ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်မိုးစပါးစိုက်ပျိုးထားရှိမှုနှင့်ဆန်စပါးဈေးနှုန်း

           မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့် ဂွေးကုန်းရွာ၊ လက်ပံအိုင့်ရွာ၊ လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင်  ဆည်ရေသောက်‌ဒေသများတွင် မိုးစပါး (၇၆၄) ဧကစိုက်ပျိုးထားကြောင်းနှင့် စိုက်ပျိုးရန်ကျန်ရှိသော ဧကများ စက်တင်ဘာလ တွင်ဆက်လက် စိုက်ပျိုးနေကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊  ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေသောက်စနစ် ဖြင့်စိုက်ပျိုးကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် ၉၇ တင်းမှ ၁၀၀ တင်းခန့်ထွက် ရှိကြောင်း၊ ထွက်ပေါ်ချိန် စပါးတစ်တင်းလျှင် ဒေသပေါက်ဈေး (၁၈၀၀၀-၂၀၀၀၀) ကျပ်ခန့်ပေါက် ဈေးရှိသော်လည်း အရောင်းအဝယ်မရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသအတွင်းရှိစက်များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန်သားများကို ‌ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန် အစာအဖြစ် အသုံးပြုကြကြောင်း၊ ဒေသတွင်း‌ပေါက်ဈေးအနေဖြင့် မနောသုခဆန်တစ်တင်းခွဲ တစ်အိတ် လျှင် (၇၀၀၀၀-၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အညာ ကြက်သွန်နီ စျေးကွက်

         မြင်းခြံမြို့နယ်တွင်းသို့ ၂၈-၈-၂၀၂၅ ရက်နေ့မှ ၄-၉-၂၀၂၅ ရက်နေ့ထိ တစ်ပတ်တာအတွင်း ကြက်သွန်နီ ပိဿာချိန် ၄ သိန်းကျော်ဝင်ရောက်ခဲ့ပြီး ကုန်စည်ဒိုင် လက်ကားပြတ် ဈေးအနေဖြင့် အနိမ့် တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့် ၁၁၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအပြောင်းအလဲမရှိ မြို့ပေါ်လက်လီအရောင်းသမားများနှင့် နယ်ဝယ်တင်သမားများ ပုံမှန်အဝယ်ရှိအပြီး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရသည်။

        မြင်းခြံမြို့၊ အေးမြသီတာစျေး၊ စံပြဈေးနှင့်ဈေးပြင်ဘက် ပြန်ကျတန်းမျာတွင် ရောင်းချလျက်ရှိသော နွေကြက်သွန်နီလက်လီတစ်ပိဿာဈေးနှုန်းများအနေဖြင့် (၈၀၀)ကျပ်စျေးနှုန်းမှ (၁၅၀၀)ကျပ်စျေးနှုန်းရှိကြောင်း သိရသည်။

           ကြက်သွန်နီများကို အခွံပါးသည့်ချောင်းစနှင့် အခွံထူသည့်ကုန်းစဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ အခွံပါးသည့် ချောင်းစကြက်သွန်နီများကို တစ်ပိဿာလျှင်(၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ် စျေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အခွံထူသည့်ကုန်းစ ကြက်သွန်နီများကို တစ်ပိဿာလျှင်(၈၀၀) ကျပ်မှစတင်၍ (၁၀၀၀)ကျပ်၊ (၁၂၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၅၀၀)ကျပ်စျေးနှုန်းများအထိ အလုံးအကြီး အသေးပေါ်လိုက်၍ ချိုသာစွာရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြက်သွန်နီများကို မြင်းခြံအနီးကျေးရွာများတွင် စိုက်ပျိုးကြသော်လည်း ကံဆင့်ကျေးရွာမှထွက်ရှိသော ကြက်သွန်နီများကို ဒေသခံများမှ ပိုမိုအထားခံ၍ ကြိုက်နှစ်သက်ကြ‌ကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ အစေ့ထုတ်ပြောင်း(CP )ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့ပေါ်ဈေးကွက်သို့ CP အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ ကျေးရွာအများစုမှ ထွက်ရှိသော CP အစေ့ထုတ်ပြောင်းများရောင်းချလျက်ရှိပြီး ကုန်အဝင်မှာ တစ်ဖြည်းဖြည်း နည်းပါးလာကြောင်း၊ ရာသီကုန် ကာလလည်းဖြစ်၍ အဝင်နည်းရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုအရသိရပါသည်။ CP အစေ့ထုတ်ပြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္တပတ်တွင် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၃၀ - ၁၄၄၀ ကျပ်ဈေးဖြင့် အိတ် ၁၀၀၀-၁၅၀၀ ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခု စက်တင်ဘာလ ပထမပတ်၏ ၂-၉-၂၀၂၅ ရက်နေ့ဈေးအနေဖြင့် CP အစေ့ထုတ်ပြောင်း တစ်ပိဿာ ၁၄၀၀ ကျပ်သို့ဈေးနှုန်း ကျဆင်းသွားပြီး အိတ်ရေ ၇၀၀-၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လှောင်လက်လုပ်ငန်းရှင်များမှ ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း တစ်ဆင့်ပြန်လည်၍ မန္တလေးနှင့် ရန်ကုန်ရှိ အစာစပ်စက်ရုံသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။ မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိကာလသည် ဧရာဝတီမြစ်ရေဝင်ပြီးကာလဖြစ်ပြီး CP အစေ့ထုတ်ပြောင်းများကို အောက်တိုဘာလနှင့်နိုဝင် ဘာလများတွင် စိုက်ပျိုးကြမည်ဖြစ်ကြောင်း လေ့လာသိရှိရပါကြောင်း၊ ရှမ်းပြောင်း (CP)  များလည်း ထွက်ပေါ်နေပြီဖြစ်သည့်အတွက် မြင်းခြံဈေးကွက်အတွင်းသို့လည်း ရှမ်းပြောင်း(CP)များမကြာခင်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် CP အစေ့ထုတ်ပြောင်း ဈေးကွက်အနေဖြင့် ဒေသထွက်ပေါ်ခြင်းမရှိသော်လည်း ဈေးနှုန်းပြောင်းလဲနိုင်ဖွယ်မရှိကြောင်း လုပ်ငန်းရှင်းတစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ငူမြို့နယ်ဈေးများရှိ ဂေါ်ရခါးသီးဈေးနှုန်းအကြောင်း

  ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကလောမြို့နှင့်ညောင်ရွှေမြို့တို့မှ စိုက်ပျိုး ထွက်ရှိသော သီးနှံတစ်ခုဖြစ်ပြီး ကလောမြို့သည် ဂေါ်ရခါးသီးစိုက်ပျိုးရေးအတွက် အဓိက အချက်အချာ ကျသော မြို့လည်းဖြစ်သည်။ ရှမ်းပြည်နယ်ဘက်တွင် ဂေါ်ရခါးသီးကို မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် ခူးယူ၍ရရှိပါသည်။ ဆောင်းရာသီဖြစ်‌သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်လည်း စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လ တွင် အသီးများရင့်မှည့်လာကာ ဂေါ်ရခါးသီး အဓိကထွက်ရှိသည့်ကာလမှာ စက်တင်ဘာလနှင့်မတ်လ အတွင်းဖြစ်ပါသည်။

  ကလောမြို့နှင့်တောင်ကြီးမြို့များတွင် ဂေါ်ရခါးသီးကို တောင်စောင်းစိုက်ခင်းများ၌ အများဆုံး စိုက်ပျိုးကြပြီး ရေသွင်းရေထုတ်ကောင်းမွန်သည့်ဒေသများဖြစ်သောကြောင့် အသီးထွက်နှုန်း မြင့်မားလှသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ဈေးများအတွင်း ရောင်းချနေသော ဂေါ်ရခါးသီးများသည် ကလောမြို့မှ သယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ရခါးသီး ၁ လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းဈေးများရှိ ကန်စွန်းဥဈေးနှုန်းဈေးကွက်အကြောင်း

ကန်စွန်းဥသည် မြန်မာလူမျိုးအများစုကြိုက်နှစ်သက်ကြသော သီးနှံတစ်မျိုးဖြစ်ပြီး အာဟာရ ဓာတ်လည်းများစွာကြွယ်ဝကာ စိုက်ပျိုးရေးနှင့်စီးပွားရေးအတွက်လည်း အရေးပါလှသော သီးနှံဖြစ်ပါ သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် ကန်စွန်းဥအဓိကစိုက်ပျိုးရာဒေသဖြစ်ပြီး အများဆုံးထွက်ရှိရာ  ဒေသလည်းဖြစ်သည့်အပြင် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှလည်း ထွက်ရှိပါသည်။ ကန်စွန်းဥကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း ရာသီအလိုက် ထွက်ရှိနှုန်းကွာခြားပါသည်။  မိုးဦးကျကာလနှင့် ဆောင်းရာသီကာလများသည် ကန်စွန်းဥအဓိက ပေါ်ချိန်ဖြစ်၍ ကန်စွန်းဥအရသာ အကောင်းဆုံးအချိန်လည်းဖြစ်ပါသည်။

ကန်စွန်းဥအဖြူ၊ အဝါ၊ ခရမ်းစသည်ဖြင့် ကန်စွန်းဥအမျိုးအစားများစွာရှိပြီး ဈေးများထဲတွင် ကန်စွန်းဥအဝါနှင့်ခရမ်းကို အများဆုံးတွေ့ရှိရသည်။ ကန်စွန်းဥအဝါရောင်သည် ကန်စွန်းဥ ခရမ်းရောင် ထက် ပိုမိုချိုမြိန်ပြီး အာဟာရဓာတ်ပိုမိုပါဝင်ပါသည်။ ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်းနှင့် ကန်စွန်းဥပူတင်း၊ ကန်စွန်းဥ ဟာလဝါ၊ ကန်စွန်းဥကိတ်မုန့် စသည်ဖြင့် မုန့်အမျိုးမျိုးလုပ်စားနိုင်သလို ကန်စွန်းဥတွင်ပါဝင်သော အမျှင်ဓာတ်၊ ဗီတာမင်A၊ ဗီတာမင်C၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ဓာတ်ကြွယ်ဝမှုတို့ကြောင့် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်းစသော ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ရာသီပေါ် ကန်စွန်းဥများသည် ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ သယ်ယူရောင်းချလျက်ရှိကာ ကန်စွန်းဥအရွယ်အစား အလိုက် ၅၀ ကျပ်သားလျှင် ၂၀၀၀-၂၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀-၄၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ် ညောင်ပင်လေးဈေးရှိ ခရမ်းအကျွတ်သီးဈေးနှုန်း

   ခရမ်းအကျွတ်သီးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အရွယ်အစား သေးငယ်ကာ အခွံမှာချောမွတ်ပါသည်။ မိုးရာသီတွင် စတင်ပေါ်လေ့ရှိပြီး မေလမှ အောက်တိုဘာလ အတွင်း ခရမ်းအကျွတ်သီး အများဆုံးသီးသောအချိန်ကာလလည်းဖြစ်ပါသည်။ ခရမ်းအကျွတ်သီး အရောင်မှာ အဖြူရောင်နှင့် ခရမ်းရောင်ဟူ၍ နှစ်မျိုးရှိပြီး ခါးသက်သောအရသာရှိသောကြောင့် ခရမ်း အကျွတ်သီးကို ရေနွေးဖျော့ဖျော့တွင် စိမ်၍လည်းကောင်း၊ ဆားရည်စိမ်၍လည်းကောင်း အခါးဓာတ် လျော့အောင်ပြုလုပ်ပြီးမှ စားသုံးလေ့ရှိကြသည်။

   မိုးရာသီကာလဈေးများထဲတွင် ရာသီပေါ်ခရမ်းအကျွတ်သီးခရမ်းရောင်ကို အများဆုံးတွေ့ရပြီး မြန်မာလူမျိုးတို့၏နေ့စဉ်ထမင်းဝိုင်းတွင် ငါးပိရည်နှင့်တွဲဖက်၍စားသုံးသော အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ယိုးဒယားအစားအစာဖြစ်သော မုန့်ဖတ်ထောင်း၊ သင်္ဘောသီးထောင်းများတွင်လည်း ခရမ်းအကျွတ်သီးကို ထည့်သွင်းအသုံးပြုကြပါသည်။ တောင်ငူမြို့၊ ညောင်ပင်လေးဈေးထဲတွင် ရောင်းချနေသော ခရမ်းအကျွတ်သီးများသည် တောင်ငူမြို့အနီး၊ ရှမ်းဝါးတီးရွာဘက်မှဖြစ်ပြီး ခရမ်း အကျွတ်သီး ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်တွင်စိုက်ပျိုးသည့်လယ်သရက်ကင်းနှင့်လယ်သရက်ကင်းအကြောင်းတစေ့တစောင်း

   လယ်သရက်ကင်းသည် (Wild Plant) သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မိုးရာသီတွင် လယ်ကွင်း များ၊ ခြောက်သွေ့သောမြေပြင်များတွင် အလေ့ကျပေါက်ရောက်နေတတ်ပြီး စိုက်ပျိုး မည်ဆိုလျှင် မိုးရာသီတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးအကုန်၊ ဆောင်းဦးအချိန်တွင် အသီးတောင့် တွေရင့်မှည့်လာပြီး ခူးယူစားသုံးလို့ရပြီဖြစ်ပါသည်။ လယ်သရက်ကင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ခြောက်သွေ့သောဒေသနှင့်အပူပိုင်းဒေသများတွင် ပိုမိုတွေ့ရှိရပါသည်။ လယ်သရက် ကင်းသည် သဲဆန်သောမြေတွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးရေချိန်နည်း သောဒေသများနှင့်ပိုပြီး သင့်တော်ပါသည်။ 

လယ်ကွင်းထဲတွင် သဘာဝအလျောက်ပေါက်ရောက်သောကြောင့် လယ်ထဲမှာပေါက်တဲ့ သရက်ပင်ငယ်လေး သို့မဟုတ် သရက်သီးကဲ့သို့ရှည်လျားသော အသီးတောင့်ကိုအစွဲပြုပြီး “လယ်သရက် ကင်း”ဟု ခေါ်ဆိုခြင်းလည်းဖြစ်သည်။ မိုးရာသီနှောင်းပိုင်းကာလ၌ပေါ်လာပြီး ချိုချဉ်အရသာနှင့်ရနံ့ မွှေးသော လယ်သရက်ကင်းများကို မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ် လည်းကောင်း၊ တို့စရာအဖြစ်လည်းကောင်း ရာသီစာအဖြစ် အမျိုးမျိုးချက်ပြုတ် စားသောက်ကြ ပါသည်။ လယ်သရက်ကင်းများ အဓိကပေါ်လာချိန်သည် အောက်တိုဘာလမှ ဇန်နဝါရီလအထိဖြစ်ပြီး စက်တင်ဘာလအစထဲက ဈေးများ ထဲတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ခေါင်ရမ်းရွာတွင် ဒေသခံတောင်သူများက လယ်သရက်ကင်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး မိသားစုအပို ဝင်ငွေရရှိအောင် တောင်ငူမြို့နယ်အတွင်းရှိ ရာသီပေါ်ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်းရောင်းချ သူများထံ  သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိပါသည်။ ယခု စက်တင်ဘာလ သည် လက်သရက်ကင်းများ စတင်ပေါ်ချိန်ဖြစ်သောကြောင့်  လယ်သရက်ကင်းများ အရောင်းသွက်လျက် ရှိပြီး တောင်ငူမြို့နယ်အတွင်း ရောင်းချသူဈေးသည်များထံမှတစ်ဆင့် ဈေးဝယ်သူ အိမ်ရှင်မများက လယ်သရက်ကင်း လက်လီဈေး ၁၀ ကျပ်သားလျှင် ၆၀၀ ကျပ်၊ လက်ကားဈေး ၁ ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကွမ်းသီးဈေးကွက်

   ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ ကွမ်းသီးဝယ်ယူသည့် ပွဲရုံများသို့ ကွမ်းသီးသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ တောင်ငူမြို့ (၄) မိုင်၊ ဘုရားခြေရင်းရှိ အောင်သုခ(၂) ပွဲရုံတွင် တစ်ရက်အတွင်း ရွှေးကွမ်းသီး၊ ဗြောင်ကွမ်းသီး၊ ခွါဆံကွမ်းသီး ပိဿာ ၆၀၀ မှ ၇၀၀အထိ ဝယ်ယူရရှိနေကြောင်း သိရပြီး ပွဲရုံသို့ဝင်ရောက်လာသည့် ကွမ်းသီးများသည် (၁၃) မိုင်၊ လိပ်သို၊ သံတောင်၊ သံဘိုးတောင်၊ ဘောဂလိဒေသများမှ ထွက်ရှိသည့် ကွမ်းသီးများဖြစ်ပြီး ဘောဂလိဒေသမှ ထွက်ရှိသော ကွမ်းသီးသည် အကောင်းဆုံးဖြစ်သည်။

          ကွမ်းသီးပင်သည် စတင်စိုက်ပျိုးပြီး (၈)နှစ်အကြာတွင် စတင်ခူးဆွတ်ရပြီး နှစ်ကြာလာ သည့်အခါ အပင်မြင့်သွားသည့်အတွက် ခူးဆွတ်ရာတွင် ခက်ခဲကြောင်း၊ အပင်မြင့်လွန်းသည့်အတွက် လေဒဏ်မခံနိုင်သောကြောင့် အပင်လဲနိုင်ကြောင်း၊ နေပူချိန်မြင့်မားချိန်တွင် တောင်ရိပ်၊ သစ်ပင်ရိပ် ရရှိ ပါက ကွမ်းပင်အတွက် အလွန်ကောင်းမွန်ကြောင်း၊ အရိပ်မရှိပါက ကွမ်းပင်သည် ခြောက်သွေ့သွား ကြောင်း သိရသည်။

ကွမ်းပင်များသည် တပေါင်း၊ တန်ခူးလများတွင် အဖူးစတင် ဖူးကြောင်း၊ အဖူး ဖူးချိန်တွင် ရေ၊ သွင်းအားစု ဖြည့်တင်းပေးပါက ကွမ်းပင်တစ်ပင် ကို  ၂ ပိဿာ ၅၀ ကျပ်သား မှ ၃ ပိဿာ အထိ ကွမ်းသီးအစိုထွက်ရှိကြောင်း သိရသည်။ ကွမ်းသီးအစို (၃)ပိဿာကို ကွမ်းသီးခြောက်(၁) ပိဿာ ရရှိကြောင်း သိရှိရသည်။ ဗြောင်ကွမ်းသီး (၁) ပိဿာ ၂၉၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်၊ ရွှေးကွမ်းသီးအနီ (၁) ပိဿာလျှင်၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိဈေးရှိပြီး ရွှေးကွမ်းသီးသည် အလုံးအသေး ၊ အလတ်၊ အကြီးအပေါ်မူတည်၍ ဈေးပေးခြင်းဖြစ်ကြောင်း၊ ဘီဝမ်းကွမ်းသီးလုံးသေး ၁ ပိဿာလျှင် ၇၀၀၀ ကျပ် မှ ၉၀၀၀ ကျပ်အထိ ဝယ်ယူရရှိကြောင်း သိရသည်။

တစ်နှစ်တာပတ်လုံး အောက်တိုဘာလနှင့် နိုဝင်ဘာလသည် ကွမ်းသီးအများဆုံးထွက်ရှိသည့် လများဖြစ်ပြီး တစ်နှစ်လျှင် ပိဿာ ၆၅၀၀၀ အထိဝယ်ယူရရှိကြောင်း ၊ ဝယ်ယူရရှိသည့် ကွမ်းသီးများကို လက်ကားအနေဖြင့် ပျဉ်းမနား၊ နေပြည်တော်၊ မိတ္ထီလာ၊ တောင်ငူမြို့အနီး ပတ်ဝန်းကျင်ရှိမြို့များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း အောင်သုခပွဲရုံပိုင်ရှင် ဦးအောင်ရွှေ၏ ရှင်းလင်းပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ညောင်ပင်လေးဈေးရှိ ငှက်ပျောသီး နှင့် အုန်းသီး ဈေးကွက်

  တောင်ငူမြို့ရှိ ညောင်ပင်လေးဈေးသည် ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အသား/ငါးများ လက်လီ/လက်ကား ရောင်းချသည့်ဈေးဖြစ်သည့်အပြင် ဈေးအတွင်းရှိ ငှက်ပျောသီးနှင့် အုန်းသီးများ ရောင်းချလျက်ရှိသည်။ မြန်မာ့ဓလေ့ထုံတမ်းအစဉ်အလာအရ ဝါဝင်/ဝါထွက် နတ်တင်သည့်ဓလေ့ရှိ သည့်အတွက် ငှက်ပျောသီးနှင့် အုန်းသီးမှာ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်သလို ဈေးနှုန်း များမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

  ရခိုင်ငှက်ပျောသီး အသေး၊ အလတ်၊ အကြီး (၃) မျိုးခွဲခြားပြီး ရောင်းချရာတွင် အသေး (၁)ဖီး ၁၅၀၀ ကျပ် ၊ (၃)ဖီး ၄၀၀၀ ကျပ်၊ အလတ် (၁) ဖီး ၂၀၀၀ ကျပ်၊ (၃) ဖီး ၅၅၀၀ ကျပ်၊ အကြီး (၁) ဖီး ၂၅၀၀ ကျပ် ၊ (၃) ဖီး ၇၀၀၀ ကျပ် အသီးသီးရှိပြီး ဖီးကြမ်းငှက်ပျော (၁) ဖီး ၂၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ၊ သီးမွှေးငှက်ပျော (၁) ဖီး ၄၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် အထိဈေးနှုန်းမြှင့်လျက်ရှိသော်လည်း အရောင်း အဝယ်သွက်လျက်ရှိသည်။ အုန်းသီးဈေးနှုန်းအနေဖြင့် ဘုရားပွဲတင် ကြွက်မြီးအုန်းသီး မှာ (၁) လုံး ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊ အုန်းသီးခြောက် မှာ (၁) လုံး ၂၀၀၀ ကျပ် ၊   ၃၀၀၀ ကျပ် အသီးသီးရှိပြီး အုန်းသီး ဝယ်ယူရာတွင် အပင်ပြတ်ဝယ်ယူပါက အုန်းသီးခြောက်နှင့် ကြွက်မြီးကောင်း /မကောင်းသည်ကို ဆိုင်ရောက်မှခွဲရသဖြင့် သောင်းပြောင်းကို (၁) လုံး ၁၅၀၀ ကျပ်သာ ပေးရကြောင်း အုန်းသီး လက်လီ/ လက်ကား ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရာသီပေါ်ဈေးကောင်းရနေသောပြည်မြို့ရှိမြေပဲတောင့်ဈေးကွက်

 မြေပဲကို အကြမ်းအားဖြင့် (၁) ပင်ပြန့်မြေပဲ၊ (၂) ပင်ထောင်မြေပဲဟူ၍ နှစ်မျိုးနှစ်စား ခွဲခြား နိုင်သည်။ မြေပဲပင်သည် စိုက်ပျိုးပြီးနောက် ၅ လ မှ ၇ လခန့်ကြာလျှင် အသီးများ ရင့်မှည့်၍လာသည်။ အပင်များရှိ အရွက်များ ခြောက်သွေ့၍ လာသောအခါ မြေပဲသိမ်းရန် အချိန်တန်ပြီ ဖြစ်ပါသည်။ တစ်ဧက လျှင် မြေပဲတင်ပေါင်း (၃၀) မှ (၄၀) အထိ ထွက်ရှိပါသည်။ မြေပဲကို ဆီအတွက် အများဆုံး စိုက်ပျိုးကြ ပါသည်။ ဒါ့အပြင် သရေစာအဖြစ်ဖြင့် မြေပဲအစေ့အတိုင်း စားသုံးကြပါသည်။ မြေပဲတွင် ပရိုတင်း၊ ကာဗို ဟိုက်ဒရိတ်နှင့် အဆီများစွာပါရှိသဖြင့် အခြားမုန့်ပဲသရေစာများနှင့် အစာများတွင် ထည့်သွင်းသုံးစွဲနိုင် သော အဖိုးတန် အစားအစာတစ်မျိုးဖြစ်ပါသည်။ ယခုပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် အနယ်နယ်အရပ်ရပ်မှဝင်ရောက်လာသော မြေပဲတောင့်များကို လှိုင်လှိုင်ရောင်းချနေပြီ ဖြစ်ပါသည်။ ရာသီပေါ် မြေပဲတောင့်များကို အတောင့်ချောတစ်ပြည်လျှင် ကျပ် (၄၀၀၀)နှင့် အတောင့် သေး တစ်ပြည်လျှင် ကျပ် (၃၅၀၀) ထိရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း