သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ဒလမြို့နယ်၌နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင်၊ ကမာကဆစ်စည်ပင်သာယာဈေးအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထို့သိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ဒလမြို့ စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံတို့သည် ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရှိ ရုံက-၃၉  ဒေါ်မြင့်သူဇာကုန်စုံဆိုင်၊ ရုံက-၃၁/၃၂ ဦးအောင်မိုး ကုန်စုံဆိုင်တို့တွင်ရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့အား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည့်အချက်များ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်၊ စံချိန်စံညွှန်းမကိုက်ညီသော စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ် ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

“ တွံတေးမြို့နယ်၌နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင်၊ တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထို့သိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် တွံတေးမြို့ စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်းရှိ Q-1,2 ၊ ဦးကျော်ရဲလင်း ကုန်စုံဆိုင်၊ M-1,2 ၊ ဒေါ်စိုးစိုးကုန်စုံဆိုင်တို့တွင် ရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့အား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်၊ စံချိန်စံညွှန်းမကိုက်ညီသော စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အ.မ.က(မူလွန်) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

           စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၁၅-၁-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ အ.မ.က(မူလွန်) တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၅၄၇)ဦးအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲရှိ ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းမှ စားသုံးသူကာကွယ်ရေးနှင့် ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား ရှင်းလင်း ဟောပြောခဲ့ပြီး Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆိုသရုပ်ပြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          ထို့နောက် ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော လုပ်ငန်းရှင်များအား အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/ မရှိ၊ ရက်လွန်ခြင်း၊ မှိုတက်သော အစားအသောက်များ ရောင်းချမှုရှိ/ မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် Online စနစ်ဖြင့်ရောင်းချမှုလုပ်ငန်းအတွက် အသိပညာပေး Talk Show ကျင်းပပြုလုပ်

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

       စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးအလိုက်ဟောပြောခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဆောင်၍ (၁၆-၁-၂၀၂၅) ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းက၍ Online Shopping နှင့်ပတ် သက်သည့် Talk Show ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ Talk Show တွင် စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များထဲမှ ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့မှုမရှိခြင်း၊ ကြော်ငြာ ထားသော ပစ္စည်းနှင့်အမှန်တကယ်လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေးကွဲလွဲမှုရှိနေခြင်း၊ Page တွင်ဖော်ပြထားသော ဖုန်းနံပါတ်များမှာ စားသုံးသူများထံမှ ငွေကြေးရယူပြီးနောက် ဆက်သွယ်၍မရခြင်းစသည့်အချက်များ၊ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များထဲမှ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာမှာ လက်တွေ့မြေပြင်တွင် အမှန်တကယ်ရှိ/ မရှိ၊ မိမိဝယ်ယူမည့် Online Shop မှာစားသုံးသူအများစု လက်ခံယုံကြည်ပြီး ဝယ်ယူအားပေးလျက်ရှိသည့် လုပ်ငန်းဖြစ်/ မဖြစ်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ခွင့်ပြုထားခြင်းရှိ/ မရှိ၊ Facebook Page တွင် Blue Mark   အမှတ်အသားရရှိထားခြင်းရှိ/ မရှိ၊ သုံးစွဲသည့် စားသုံးသူများ၏ မှန်ကန်သော  သုံးသပ်ချက် Review များရှိ/ မရှိကို ကြည့်ရှုဝယ်ယူကြရန် စသည့်အချက်များ၊ မိမိဆက်သွယ်ဝယ်ယူမည့် Page သို့မဟုတ် Website သည် စားသုံးသူများအကြား နာမည်ဂုဏ်သတင်းကောင်းမွန်ခြင်းရှိ/ မရှိစိစစ်ရန်၊ Page သို့မဟုတ် Website တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများ မှန်ကန်မှုရှိ/မရှိ စိစစ်ရန်၊ သတ်မှတ်ထားသော ငွေပေးချေမှု စနစ်ရှိ/မရှိ စိစစ်ရန် စသည့်အချက်များအား အကျယ်တဝင့်ပြောကြားခြင်းနှင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍လည်း  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍တိုင်ကြားနိုင်သည့် နည်းလမ်းများတွင် Consumer Call Center (1535) နှင့် Hot Line ဖုန်းနံပါတ်ဖြစ်သည့် ၀၂-၄၀၃၆၃၄၀ မှလည်း တိုင်ကြားနိုင်ကြောင်း၊ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်

           မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်းဦးစီးမှူးရုံးတွင် (၁၄.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်၌ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအဖက်ဖက်မှ အသိပညာဗဟုသုတများတိုးပွားစေရန်၊  လုပ်ငန်းတာဝန်များ ကျွမ်းကျင်မှုရှိစေရန်၊ ‌ဟော‌ပြောပွဲများ၊ အထက်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးတင်ပြမှုများတွင် ရဲရဲဝင့်ဝင့်ပြောဆိုဆွေးနွေး တင်ပြနိုင်မှုရှိစေရန်၊ ဝတ်စားဆင်ယင်မှုများ သပ်ရပ်စွာဝတ်စား ဆင်ယင်တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဌာနခွဲတာဝန်ခံများက ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုများအား ဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးဝင်းထွန်းဦး (ဦးစီးမှူး)က ခွင့်ခံစားခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ငွေစာရင်းတာဝန်ခံ ဦးတင်ဇော်ထွေး (ဦးစီးမှူး)က ငွေစာရင်းတောင်းခံမှုအဆင့်ဆင့်ကိုလည်းကောင်း၊ စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က အခြေခံသတင်းရေးသားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲတာဝန်ခံ ဒေါ်သူဇာမိုး(ဒု-ဦးစီးမှူး)က နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများအားလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်းနှင့် အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ မြင်းခြံခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၈)ဦး၊ Online ဖြင့် ညောင်ဦးခရိုင်မှ ဝန်ထမ်း (၃)ဦးနှင့် နွားထိုးကြီး မြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး”

              ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရမည့်အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ်၊ ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အွန်လိုင်းရောင်းချခြင်း၏ အားနည်းချက်၊ အားသာချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာတွင် ပါဝင်ရမည်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများတွင် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားကြောင်း ၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်းတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ခင်ကျော်ဝင်းက ယခုအခါတွင် ဝမ်းရောဂါများဖြစ်ပွားနေသဖြင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါအကြောင်း အကျယ်တဝင့်ဆွေး‌နွေးပြောကြားခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ ၊ စုစုပေါင်း(၄၀၀)တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show  ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သီတာအောင်(ဦးစီးအရာရှိ)မှ အသိပညာပေး Talk Show  ဆွေး‌နွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင် (ဒုတိယဦးစီးမှူး)မှ ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရ မည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရေးဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင် သည့်အခွင့်အရေးများ၊စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ ဖွင့်လှစ်ထားကြောင်း၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်းတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ အထက(၁) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

           မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက-၁)ရှိ ဧရာဝတီခန်းမ၌  စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများကို (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀၀ နာရီအချိန်တွင် ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး၊ အထက-၁  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၆၀) ဦးနှင့် ကျောင်းဈေးအရောင်းဆိုင်ရှင်(၂)ဦး တက်ရောက်ခဲ့သည်။

          ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  မြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး(ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုဟောပြောဆွေးနွေးခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများအား ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှု့ကြသည့်အလေ့အကျင့်ကောင်းများရှိစေရန် ကုန်စည်နမူနာများဖြင့် ပြသဖတ်ကြားစေ၍ ဆုချီးမြှင့်မှုများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာ ဦးစီးဌာနအင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application ၊ စားသုံးသူရေးရာ ဦးစီးဌာနFacebookစာမျက်နှာများနှင့် ဌာန Website တွင် တိုင်ကြားနိုင်သည့် အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းမုန့်ဈေးတန်းရှိ ကုန်စည်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ် မြင်းကပါ အထက(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ် မြင်းကပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်မှ စာအုပ်စာပေများလေ့လာဖတ်ရှု့ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန် ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)က ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်၊ ဝယ်ယူရာတွင် စိစစ်ကြည့်ရှု့တတ်သည့် အလေ့အကျင့်များရရှိစေရန်လိုအပ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ သိကောင်းစရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအရာထမ်းအမှုထမ်း(၄)ဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ(၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၃၆)ဦး၊ စုစု‌ပေါင်း(၁၄၅) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကျန်းမာရေးအဖွဲ့များသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအသောက်များကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာ ပါရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားစေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာပါရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားစေရေးအတွက် (၁၂.၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

           ဆွေးနွေးမှုတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က MSME လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၊ လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ လိုင်စင်များရှိရန်လိုအပ်သလို စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/ မရှိနှင့် မှန်ကန်မှုရှိ/ မရှိကို လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် လာရောက်စိစစ်တင်ပြလျှောက်ထားကြရန် လိုအပ်ပါကြောင်းနှင့် ရုံးဖွင့်ရက်များတွင် အချိန်မရွေးလာရောက်နိုင်ပါကြောင်းနှင့် ဖိတ်ခေါ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းတို့ကို အကျယ်တဝင့်ဟော ပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ