သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(M.G.N.D)မှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံကုန်စည်ဒိုင်သို့လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေနေများအားကွင်းဆင်းခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက (၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌ အမှတ်(၁၃)ရက်ကွက်ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MDCCI) အသင်းသို့ သွားရောက်ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးကျော်ရှိန် ဒု-ဥက္ကဌ က အသင်းသားများအနေဖြင့် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း  သီးနှံများအရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲ၊ မိုးနှမ်းညိုနှင့် နွေကြက်သွန်နီအဟောင်းများကိုသာ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ယခင်နှစ်ထွက်ရှိသော ပဲ‌ဟောင်း (ပဲစဉ်းငုံ၊ ပဲပုပ်၊ ကုလားပဲ V2၊ V7နှင့်929) များမှာ ဈေးကွက်တွင် အိတ်လက်ကျန်များ လျော့နည်းလာပြီဖြစ်၍ အရောင်းအဝယ်နည်းလာပြီ ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် ပဲအသစ်များထွက်ပေါ်မည်ဖြစ်ကြောင်း စသည့်အခြေအနေများနှင့် ကုန်စည်ဒိုင်အတွင်းရှိ ငွေခြင်္သေ့ပွဲရုံနှင့်နဝရတ်ပွဲရုံများသို့ ကွင်းဆင်းခဲ့ပြီး လယ်ယာထွက်ကုန် သီးနှံများ၏ဈေးနှုန်း၊ ဈေးကွက်နှင့်တင်ပို့မှုအခြေအနေများ၊ နေ့စဉ်အိတ်အရောင်းအဝယ် ဖြစ်မှုအခြေအနေနှင့် အိတ်လက်ကျန်အခြေအနေများအား မေးမြန်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

စားသုံးဆီ(ဘူးဆီ)ဆီအမျိုးမျိုးရောင်းချသည့် ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးရှိ စားသုံးဆီ(ဘူးဆီ)အမျိုးမျိုးရောင်းချသည့် ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မဈေးအတွင်းရောင်းချနေသည့် ဘူးဆီများဖြစ်သည့်အမေထွားမြေပဲ ဆီ၊ ဘဲလေးမြေပဲဆီ၊LOTUSဟင်းရွက်ဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီးFDAထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

“ဖြိုးဟိန်း”စက်မှုလက်မှု လုပ်ငန်းသို့ ကွင်းဆင်းခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နေ့လည်(၁၂:၀၀) အချိန် တွင်ဒေးဒရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ “ဖြိုးဟိန်း” စက်မှုလက်မှုလုပ်ငန်းသို့ သွားရောက်ပြီး MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်ဒုခရိုင်ဦးစီးမှူးက“စိုးဟိန်း”စက်မှုလက်မှုပိုင်ရှင် ကိုမျိုးမင်းအောင်အား လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သတ်ပြီး မေးမြန်းရာမိမိတို့အနေဖြင့် ဖြတ်စက်၊ ဝရိန်နှင့် စပါးရိတ်စက်၊ လှောင်ကန်အပေါ်ဆင့်၊ အောက်ဆင့်အထိုင်များ ဂေါ်များပျက်လျှင် ပြင်ကြောင်း တစ်စီးပြီးမြောက်ရန် (၁၀)ရက်ခန့်အချိန်ယူရကြောင်းနှင့် လုပ်အားခအနေဖြင့် စပါးရိတ်စက်တစ်စီးလျှင် (၃)သိန်းကျပ်ယူကြောင်းပြောကြားခဲ့ပြီး လုပ်သားအင်အားစုအနေဖြင့် ကို့မိသားစုဖြင့် သာလုပ်ကိုင်ပြီးလုပ်သားနှစ်ဦးပဲ ငှားထားကြောင်း လစာနှုန်းထားအနေဖြင့် တစ်လလျှင်(၃၂၀၀၀၀)ကျပ်ပေးကြောင်း ပြောကြားခဲ့ပြီး ဒုခရိုင်ဦးစီးမှူးကလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာ အုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေး

          ပုသိမ်မြို့   နိုဝင်ဘာ   ၇ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏  ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအခြောက်ခံစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့လျင် စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေများနှင့် စပါးအခြောက်ထွက်ရှိမှုများ၊ မိုးရွာသွန်းမှုကြောင့် စပါးများ အခြောက်ခံရန်အတွက် အခက်အခဲမရှိစေရန် စပါးအခြောက်ခံစက်များဖြင့် စပါးအ၀ယ်ဒိုင်ဖွင့်လှစ် ၀ယ်ယူပေးနေမှုကြောင့် တောင်သူများ သင့်တင့်သည့် စပါးစျေးနှုန်းရရှိမှုများ၊ ဈေးကွက်သို့တင်ပို့မှုနှင့် ဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ရာ စပါးအခြောက်ခံ စက်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ စပါးအခြောက်ခံစက်သည် တစ်နေ့လျှင်(၁၆)နာရီလည်ပတ်ကြောင်းသိရပြီး စပါးအခြောက် (၂၆၀၀)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ မြို့တော်ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေသည် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၄) ခု၏ လုပ်ငန်း တာဝန်များ၊ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး  ပြည်တွင်းထုတ်ကုန်များ၊ ဒေသထွက်ကုန်များဈေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံအတွင်းထုတ်ကုန်များအား နယ်စပ်ကုန်သွယ်ရေးဂိတ် (၁၄) ခုမှ တစ်ဆင့် ပို့ကုန်/သွင်းကုန် ဆောင်ရွက်ခြင်း ၊ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့၍ ပို့ကုန်ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံလိုအပ်သည့်နိုင်ငံခြားငွေအား ကမ္ဘာ့ဘဏ်အသီးသီးမှ ထုတ်ချေး၍ ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံအသီးသီးမှ လိုအပ်နိုင်ငံခြားငွေကို ကြွေးမြီရယူ၍ ဆောင်ရွက်ကြကြောင်း ၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူပေးနေရကြောင်း၊ အထူးအားဖြင့် သွင်းအားစု (၃) မျိုး ဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ ဆန်စက်အပိုပစ္စည်းနှင့် ဘွိုင်လာတင်သွင်းမှုများအား ဆန်စပါးအသင်းချုပ်မှ တစ်ဆင့်ခွင့်ပြုဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ ဆန်/ဆန်ကွဲတန်ချိန် (၁.၅၃၈) သန်း တင်ပို့ထားရှိပြီး ယခုနှစ်အတွင်း (၃) သန်း တင်ပို့ရန် လျာထားသတ်မှတ်ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဝင်ငွေသတ်မှတ် လျာထားပေးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတိုင်းသည် စပါး/ဆန် အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် စပါးကျီဖြစ်သည့်နှင့်အညီ မိုး/နွေ စပါးစိုက်ဧက (၅၂) သိန်း၊ ပဲစိုက်ဧက (၁၇) သိန်း၊ ဆီထွက်သီးနှံ နေကြာ စိုက်ဧက (၁.၃) သိန်းစိုက်ပျိုးပြီး ယခုနှစ်ကုန်ထိ နေကြာစိုက်ဧက (၂.၂) သိန်းလျာထားဆောင်ရွက်လျက်ရှိကြောင်း ပဲပုတ်ကိုလည်း စိုက်ဧက (၁) သိန်း လျာထားဆောင်ရွက်လျက်ရှိကြောင်း ၊ ပေါ်ဆန်းနှင့်ပတ်သက်၍ Brand ထုတ်ကုန်ဖြစ်အောင် အထူးကြိုးစား ဆောင်ရွက်နေကြောင်း၊ Export Zone ထူထောင်ခြင်း ၊ Contract Farming ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့၊ တောင်သူလယ်သမားနေ့တွင် စိုက်ပျိုးရေးဆိုင်ရာ မျိုး၊ မြေ၊ ရေ နည်းအသုံးချ၍ ဧရာဝတီ ပေါ်ဆန်းဖိုရမ်တစ်ရပ်ကို ကျင်းပခဲ့ပြီး ဆွေးနွေးပွဲဖော်ထုတ်ချက်ရလာဒ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျဲခင်းစနစ်လျော့နည်းပပျောက်ရေး တစ်နှစ်ထက်တစ်နှစ် လျော့နည်းစေရန် Drum Seeder များ အသုံးပြု၍  ဆောင်ရွက်နေကြောင်း  ၊ နှစ်စဉ်ပြည်ပဆန် တင်ပို့တန်ချိန် ထက်ဝက်ကို ဧရာဝတီတိုင်းဒေသကြီးမှ တင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းပြင်ပ ဆန်စီးထွက်မှုကိုလည်း တိုးလ်ဂိတ်များမှတစ်ဆင့် စိစစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ပီလောပီနံ သီးနှံကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ယခင်နှစ်ထက်ပိုမို ချိတ်ဆက်တင်ပို့လျက်ရှိကြောင်း ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်၍ ပီလောပီနံကွင်းခြောက် ၊ ဆန်၊ ကြာဇံ၊ ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ ၊ MSME လုပ်ငန်းငယ်များဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်း ၊ စိုက်ပျိုးပြီး ပဲပုတ် ၊ နေကြာများကို အစားထိုးဆီထွက်သီးနှံအဖြစ် ဆောင်ရွက်နေပြီး ပဲပုတ်ဆီကြိတ်စက်ရုံ ထူထောင်မည့် လုပ်ငန်းရှင်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားပါသည်။

          ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌမှ လျာထား သတ်မှတ်ထားသည့် မြေပေါ်တွင် အသင်းရုံးအမြန်ဆုံးတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှလည်း ကောက်ညှင်းအပြင် ပေါ်ဆန်းနွေစပါးကိုလည်း စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဆန်စက်အပိုပစ္စည်းများကိုလည်း ဆက်လက်တင်သွင်းခွင့်ပြုစေလိုပါကြောင်း၊ ဆန်ထွက်ပစ္စည်း ပြည်ပသို့တိုက်ရိုက် တင်ပို့သည့် Wilmar Co., Ltd မှ တာဝန်ရှိသူမှ ဆန်ကို E.U နိုင်ငံများ၊ ဆန်ကွဲကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ၊ တရုတ်များသို့ တိုင်းအတွင်းမှ တင်ပို့နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးမှ မြန်မာပေါ်ဆန်းမွှေးဆန်များအား ရှရှား၊ တရုတ်၊ ဘီလာရုနိုင်ငံများနှင့် ဆက်သွယ်ချိတ်ထားရှိမှုနှင့် ရောင်းချရန်အတွက် စာချုပ်ချုပ်ဆို ထားကြောင်း စီးပွားရေးကောင်းမွန်ရန် လုပ်ငန်းရှင်၊ အစိုးရအဖွဲ့၊ အသင်းအဖွဲ့၊ ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိလာရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ပြည်သူ့သက်သာအရောင်းဈေး ပူးပေါင်းပါဝင်ဆောင်ရွက်

          မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေးရောင်း နေ့အား (၃၀-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၈၃၀/-ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀/-ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်သည့် အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက်သူထံမှသိရပြီး ယင်းရောင်း ချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)   

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် (၁၂.၁၁.၂၀၂၅) ရက်နေ့(၁၃:၀၀)အချိန်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ စက်ချုပ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင် များအား ဒေါ်လှဝင်းနေအိမ်၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂) မျိုး၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာပေး ဆွေးနွေးခဲ့ပါသည်။       

DOCA(ကချင်)

မြင်းခြံမြို့ရှိ My RO သိုလှောင်ရုံများရ/ထုတ်/ကျန်စာရင်းများနှင့် ကိုက်ညီမှုရှိ/မရှိမြေပြင်ကွင်းဆင်း

             မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိ ကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိ/မရှိ  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၆.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ‘‘ဦးလှမော်’’ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်း ပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေး ဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

DOCA (မန္တလေး)   

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစီစစ်ခြင်း

         ဘိုကလေးမြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)ခွဲအချိန်တွင် ဘိုကလေးမြို့ ကန္နားလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့နယ် (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဗွီနှိုင်းချိတ်ဆွဲ၍ ရောင်းချပေးနေကြောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှု့အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ