ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြေပဲစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်

 

          ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြေပဲ (၅၇၁၉) ဧက စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၁၉၄)ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀-၉-၂၀၂၅)ရက်နေ့အထိ စာရင်းအရ သိရှိရပါသည်။

          ကယားပြည်နယ်၌ ဒေသနှင့်ကိုက်ညီသော မြေပဲများကို အဓိကထားစိုက်ပျိုးကြပါသည်။ မြေပဲစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများ၊ နွားချေး၊ ကွန်ပေါင်း၊ ဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ(၇၅၀၀၀၀)ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် မြေပဲ တစ်ဧကအထွက်နှုန်းမှာ တင်း(၄၆.၄၅)တင်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုမြေပဲ လက်ကားဈေးတစ်တင်းလျှင်(၄၀၀၀၀)ကျပ် ခန့်မှန်းပေါက်ဈေးအရောင်း အဝယ်ရှိပြီး မြေပဲတင်း(၄၆.၄၅)တင်းကို (၄၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းလျှင်(၁၈)သိန်းကျော်ခန့် ရရှိကာ တစ်ဧကစိုက်ပျိုးလျှင်( ၁၀)သိန်းကျော်ခန့် အမြတ်အစွန်းရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ရှောက်ချိုသီးနှင့် သလဲသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် ‌ရှောက်ချိုသီးနှင့် သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှောက်ချိုသီးများကို ကျောက်မဲနှင့် သီပေါနယ်များမှ ဝင်ရောက်လျက်ရှိပြီး သလဲသီးများကို မုံရွာမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  ရှောက်ချိုသီးဈေးနှုန်းများမှာ ရှောက်ချိုသီးတစ်လုံးလျှင် (၄၀၀)ကျပ်မှ (၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၀၀၀) ကျပ်၊ အသေး (၁) လုံးလျှင်(၆၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင် ရောင်းချနေသော ကန်စွန်းဥဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ကန်စွန်းဥသည် သဲနုန်းမြေနှင့်မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ ကန်စွန်းဥကို မီးဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အုံးနို့သာကူ၊ ပူတင်းတို့တွင် ထည့်၍လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၃၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာ လျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

          မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် ဖြစ်ပေါ် နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၄၀၀- ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကိုပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၈၀၀/-)ကျပ်၊ ၁ပိသာလျှင် (၃၂၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၂၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော မျှစ်ဈေးနှုန်း

      အိမ်ရှင်မများအတွက် ဟင်းချက်စရာအမယ်တစ်ခုအဖြစ်ရှိနေသော (Bamboo Shoot) ဝါးပင်ပေါက်စလေးများကို မျှစ်ဟုခေါ်ကြသည်။ ဝါးပင်ပေါက်လေးများဖြစ်သည့်အတွက် နုပြီး အရသာချိုပါသည်။ မျှစ်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်သည့်အတွက် မျှစ်စားသုံးခြင်းသည် ကျန်းမာရေးအကျိုးပြုမှုများလည်း ရရှိနိုင်ပါသည်။မျှစ်ကို ကြော်၍စားကြသလို၊ပြုတ်၍ ငပိရည်ကျို၊ ငပိထောင်းများနှင့် တို့၍လည်း စားကြပါသည်။ထို့ပြင်မျှစ်ကို အခြောက်လှမ်း၍ဖြစ်စေ၊ အချဉ် တည်၍ ဖြစ်စေ ကြာရှည်ခံအောင်ပြုလုပ်၍လည်း စားကြပါသည်။

     ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်း (၂၇-၁၀-၂၀၂၅) ရက်နေ့တွင် ဖြစ် ပေါ်နေသော မျှစ်ဈေးနှုန်းမှာ မျှစ်ချဉ်တစ်ပိဿာလျှင်(၉၀၀၀/-)ကျပ်၊ မျှစ်စပ် တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်၊မျှစ် (ရိုးရိုး) တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မျှစ်ချဉ်များကို မန္တလေးမြို့၊ မိတ္တီလာဘက်မှ ဝယ်ယူရောင်းချပြီး မျှစ်စပ်နှင့် မျှစ်(ရိုးရိုး)များကို ယခုမိုးတွင်းကာလတွင် ဒေသတွင်းချိုးယူရောင်းချကြကြောင်း မျှစ်ရောင်းသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါ သည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် နန္ဒဝန်ဈေးသစ်၌  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၀၀/၂၀၀)ကျပ် ဖြစ်ပြီး ပူစီနံဈေးနှုန်းမှာ တစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့အတွင်းဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း

    မြန်မာလူမျိုးများခေါ်ဝေါ်သည့် အမည်(ငရုတ်)ဟူသည်မှာ ရုက္ခဗေဒအမည်ဖြင့်(Capsicum spp)ဖြစ်ပါသည်။Capsicum sppဆိုသည့်အတိုင်း Capsicum ဓါတ်ပါဝင်မှုကြောင့် ငရုတ်သီးများတွင် အစပ်ဂုဏ်သတိ္တများ ရှိကြပါသည်။

     ငရုတ်ပင်အမျိုးအစားအလိုက် အသီးသီးရာတွင် အချို့ငရုတ်သီးသည်မိုးပေါ်သို့ထောင်သီး ကြပြီး အချို့ငရုတ်မှာအောက်သို့စိုက်၍သီးကြပါသည်။ငရုတ်သီးအမျိုးအစားအလိုက် အသီးသီးပုံများ မတူညီကွဲပြား ကြသကဲ့သို့ အသီး၏ပုံသဏ္ဌာန်များမှာလည်း မတူညီကြပါ။ ငရုတ်သီး အရှည်၊ အပု နှင့်အဝိုင်းဟူ၍ အမျိုးမျိုးရှိကြပါသည်။

      ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း များမှာ  ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်၊ငရုတ်သီးခြောက်(အပု) တစ် ပိဿာ လျှင်(၄၀၀၀၀/-)ကျပ်နှင့်ငရုတ်သီးအစိမ်း တစ်ဘူးလျှင်(၈၀၀/-)ကျပ်နှင့်(၁၀၀၀/-)ကျပ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ငရုတ်သီးများကို ကယားပြည်နယ်၊ လောပိတမြို့တွင် အနည်း ငယ်စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နှင့်အောင်ပန်းမြို့တို့မှ ဝယ်ယူရောင်းချကြကြောင်း ငရုတ်သီးရောင်းချသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

အသား၊ ငါး ဈေးနှုန်း၊ဈေးကွက်အခြေအနေ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အောက်တိုဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော အသား၊ ငါး ဈေးနှုန်းများမှာ ကြက်သား(CP)(အသားတိုး) တစ်ပိဿာလျှင်(၂၄၀၀၀/-) ကျပ်၊ ကြက်သား(CP) (ဥနှုန်းကျ)တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) တစ်ပိဿာ လျှင် (၅၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင် (၃၅၀၀၀/-)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၅၀၀၀၀/-)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးတံခွန်တစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သား(CP) (အသားတိုး)တစ်ပိဿာလျှင်(၂၀၀၀/-)ကျပ်၊ ငါးတံခွန်တစ်ပိဿာလျှင်(၁၀၀၀/-)ကျပ်စီဖြင့် ဈေးနှုန်းတက်လာ ပြီး ငါးခူတစ်ပိဿာလျှင်(၄၀၀၀/-)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကျန်အသား၊ ငါး ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ အသား၊ငါးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

      ကြက်သား(CP)များကို ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ငါးတံခွန်များကို ရန်ကုန်မြို့တို့မှ ဝယ်ယူရောင်းချရပြီး ဝယ်ယူရသည့် အရင်းဈေးနှုန်းများ တက်သွားသောကြောင့် ဈေးနှုန်းများ မြှင့်တက်လာရခြင်းဖြစ်ကြောင်း၊ ငါးခူများကို ယခုကာလတွင် ဒေသအတွင်း မွေးမြူမှုများလာ သောကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း