သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်တွင် ဆောင်းနေကြာ (၅၀၀)ဧကကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံမှုရရှိစေရန် ဆောင်းနေကြာ စိုက်ပျိုးမှုအနေဖြင့် (၃)နှစ် စီမံကိန်းဖော်ဆောင်ထားရှိပြီး ယခုချိန်တွင် (၅၀၀)ဧက ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

တောင်သူများအနေဖြင့် ဆောင်းသီးနှံနေကြာ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစု ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာ စွာဖြင့် ဖြန့်ဖြူးပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်များကို ပေးအပ်ခြင်း၊ ဆောင်းနေကြာ စိုက်ပျိုးခြင်းအားဖြင့် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ဆစ်ပိုး စသည့် ပိုးမွှားအန္တရာယ်များကို ကာကွယ်နှိမ်နင်းတားဆီးထားပြီးဖြစ်ကြောင်း၊ လယ်မြေများ တွင် ရာသီအလိုက် သီးနှံများကို စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ နေကြာသီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် သန့်ရှင်းလတ်ဆတ် သည့် စားသုံးဆီများကို ဒေသခံပြည်သူများ သုံးစွဲရမည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ကပြောသည်။

မုဒုံမြို့နယ်တွင် ဆောင်းသီးနှံနေကြာများကို ဒီဇင်ဘာလမှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး

စီမံကိန်း ပထမနှစ်တွင် (၁၅၀၀)ဧက လျာထားကာ ပြည့်မီအောင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် တောင်သူများက ပူးပေါင်း၍ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

(၁၇.၁၂.၂၀၂၄) ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များရှိ အမေထွားအမှတ်တံဆိပ်မြေပဲဆီ၊ ပုဇွန် နှစ်ကောင်တံဆိပ်၊ Goody တံဆိပ် စားဆီအမျိုးမျိုးအား စစ်ဆေးခဲ့ပြီး အဆိုပါ စားဆီအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ စားဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိပြီး၊ ရောနှောဆီများရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့်ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရော မြို့နယ်၊ ပိန်းနဲကုန်ကျေးရွာ၊ အောင်မင်္ဂလာစျေးအတွင်းရှိကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့် ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော E-LAN အမှတ်တံဆိပ် ပန်းကန်ဆေးဆပ်ပြာရည်၊ LUX ရေချိုးဆပ်ပြာရည်၊ Lifebuoy ရေချိုးဆပ်ပြာရည်၊ Goat Milk ရေချိုးဆပ်ပြာ ရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဆပ်ပြာရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

၁၇.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီး များအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင် ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူး ရောင်းချခြင်းများ မရှိပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၈.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချနေသော Lifeboy ဆပ်ပြာခဲ၊ Parrot ဆပ်ပြာခဲ၊ LUX ရေချိုးဆပ်ပြာရည်၊ Family Care ရေချိုးဆပ်ပြာရည်၊ Goat Milk ရေချိုးဆပ်ပြာရည်၊ E-LAN ဆပ်ပြာမှုန့်၊ Rose ဆပ်ပြာမှုန့်၊ Win ဆပ်ပြာမှုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဆပ်ပြာရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချရန် အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးလုပ်ငန်း ဆောင်ရွက်

သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄) ရက်နေ့ မွန်းလွှဲပိုင်းတွင် သထုံမြို့၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ အွန်လိုင်း လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်သော အချက်များပါရှိသည့် ပစ္စည်းများ ရောင်းချခြင်း၊ အွန်လိုင်း မှတ်ပုံတင်မပြုလုပ်ရသေးသူများကိုလည်း မှတ်ပုံတင်ပြုလုပ်နိုင်ရေးအတွက်ပြောကြားခြင်း၊ မှတ်ပုံတင်မည့်သူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ စသည်တို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

“ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဝိုင်းဝန်းကူညီကြိုးစားစို့” အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးတို့သည် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်သော “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ် ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဌက အသင်း၏အခန်းကဏ္ဍအားရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက ရော်ဘာကုန်သွယ်မှု သတင်းအချက် အလက်များနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား (၁၆:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း လူငယ်စကားဝိုင်းကျင်းပသည့် အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

မုဒုံမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် လူငယ်စကားဝိုင်းကို (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်လူရွယ်များ၊ သင်တန်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားပြီး ပြင်ပစာပေများကိုဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်း ကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ သင်တန်းသူများမှ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေး၊ ယဉ်ကျေးမှုအမွေထိန်းစို့လေ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် သင်တန်းသူများက အမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

 

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ၂၀၂၄  ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အင်တာပိုလ်၏(၁၇)ကြိမ်မြောက် ဆေးဝါးအတုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာအစီအစဥ်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ MEDILAND ဆေးရုံ၊ ပြည့်စုံထွန်း၊ ပါရမီဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှုလိုင်စင်များရှိ/ မရှိစစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)              

မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပွဲသို့ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် မကြာခဏဆိုသလို ဖြစ်ပေါ် ကြုံတွေ့နေရသည့်အတွက် ဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအား တူညီဝတ်စုံပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ