သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်အတွင်းရှိSuper Market များနှင့်အမှတ်(၁)ဈေးကြီးတို့တွင် ရောင်းချနေသောစားသုံးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

၁၄.၂.၂၀၂၅ ရက်နေ့တွင်မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDAနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ Super Market များနှင့် မော်လမြိုင်အမှတ်(၁)ဈေးကြီးတို့တွင်  ရောင်းချနေသော စားသုံးဆီ အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Lotus ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ ဧရာဝတီအမှတ်တံဆိပ်ပဲဆီ၊ သိဒ္ဓိအမှတ်တံဆိပ်ပဲဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများအား စစ်ဆေးခဲ့ ကြောင်း၊ ၎င်းစားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ရောနှောဆီများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ စားဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိပြီး၊ ရောနှောဆီများရောင်းချ မှု မရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

စိန်စီ(စတိုး)ဆိုင်သို့ အလှကုန်အမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်း

၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၄၅)တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့ရှိစိန်စီ(စတိုး)ဆိုင်၌ ရောင်းချလျက်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDAနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။  အဆိုပါ စိန်စီ(စတိုး)ဆိုင် တွင် ရောင်းချလျက် ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ  ယခုလက်ရှိ၌ စိန်စီ(စတိုး)ဆိုင်တွင် ရောင်းချနေသော ကုန်စည်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ်တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်)မှထုတ်ယူခဲ့သော စားအုန်းဆီ(၈၄)ပေပါမှ (၁၄)ပေပါအား ယာဉ်အမှတ် 2M/2996 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၄.၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုင်းတုံမြို့တွင် ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝက်သားရောင်းချခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်မှ စတင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဝက်သားများ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ရောင်းချရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်း၍ ဝန်ထမ်း တစ်ဦးလျှင် ဝက်သား (၁)ပိဿာ (၃၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စစ်ကိုင်းမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

၁၄-၂-၂၀၂၅

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁  ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော ဟိန်းမြတ်စံနှင့် ဖြိုးရတနာဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထား များနှင့်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ၊ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊စစ်ကိုင်းခရိုင် ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင် ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှု ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက် ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များ ဖြစ်သော ဟိန်းမြတ်စံနှင့် ဖြိုးရတနာဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူ ရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက် ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍ လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄)ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ဟိန်းမြတ်စံနှင့် ဖြိုးရတနာ ဆန်ရောင်းဝယ်ရေးဆိုင်များသည် ရွှေဘိုပေါ်ဆန်း (၁၅၅၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်)၊ ဧရာမင်း (၁၄၅၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ်) နှင့် မနောသုခ (၁၀၀၀၀၀) ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၀၀၀) ကျပ် မှ (၃၂၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချ သောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များ မရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအား ရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။       

DOCA(စစ်ကိုင်း)

                                                    

ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်း စာသင်ကျောင်းတွင် အသိပညာပေး‌ဟောပြောခြင်း

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လယ်(၀၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းစာသင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စားကားဝိုင်း အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီး အရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင်တောင်းဆိုနိုင် သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ

          ဈေးကွက်အတွင်းထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “Blue Moon” ရေသန့်စက်ရုံ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့ ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။

“Blue Moon” သောက်ရေသန့်လုပ်ငန်းရှင် ဦးထွန်းထွန်းဦးနှင့်တွေ့ဆုံ၍  FDA ဌာနမှ   ရေသန့် ထုတ်လုပ်ပုံအဆင့်ဆင့်၊ ထားသိုသိမ်းဆည်းပုံများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာ ဌာနများမှလည်း ဌာန၏ဥပဒေအကြောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစိစစ်ရာ “Blue Moon”ရေသန့်မှာ ညွှန်ကြားချက်နှင့် အညီကိုက်ညီမှုရှိကြောင်း၊ FDA ထောက်ခံချက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းတို့ထုတ်လုပ်သောကုန်စည်များ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၁၀၃)၊ ယောမင်းကြီးအိမ်ရာ၊ ရွှေလင်ဗန်းရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ  အွန်လိုင်းစနစ်ဖြင့် ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများရောင်းချမည့်နေရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Online Sale ဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ မြေပြင် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sale Application တွင် ဖြည့်သွင်း ပေးပို့ခဲ့ပြီး  အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၁၄.၂.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဂေါက်ကွင်း လမ်းရှိ ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကြီးအောင်ဝန်ထမ်းအိမ်ရာတွင်  ရွှေဘိုခရိုင်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

အဆိုပါသင်တန်းတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၏ Vision၊ Missionများ၊ စားသုံသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း နှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာန နှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသား/သူ(၂၅)ဦးအား ဌာန၏ စားသုံးသူ အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၁၄-၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကံမမြို့အမှတ် (၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း တင်သွင်းရောင်းချ ခြင်းမပြုရန်၊ ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးများပြတ်လပ်မှု မရှိစေ‌ရေး တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးနှုန်းများအဆမတန် မြှင့်တင်ရောင်းချမှု မရှိကြောင်းနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆေးဝါးဈေးနှုန်းကောက်ယူခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ