး လက်လီစျေး(၁၀)တောင့် တစ်စီးလျှင်(၅၀၀-၈၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး စိုက်ပျိုးမှုများသော ဒန့်သလွန်ခြံများတွင် ဖောက်သည်စျေးအနေဖြင့် လက်ကားစျေး ဒန့်သလွန်သီးအတောင့်(၁၀၀)လျှင် (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ဒန့်သလွန်ပင်သည် ဆေးဖက်ဝင်အပင်ဖြစ်ပြီး အရွက်ကိုဟင်းချိုရည်ချက်ပြီး စားသုံး၍ရသလို အပွင့်ကိုရေနွေးဖြင့်ဖျောပြီး သုပ်စား၍လည်းရကြောင်းသိရှိရပါသည်။ဒန့်သလွန်သီး ကိုအချဉ်ရည်ဟင်းချက်၍လည်းကောင်း၊ ပဲကုလားဟင်းချက်ရာတွင် ဒန့်သလွန်သီးမှာမပါမဖြစ်သော အသီးဖြစ်ပါသည်။ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအနေဖြင့် အရေးပေါ်သွေးကျဆေး မရှိပါက ဒန့်သလွန်အစေ့ကိုဝါးစားပါက ရောဂါမတိုးအောင်ကာကွယ်၍ရပါသည်။ဒန့်သလွန်စိုက်ပျိုး ခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးသည့်အပြင် ကျန်းမျာရေးအတွက် ဆေးဖက်ဝင်သော သီးနှံဖြစ်သည့် ဒန်သလွန်ပင်များကို အိမ်တိုင်းစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

 

 

ခံတွင်းပျက် ထမင်းမမြိန်သူများအတွက် သဘာဝဓာတ်စာကင်ပွန်းချဉ်

ပူပြင်းသောနွေကာလနှင့်လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်းအစာတစ်မျိုးမှာ ကင်ပွန်း ချဉ်ဖြစ်ပါသည်။ ကင်ပွန်းချဉ်ပင်သည် အကိုင်းတွင်ဆူးပါသော နွယ်ယောင်ချုံပင်မျိုးဖြစ်ပါသည်။ ကင်ပွန်း ချဉ်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားသဘာဝအလျောက် အလေ့ကျပေါက်သော စားသုံးအပင်မျိုးဖြစ်သော်လည်း ယခုအခါ ပျိုးပင်ပျိုးခြံများတွင် ကင်ပွန်းချဉ်ပျိုးပင်ပေါက်များ ပျိုးထောင်၍ ရောင်းချလျက်ရှိပါသည်။ကင်ပွန်းချဉ် ပင်သည် အသီး၊အရွက်၊အဖူး၊အပွင့်အားလုံးအသုံးဝင်ပါသည်။ ကင်ပွန်းသီးကို ရှေးယခင်ကထဲကယခုအချိန်အထိ တရော်ကင်ပွန်းခေါင်းလျှော်ရည်အဖြစ် ခေါင်းဆေးမင်္ဂလာပြုလုပ်ကြပါသည်။အိမ်သန့်၊ ဝိုင်းသန့်ရန်အတွက်သော် လည်းကောင်း၊ မင်္ဂလာယူကြသော အိမ်တက်၊ကျောင်းတက်စသော အခမ်းအနားများတွင်လည်းကောင်း၊ အန္တရာယ်ကင်းစေရန်အတွက် တရော်ကင်ပွန်းရည်ကို ပတ်ဖြန်းပေးကြပါသည်။ ကင်ပွန်းသီးခြောက်ကိုပြုတ်၍ တရော်ကို ထုထောင်းထည့်ကာ သင်္ကြန်အကြိုနေ့နှင့် နှစ်ဆန်းတစ်ရက်နေ့များတွင် ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် အတွက် ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများလည်းရှိပါသည်။တိုးတက်လာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ တံဆိပ်အမျိုးမျိုး၊ brand  အမျိုးမျိုးဖြင့်သုံးစွဲကြသော်လည်း ရှေးမူမပျက်ကျက်သရေမင်္ဂလာအတွက် တရော်ကင်ပွန်းကို သုံးစွဲကြစမြဲဖြစ်ပါသည်။ကင်ပွန်းချဉ်၏ ကင်ပွန်းဖူးဥများကိုလည်း ကင်ပွန်းဖူးချဉ်ရည်ဟင်း၊ ချက်ပြုတ်စားသောက်ကြပါသည်။ကင်ပွန်းချဉ်ရွက်ကိုချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း၊ကင်ပွန်းချဉ်ထောင်းမီးအုန်း၍သော်လည်းကောင်း စားသုံးပါက ထမင်းမြိန်၊ခံတွင်းလိုက်သော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ကင်ပွန်းချဉ်သည် အသဲအတွက် အစွမ်းထက်၊အသုံးဝင်ပါသည်။ကင်ပွန်းချဉ်ရွက်နုကိုကြိတ်ပြီး အသည်းရောင် သည့်နေရာတွင် စိတ်ရှည်လက်ရှည်လိမ်းပေးပါက ရောဂါသက်သာစေပါသည်။ကင်ပွန်းရွက်ဟင်းချိုသည် လူတိုင်းနှင့်သင့်လျော်ပြီး ကိုယ်တွင်းအပူကိုငြိမ်းစေပ ါသည်။ ကျောက်ကပ်ကိုအားပေးသဖြင့် ဆီးရွှင်စေ ပါသည်။နာလန်ထစလူမမာများ ကင်ပွန်းချဉ်ဟင်းနှင့် ငါးခြောက်ဖုတ်စားက ထမင်းမြိန်စေပါသည်။ ကင်ပွန်း ချဉ်သည် နေမကောင်းသူများ ၊ခံတွင်းပျက်သူများအတွက် ဓာတ်စာဆေးဝါးဖြစ်ပါသည်။sme လုပ်ငန်း အနေဖြင့်လည်း ကင်ပွန်းချဉ်မှ scurb၊ခေါင်းလျော်ရည်များ ထုတ်လုပ်ကြပြီး စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရှိရသည်။ ဈေးကွက်အတွင်း၌ ကင်ပွန်းချဉ်ရွက်ကို တစ်နှစ်ပတ် လုံးဝယ်ယူရရှိသော်လည်း ရာသီချိန်ပေါများပြီး ဈေးသက်သာကြောင်း သိရှိရသည်။ကင်ပွန်းချဉ်ရွက် တစ်ဆယ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်စည်းလျှင် (၅၀၀)ကျပ်ဖြစ်ကြောင်းဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ပင်စိမ်းအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

ပင်စိမ်းပင်သည် နေရာဒေသမရွေး အလေ့ကျပေါက်သည့် အပင်မျိုးဖြစ်ပါသည်။ ပင်စိမ်းပင် တစ်ပင် လျှင် ပင်စိမ်းသီးများစွာသီး၍ အစေ့များစွာပါဝင်သောကြောင့် အပင်မျိုးပွားမှု အားကောင်းပါသည်။ပင်စိမ်းပင်ကိုအိမ်တိုင်းလိုလိုစိုက်ပျိုးထားကြပြီးစီးပွားဖြစ်လဲစိုက်ပျိုးရောင်းချကြပါသည်။ပင်စိမ်းရွက်ကို အညှီနံ့ပျောက်စေရန် အတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြု ကြပါသည်။ပင်စိမ်းပင်သည် ကျန်းမာရေးအတွက်ကောင်းမွန်သော ဆေးဖက်ဝင်အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ပင်စိမ်းပင်သည် တစ်ရက်လျှင် နာရီပေါင်း(၂၀)အောက်စီဂျင် ထုတ်လွှတ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ရုတ်တရက်အသက်ရှူကြပ်လာပြီး အောက်စီဂျင်မရခဲ့သော် ပင်စိမ်းရွက်ကို ထောင်း၍ အရည်ကို ဆားအနည်းငယ်ခတ်ပြီး သောက်သုံးရပါသည်။ပင်စိမ်းရွက်ကိုနေ့တိုင်း စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်း၊ ဝမ်းဗိုက်နှင့်ပါးစပ်တွင်ဖြစ်တတ်သောရောဂါများ ကင်းဝေးစေပြီး အစာချေ စနစ်ကို ကောင်းမွန်စေပါသည်။ပင်စိမ်းရွက်ရေစိမ်ပြီးနေ့တိုင်းသောက်ပေးပါက ဆီးချို မဖြစ်အောင် ကာကွယ်ပေး နိုင်ပါသည်။ပင်စိမ်းရွက်ကို သံပရာရည်နှင့်ရောကြိတ်ပြီး လိမ်းပေးပါ က နှင်းခူနှင့်ယားနာများသက်သာ ပျောက်ကင်းနိုင်ပါသည်။ပင်စိမ်းစေ့ကို ကြိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက်သောရောဂါများ ပျောက်ကင်းနိုင် ပါသည်။ပြတ်ရှဒဏ်ရာများ ကို ပင်စိမ်းရွက်ကို အရည်ညှစ်ပြီးထည့်ပေးပါက လျှင်မြန်စွာသက်သာပျောက်ကင်းပါ သည်။မိမိအိမ်ဝိုင်းအတွင်း၌ ပင်စိမ်းပင်စိုက်ပျိုးထားခြင်းဖြင့် ယင်၊ပိုးကောင်၊မြွေများ ကင်းဝေးစေပါသည်။ ပင်စိမ်းပင်သည် အနံ့စူးရှပြီးမွှေးကြိုင်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလည်းဖြစ်ပါသည်။ပင်စိမ်းပင်သည် တစ်နှစ်ပတ်လုံးဈေးကွက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်မျိုးဖြစ်သည်။ ပင်စိမ်းပေါက်ကလေး များကိုလည်းကောင်း ပင်စိမ်းပင်အကြီး၏ အကိုင်း၊အခတ်များကိုလည်းကောင်း၊ အစည်းကလေးများ စည်း၍ ဈေးကွက်အတွင်းရောင်းချလျက်ရှိပြီး ပင်စိမ်းပင်(၅)ပင်တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ပင်စိမ်းပင်သည် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသောကြောင့် အိမ်တိုင်းအိမ်တိုင်းစိုက်ပျိုးထားရှိသင့်သည့် အပင်တစ်မျိုး ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း