သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(ဆန်းမီ)စားသောက်ကုန်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၁၅-၁-၂၀၂၆ ရက်နေ့ နေလည်(၃:၀၀) နာရီအချိန်တွင် "ဆန်းမီ" အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပုသိမ်ကြီးမြို့နယ်၊ သမဝါယမကောလိပ်ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၉-၁-၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမဝါယမကောလိပ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပါသည်။

          ပထမဦးစွာ သမဝါယမကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်မူအေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံအား ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူ၏ အဓိပ္ပါယ်အား ရှင်းလင်းတင်ပြခြင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ ကိုယ်တိုင်(သို့မဟုတ်) စားသုံးသူ၏ မိသားစုဝင်များမှလည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပါမကျန် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ Online မှလည်း အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်စည် ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ချက်ရှိကြောင်း၊ အခွင့်အရေး(၈)ချက်နှင့် ပတ်သက်၍ စံနမူနာပြအမှုများဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့်လည်း လိုက်နာရမည့် တာဝန်များရှိကြောင်း၊ စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။     

DOCA(မန္တလေး)    

 

လွတ်လပ်ရေးရပ် အ.မ.က တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ (၁၄.၁.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တိုင်းရင်းဆေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာ ပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန် နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက် တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်း ဆေးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၃)ဦး၊ ဆရာ/ ဆရာမ(၅) ဦး၊ ကျောင်းသား/ ကျောင်းသူ (၂၄၂)ဦး၊ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ဒေးဒရဲမြို့နယ်တွင်စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး 

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမြသိန်းမောင် ဦးဆောင်၍ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ အရေအတွက်အတိုင်းရောင်းချခြင်းရှိ/ မရှိကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေးဒရဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်အတွင်းတွင် စားအုန်းဆီဖြန့်ဖြူး‌ ရောင်းချပေးလျက်ရှိသော ဆီကိုယ်စားလှယ်တို့နှင့် တွေ့ဆုံ၍ စားအုန်းဆီရရှိမှု၊ ခွဲဝေဖြန့်ဖြူးရောင်းချမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စားအုန်ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ရာစားအုန်းဆီ တစ်ပိဿာ(၆၇၃၆)ကျပ်၊ Lotusအမှတ်တံဆိပ်ပါစားအုန်း‌မြေပဲရောနှောဆီ တစ်ပိဿာ လျှင်(၁၀၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ န့နက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁) ပုဒ်မ (၂၃) အရ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံအချက်များထဲမှ စားသုံးသူက လက်ခံနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာ ပါရှိခြင်း၊ အာမခံချက်ပေးထားသည့် ကာလ(သို့) အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့) လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် (သို့) အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း စသည်တို့ကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် မီးသတ်တပ်ရင်းတပ်ဖွဲ့များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၁.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင်  အမှတ်(၃) ရပ်ကွက်၊ (၆) ဖြတ်လမ်း၊ မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးနှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊  Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးသင်တန်းကျောင်း၌စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

                 စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ် ပေးရေး အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက် နံနက်(၁၁း၀၀) နာရီအချိန်က မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက ရက်ကန်း နှင့် သက်မွေးသင်တန်းကျောင်းမှ ဝန်ထမ်းများအား အသိပညာများ တိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူကာကွယ် ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့် ကြောင်း စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုအရေးပေါ်ဌာန ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံ တင်ခြင်းအကြောင်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသည့် ဝန်ထမ်းများက စားသုံးသူကာကွယ်ရေး ဥပဒေပါ အ ကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်း ချက်များအပေါ်တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

Online စနစ်ဖြင့် ရောင်းချနေသော အရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ခြင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နန်းပျိုဖြူခေါင်းလျော်ရည်၊ ရေချိုး ဆပ်ပြာစသဖြင့် လူသုံးကုန်ပစ္စည်း online ရောင်းချသူနှင့် တွေ့ဆုံကာ online ရောင်းချမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်အား လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတိုင်းလုပ်ငန်းအမှန်တကယ် ရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိ ၊လုပ်ငန်းရှင်ဖုန်းနံပါတ်၊ ရောင်းချသူ  Facebook Page မှန်ကန်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု့တို့ကို စီစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

မိုးညိုမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၀.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညိုမြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချနေသော ဒေါ်ဆွေဆွေဝါကုန်စုံဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ရောနှောဆီများ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ဦးသန်းမောင် မြို့မဈေးအတွင်းရှိသခင်လှရှိန် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/ မရှိ မိုးညိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA( ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ