ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ မြန်မာ့ရိုးရာသာကူမုန့်

              သာကူသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဖြူ နှင့် အနီဟူ၍ နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် သကြား တစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် ထန်းလျက် တစ်ပိဿာရောစပ်၍ ပြုလုပ်ရပါသည်။

              သာကူစေ့ကို  သကြား(သို့မဟုတ်) ထန်းလျက်ဖြင့် ကျိုပြီးပါက အုန်းသီးနှင့် နို့စိမ်းများ ရောစပ်၍ စားကြပါသည်။ အချို့က ကန်စွန်းဥ၊ အာလူးစသည်တို့ကို သာကူကျိုထဲထည့်၍လည်း စား ကြပါသည်။ တောင်ငူမြို့တွင် သာကူကျိုကို ဈေးတွင် အထိုင်ရောင်းသူများရှိသကဲ့သို့ လူစည်ကားရာ နေရာများ၊ ရပ်ကွက်များသို့ လှည့်လည်ရောင်းချသူများလည်း ရှိပါသည်။

              သာကူကျို ဇွန်းကြီး နှစ်ဇွန်းပါ တစ်ပွဲလျှင် ၁၀၀၀ ကျပ်နှင့်ရောင်းချကြောင်း၊ နွေရာသီ ကာလတွင် ရွှေရင်အေးနှင့် မုန့်လက်ဆောင်းများ ရောင်းချပြီး မိုးရာသီတွင် သာဂူကျိုရောင်းချ ကြောင်းနှင့် လူကြိုက်များ၍ ရောင်းရကြောင်း သာကူကျိုရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့မှ ဒေသထွက်လက်ဆောင်မွန် ခြင်္သေ့မင်းမြေပဲယို

              တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့ သော ၄၅ နှစ်ခန့် ၁၉၇၈ ခုနှစ်က စတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့် ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်နှင့် ရောင်းချရင်း လူသိများ ဈေးကွက်ရှိနေသော မြေပဲယို၊ နှမ်းယို ဖြစ်ပါသည်။

              လုပ်ငန်းစတင်စဉ်က ထန်းလျက်မြေပဲယိုနှင့် စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်ခန့်မှစ၍ သကြား မြေပဲယိုကို ကိုယ်ပိုင်ဖော်မြူလာထွင်ခဲ့ပါသည်။ ထိုစဉ်က ပစ္စည်းလည်းဈေးပေါ၍ အပျက်အစီး ခံနိုင်ခဲ့သဖြင့် လူအများကြိုက်နှစ်သက်သည့် သကြားမြေပဲယိုဖော်မြူလာကို ရရှိခဲ့ပြီး ထန်းလျက် မြေပဲယိုအစား သကြားမြေပဲယိုကို ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

              ယခုအခါ သကြားမြေပဲယို၊ သကြားနှမ်းယိုနှင့် ကြံသကာမြေပဲယိုများ ထုတ်လုပ်ရောင်းချ လျက်ရှိနေပါသည်။ ကြံသကာမြေပဲယိုကို အချပ်ကြီးနှင့် အချပ်သေးဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။ ဈေးနှုန်းများအနေဖြင့် သကြားမြေပဲယို(၅)ချပ်တွဲ တစ်ထုပ်လျှင် ၅၀၀၀ ကျပ်၊ သကြားနှမ်းယို တစ်ထုပ်လျှင် ၄၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

              ဒေသတွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ပဲခူး၊ ရန်ကုန်၊ ပန်းတနော်၊ ပုသိမ်၊ မိတ္ထီလာ၊ မန္တလေး၊ မူဆယ်၊ ဘားအံ၊ မြဝတီမြို့များသို့ တင်ပို့ရောင်းချရပြီး မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့အထိ တင်ပို့ရောင်းချရကြောင်း သိရပါသည်။ 

              မိသားစုတပိုင်တနိုင်သာလုပ်ကိုင်သော်လည်း မှာသလောက် တင်ပို့ပေးနိုင်အောင်ထုတ် လုပ်ကြောင်း၊ လုပ်ငန်းတိုးချဲ့ချင်သော်လည်း လုပ်သားအခက်အခဲကြောင့် တိုးချဲ့နိုင်ခြင်းမရှိကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်ကြည်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)

စျေးကွက်အတွင်းထောပတ်သီးများစတင်ဝင်ရောက်

          ထောပတ်သီးများကို စီးပွားရေးအရ ရောင်းဝယ်ကြပြီး အပူပိုင်းဒေသနှင့် မြေထဲပင်လယ် ရာသီဥတုရှိသော ဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းသည်။ ထောပတ်သီးသည် အခွံအစိမ်းရောင်ရှိပြီး အသားပေါကာ ဘဲဥပုံ သို့မဟုတ် စက်လုံးပုံရှိတတ်ကြသည်။  ထောပတ်သီးပင်များသည် အပင် တစ်ပင်ထဲမှ ဝတ်မှုန်ကူးခြင်း ဖြစ်ပွားပြီး ရံဖန်ရံခါတွင် အသီး၏အရည်အသွေးနှင့် အရေအတွက် ထွက်ရှိမှုကို ထိန်းသိမ်းရန်အတွက် ကိုင်းဆက်ကိုင်းကူးခြင်းဖြင့်လည်း အပင်မျိုးပွားခြင်းကို ပြုလုပ်ကြ သည်။ အပင်သည် ၂၀မီတာ(၆၆)အထိ ကြီးထွားပြီး သစ်ရွက်များသည် ၁၂-၂၅ စင်တီမီတာ(၄.၇-၉.၈) လက်မခန့် ရှည်လျားသည်။ ပန်းပွင့်များသည် စိမ်းဝါရောင်ရှိပြီး မသိမသာဘဲ ၅-၁၀မီလီလီတာခန့်် ကျယ်ပြန့်သည်။

          ထောပတ်သီး၏အပြင်ခွံအရောင်မှာ အညိုရောင်သို့မဟုတ် အစိမ်းရောင်ရှိပြီး အတွင်းသားများ သည်အဝါရောင်ဖျော့ဖျော့ သို့မဟုတ် အစိမ်းရောင်နုနုလေးအနှစ်လေးများ ဖြစ်ပါသည်။ ထောပတ်ပင်မှာအပင်ကြီးမျိုးဖြစ်ပြီး အသီးများသည်အခိုင်လိုက်သီးတတ်ပါသည်။ ထောပတ်သီး အရွယ်အစားမှာ အမျိုးမျိုးရှိတတ်ပါသည်။ ထောပတ်သီးပင်များသည် နှစ်ရှည်သီးနှံပင်များ ဖြစ်သောကြောင့် စတင်စိုက်ပျိုးပြီး အချိန်(၃)နှစ်ကြာမှ စတင်အသီးသီးပါသည်။ ထောပတ်သီးတွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့်  ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။ ထောပတ်သီးကို စားသုံးရန်အတွက်သာမကဘဲ အလှအပရေးရာအတွက်လည်း အသုံးပြုနိုင်ပါသည်။ ထောပတ်သီး များကို ယခုဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် ထောပတ်သီးအလုံးအကြီးအသေးအလိုက် (၁၀၀၀-၁၅၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုသော ထောပတ်သီးသည် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသည့် အပြင်  အလှအပအတွက်လည်း များစွာအထောက်အကူပြုသောကြောင့် ထောပတ်သီးကို စားသုံးပေး ရန်လိုအပ်ပါသည်။

DOCA(ပဲခူး)

ပင်ဆိုင်ဖူးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

          ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်ပင်များစိုက်ပျိုးထားသော ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့ သွားရောက်၍ပင်ဆိုင်ဖူးစိုက်ပျိုးထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်များကို သိရှိနိုင်ရန် သွားရောက်မေးမြန်းခဲ့ပါသည်။

          ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည်(၂၆.၂.၂၀၂၅)ရက်နေ့တွင် ဆည်ကြီး ကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာရှိ ပင်ဆိုင်စိုက်ပျိုးထားသော တောင်သူနှင့်တွေ့ဆုံပြီး မေးမြန်း ခဲ့ရာပင်ဆိုင်ဖူးများကို ဝါဆိုလတွင်စတင်စိုက်ပျိုးကြောင်း၊ ပင်ဆိုင်ဖူးစိုက်ပျိုးရာတွင် အစေ့ကိုစိုက်ပျိုး ရပြီးအပင်ပေါက်များကို ဝါဆိုလပြည့်ကျော်အချိန် စိုက်ပျိုးသောကွင်းတွင် မြောင်းဖော်၍ စိုက်ပျိုးရ ကြောင်း၊ ပင်ဆိုင်ဖူးကို တစ်ယောက်စိုက်သာစိုက်ပျိုးပြီး စိုက်ပျိုးသည့်မြောင်းမှာ ၇ မြောင်း၈မြောင်း ခန့်ဝင်ဆံ့ကြောင်း သိရှိရပါသည်။ ပင်ဆိုင်ဖူးများကို စိုက်ပျိုးပြီး တစ်လခွဲနှစ်လအကြာတွင် အဖူးများ ကိုစတင်ခူးဆွတ်ရပါသည်။ ပင်ဆိုင်တစ်ယောက်စိုက်လျှင် ပင်ဆိုင်ဖူးအစည်း(၅၀၀) ခန့်ထွက်ရှိသည် ဟုသိရှိရပါသည်။ ပင်ဆိုင်ဖူးများကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ပင်ဆိုင်ပင်တစ်ခါ စိုက်ပျိုးထား လျှင် အများဆုံး ၄လမှ၅လခန့်အထိ ခူးဆွတ်၍ရောင်းချရကြောင်းသိရှိရပါသည်။ ယခုဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ပင်ဆိုင်စျေးနှုန်းမှာ တစ်စည်းလျှင်(၃၀၀-၄၀၀)ကျပ်ဖြင့် ရောင်းချနေလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္တ )ပတ်တွင် ဈေးနှုန်းကျဆင်းလျက်ရှိသည့် အာလူးဈေးနှုန်း

ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူးများကို မန္တလေးမြို့ မှမှာယူရောင်းချကြကြောင်း၊ အာလူးဈေးနှုန်းမှာ ကျဆင်းလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္တ)ပတ်တွင် အာလူးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် (၅၀၀ဝိ/-) ကျပ် မှ (၆၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့် ကျဆင်းလျက်ရှိကြောင်း သတင်းရရှိပါသည်

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့အတွင်း ဖြစ်ပေါ်နေသော ငရုပ်သီးခြောက် ဈေးနှုန်း

            ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူးနှင့် ကြက်သွန်ဖြူတို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ကန့်ဘလူမြို့နယ်တွင် ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀) (၅၀)ကျပ်သားလျှင်(၈၅၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းအသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုပ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ရောင်းချနေသော လူကြိုက်များသည့် ဘူးညွှန့်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးလျက်ရှိရာ ဘူးသီးတင်မက ဘူးညွှန့်များကိုပါ ရောင်းချရသည့် အတွက် မိသားစုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          ဘူးညွန့်ဆိုတာက နွယ်တက်ပြီး အရွက်ကအစိမ်းရောင် ဖားဖားလေးတွေရှိပြီး အရွက်လေး တွေနဲ့ရိုးတံလေးတွေမှာ အမွေးဖြူပါးပါးလေးတွေပါကြောင်း၊ အရသာကနုညံ့ပြီး လတ်လတ် ဆတ်ဆတ်ဆိုရင် အချိုအရသာရှိကြောင်း၊ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ၊ ကြော်စားတာ၊ ချဉ်ရည်ချက်စားတာ၊ ဟင်းချိုချက်စားတာ စသည်ဖြင့် အမျိုးမျိုးစားပေးလို့ရကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် ဘူးညွှန့်(၁)စည်းလျှင် ၃၀၀ကျပ်၊ ဘူးညွှန့်(၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးညွှန့်ကို စားသုံးသူများက ကြိုက်နှစ်သက်၍ ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။

          DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရလွယ်ကူပြီး ဘူးပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိ ကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြောင်း သိရသည်။

          ဘူးသီးကို စိုက်ပြီးနောက် (၇၅)ရက်မှ (၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးသီးကို မနုမရင့် အနေတော်ခူးရကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ အလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၂၀၀၀ကျပ်ဖြင့် နှင့် ဘူးသီး(၁)စိတ်လျှင် ၅၀၀ကျပ် ရောင်းချရ သည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kgတစ် အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၆၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။  

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော ‌ရွှေဖရုံသီး ဈေးနှုန်း/ ဈေးကွက်

            ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း၌ ရွှေဖရုံသီးများရောင်းချလျက်ရှိရာ ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူရောင်းချရပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများနှင့် ‌ရေဦးမြို့တို့မှ ဝယ်ယူ‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး(အကြီး)တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး(အလတ်)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး (အ‌သေး)တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ‌ရွှေဖရုံသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းနှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း