သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သရက်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ Communityခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးသည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Communityခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဒေါ်ရီရီထွေးက ကုန်အညွှန်းအမှတ်သား ပြည့်စုံမှုမရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းပြုလုပ်ပါက စားသုံးသူ ကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံသည် (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီတွင် အောင်လံမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ကုန် လုပ်ငန်းရှင်(၂၁)ဦးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် သရက်/အောင်လံခရိုင်တာဝန်ခံက  စားသောက်ကုန်များ ရောင်းချရာ တွင်လည်းကောင်း၊ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံပြီး စားသုံးသူကာကွယ်ရေး ဥပေဒေ (၂၀၁၉) နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်လာပါက အောင်လံမြို့နယ်တာဝန်ခံရုံး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Consumer Center No.1535 သို့ ခေါ်ဆို၍ မိမိသိလိုသည့် အကြောင်းအရာများ အကြောင်းကို ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)

ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသားပြည့် စုံစွာမပါရှိသော ပစ္စည်းများရောင်းချမှုမရှိစေရေး၊ အသားငါးများ ရောင်းချရာတွင် သတ်မှတ်စျေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင် တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ချောက်မြို့ပေါ်ရှိ ပဲကြော်၊ မုန့်မျိုးစုံနှင့် မရွေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး သည်(၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန် ထုတ်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပဲကြော်၊ မုန့်မျိုးစုံနှင့် မရွေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များ အပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့ပေါ်ရှိ "ဓနသုခ"ဆန်စက်လုပ်ငန်းရှင်အား MyRo မှတ်ပုံတင်သက်တမ်းတိုးရန်ကိစ္စနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန် တွင် စလင်းမြို့၊ ပေါင်းနားရပ်ကွက်ရှိဓနသုခ ဆန်စက်လုပ်ငန်းရှင်ဦးခင်မောင်ဌေးနှင့် တွေ့ဆုံ၍ MyRoမှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးကိစ္စပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား MyRoတင်ထားပြီး (၁)နှစ်ပြည်ပါက သက်တမ်းတိုးရန်နှင့် MyRoတွင် လစဉ် လဆန်း() ရက်မှ ()ရက်ထိ ကုန်ရ၊ ကုန် ထုတ်နှင့် လက်ကျန် စာရင်းများအား မပျက်မကွက်ရေးသွင်းပေးကြပါရန် လိုကြောင်း၊ နည်းပညာ အခက်အခဲရှိပါက ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဆန်လက်ကျန် များကို မှန်မှန်ကန်ကန်ပြောရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး သည့်အခါ ကွဲလွဲမှုများရှိပါက လုပ်ငန်းရှင်ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း  အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့၊ မြို့မဈေး၌ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းသိရှိနိုင်စေရေး ဈေးသူဈေးသားများအား အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့၊ မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချလျက်ရှိသည့် ဈေးသူဈေးသားများအား ဈေးတာဝန်ခံရုံး၌ ခေါ်ယူတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို သာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်များ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေး‌နွေးမှုများအပေါ် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေ ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု များအတွက် တိုင်ကြားမှုဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတစ်ဆင့် ဆောင်ရွက် နိုင်မည့်အခြေအနေ၊ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင် တာဝန်ခံ သည် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ယခင်မှတ်ပုံတင်ထားရှိပြီးသော ဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုး စစ်ဆေး ခြင်းနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ထိန်းချုပ်ဆေးဝါးများအား ထားသိုသိမ်းဆည်းမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်းချ ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်း ရှိ/မရှိ တို့အား စစ်‌ဆေးကြပ်မတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန်  အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ကော့မှူးမြို့နယ်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံနေကြာ လျာထားဧကပြည့်မီနိုင်ရေး တောင်သူများကွင်းဆင်းတွေ့ဆုံ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်တောင်သူများနှင့် တွေ့ဆုံခန်းမ၌ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့် စိုက်ပျိုး‌ရေးနှင့် ဆီထွက်သီးနှံ နေကြာလျာထားဧက ပြည့်မီနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ဧက(၁၀၀) စံပြကွက်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ ပြီးပါက သီးထပ်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများအား နေကြာလျာထားဧက (၂၅)ဧက ပြည့်မီအောင်စိုက်ပျိုးရေး၊ နွေစပါးဧက (၇၅)ဧကအား Drum Seeder ဖြင့်စိုက်ပျိုးရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး မြေဆီလွှာတိုး တက်ကောင်းမွန်စေရေးအတွက် ပိုက်ဆံလျော်များ တွဲဖက်စိုက်ပျိုးနိုင်ရေး‌ ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်ချောင်း၊ တောင်ကျောင်း၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေးTalk Show ဆောင်ရွက်ခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွေဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့က စားသုံးသူအခွင့်အရေးနှင့် ပတ်သတ်တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအား ကာကွယ်ပေးနေသည့် အကြောင်းအရာများ၊ ကုန်စည်အမျိုးအစားအလိုက် အုပ်စု(၈)စုကို စစ်ဆေးနိုင်ရန် စားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၂/၂၀၁၉) အမိန့်ကြော်ငြာချက်ကို ထုတ်ပြန်ထားရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ရှိပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် စစ်ဆေးနေခြင်းများ အကြောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက နိဂုံးချုပ်အနေဖြင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်း ပြောခွင့်ပေးနေကြောင်းနှင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများ ယခုလက်ရှိ အလွယ်ကူဆုံးဖြစ်သော Consumer Call Center ၁၅၃၅ သို့ တိုင်ကြားများ ဆွေးနွေးခဲ့ကြပြီး ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးမှ ဆွေးနွေးမှုများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ