သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မြင်းခြံမြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု ဖေဖော်ဝါရီလ တတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၈၄၅ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၄၈၀ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၃၂၇၅ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် (  ၃၃၃၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် ( ရိုးရိုး) တစ်လီတာလျှင် (၂၈၅၀ )ကျပ်၊ ဒီဇယ် ( ပရီမီယံ) တစ်လီတာလျှင် ( ၃၄၈၅ ) ကျပ်၊ ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၃၂၇၀ )ကျပ် ၊ဓာတ်ဆီ (95) တစ်လီတာလျှင် ( ၃၃၃၀)ကျပ် များဖြင့် ဖြစ်ပေါ်ရောင်းချခဲ့၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် ဒီဇယ် ( ရိုးရိုး)နှင့် ဒီဇယ် ( ပရီမီယံ) များမှာ တစ်လီတာလျှင်(၅)ကျပ်စီ ကျဆင်းခဲ့ပြီး ဓာတ်ဆီ (92 ) တစ်လီတာလျှင် (  ၅ )ကျပ် မြင့်တက်ခဲ့ကာ ဓာတ်ဆီ (95) မှာ ဈေးပြောင်းလဲမှုမရှိပဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းသာ ဖြစ်ပါကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းမှုအခြေအနေ

    မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိအခြေအနေများနှင့်ပတ်သက်၍ ၁၃-၂-၂၀၂၅ နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြင်းခြံမြို့အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

             ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ဘိလပ်မြေ များ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊  ဈေးကွက်ဝယ်လိုအား အမှာရှိသလောက် ရောင်းချပေးနိုင် ကြောင်း သိရှိရပြီး “မိဘမေတ္တာ”ဘိလပ်မြေအရောင်းဆိုင်နှင့် “စွဲမြဲ”ဘိလပ်မြေအရောင်းဆိုင်များ တွင် ရောင်းချလျက်ရှိသောဘိလပ်မြေများ၏ ဈေးနှုန်းများအနေဖြင့်  ကြံ့နှစ်ကောင်ဘိလပ်မြေ (၅၀)kgတစ်အိတ်လျှင် (၂၄၀၀၀)ကျပ်၊ အပါချီဘိလပ်မြေ (၅၀)kgတစ်အိတ်လျှင် (၂၃၀၀၀)ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ အပါချီဘိလပ်မြေကို ပျဉ်ညောင်မြို့မှ သယ်ယူရောင်းချ ရပြီး ဘိလပ်မြေတစ်အိတ်လျှင် ယခင်လထက် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ သယ်ယူရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းကြောင်းမှ သယ်ယူရပြီး သယ်ယူ သည့်ခရီးစဉ်တွင် တစ်ပတ်ခန့်ကြာမြင့်သောကြောင့် သယ်ယူမှုကုန်ကျစရိတ်ပိုမိုကုန်ကျသဖြင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း “မိဘမေတ္တာ”ဘိလပ်မြေအရောင်းဆိုင်ပိုင်ရှင် ဦးရင်မောင်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြိတ်မြို့တွင် Online Sale အကြောင်းသိကောင်းစရာများအကြောင်းကို Talk Show ပြုလုပ်

            မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများသိရှိစေရန်အတွက် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် Online Sale အကြောင်းသိကောင်းစရာများ Talk Show အစီအစဉ်ကို မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Center ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ၎င်းTalk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှအဖွင့်စကားပြောကြားခဲ့ပြီးနောက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအုပ်-ဒေါ်မိမိမာမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အကြောင်း ပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်တော့မယ်ဆိုရင် သိထားသင့်သည့်အကြောင်းအရာများ ၊ စားသုံးသူများ၏နစ် နာမှုနှင့် တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုတုတဖြစ်ဖွယ်အသိပညာပေး ဟောပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ၊ Doca Myanmar application ဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေး အဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု ‌(‌ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏ (၂/၂၀၂၅) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြော ကြားကာ တိုင်းဒေသကြီးအမှတ်(၂)သတ္တုတွင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းလုပ်ငန်းများ၏ မှတ်ပုံတင်လျှောက်ထား‌ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကာ အစည်းအ‌ဝေးအား နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ တွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးကပါဝင်ပြသ

          ၁၂.၂.၂၀၂၅ ရက်နေ့ မှ ၁၆.၂.၂၀၂၅ ရက်နေ့ထိ  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်း(၁)ခန်း ပါဝင် ပြသခဲ့ပါသည်။ ပြခန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တကွ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်း‌ ဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ပြခန်းတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော နမူနာကုန်ပစ္စည်းများ၊ စားသုံးသူအသိပညာပေးကာတွန်းများ၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည့် စာအုပ်စာတမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၏ လုပ်ဆောင်ချက် Video Clip ကို ပြသခဲ့ပြီး ပြခန်း တာဝန်ခံများက လာရောက်လေ့လာသည့် သူများအား စားသုံးသူ၏အခွင့်အရေး ၈ ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြခန်းသို့လာရောက်ကြည့်ရှုသူများအား ကုန်အညွှန်းအမှတ်အသား နှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ စားသုံးသူတိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် အွန်လိုင်း မှတစ်ဆင့် ဝယ်ယူသည့်အခါ သတိပြုသင့်သည့်အချက်များပါဝင်သည့် လက်ကမ်းစာဆောင် များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အ.ထ.က (၁) စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် လပွတ္တာမြို့နယ် အ.ထ.က (၁) စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၀) ချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးမှ ဆရာ/ဆရာမ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် ၁၂ရပ်ကွက်ရှိ ဦးကျော်မောင်ဂိုထောင်တွင် ရောင်းချနေသော စားအုန်းဆီများအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် (၁၂)ရပ်ကွတ်ရှိ ဦးကျော်မောင်ဂိုထောင်တွင်ရောင်းချနေသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေး နေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ (၁၂)ရပ်ကွက်ရှိ လက်လီ/လက္ကားရောင်းချနေသော ဦးကျော်မောင်ဂိုထောင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးပြီး ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန် ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်း ကြီးမြင့်နေမှုကိုမိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင် ပိုင်ရှင်ဦးကျော်မောင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၁၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၃၀)အချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

            ထိုသို့သွားရောက်စစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV-အာသာဝတီ ရေယာဉ်တွင် ပေါ်ဆန်းဆန်(၅၀၀)အိတ်၊ ဧည့်မထဆန်(၆၂၀၀)အိတ်၊ ကောက်ညင်းဆန်(၃၀၀)အိတ်၊ စုစုပေါင်း(၇၀၀၀)အိတ် တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ် ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်ကိစ္စရပ်များ ဖြစ်ပွားမှု မရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှ စက်မှုသုံးဆီလုပ်ငန်းရှင်များအား ခွဲတမ်းရရှိသောစားအုန်းဆီများနှင့် ပတ်သက်၍ဟောပြောဆွေးနွေးပွဲပြုလုပ်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ (၁၄.၂.၂၀၂၅) ရက်နေ့ ညနေ(၃:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ အတွက် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဆီထုတ်ယူရရှိနိုင်ရေး နှင့် လိုက်နာရမည့်စည်းကမ်းချက်များအား ဟောပြောဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသောလုပ်ငန်းရှင်များအား ဖေဖော်ဝါရီလအတွက်စက်မှုသုံးဆီ ခွဲတမ်းရရှိမှုအပေါ် ငွေပေးသွင်းရေး၊ ဆီထုတ်ယူရေး၊ ဆီထုတ်ကိုယ်စား လှယ်မှအမြန်ဆုံးဆောင်ရွက်ရန်နှင့် လုပ်ငန်းအတွက်ရရှိသော စက်မှုသုံးစားအုန်းဆီများအား မိမိလုပ်ငန်း၌ သာအသုံးပြုရန်နှင့်ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုလုပ်ရန်ဌာနမှ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးညွှန်ကြားဆွေးနွေးခဲ့ပါသည်။ ခွဲတမ်းရရှိသောစားအုန်းဆီများအား စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များမှ မိမိတို့ရရှိလာသောဆီခွဲတမ်းများအတွက် ငွေကြေးမျာကိုအချိန်မီပေးသွင်းရန်၊ ဆီပေပါများ ကိုလည်းအချိန်နှင့်တပြေးညီပေးပို့နိုင်ပါရန်နှင့် လိုအပ်သည်များကိုလည်းဆက်လက်ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရေလိန်ကျေးရွာနှင့် ကြာဖြူကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးမှုအားသွားရောက်စစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၄၅)အချိန်တွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်အဖွဲ့တို့နှင့်လိုက်ပါ၍ ရေလိန်ကျေးရွာနှင့် ကြာဖြူကျေးရွာတို့တွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံများအား သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်လေ့လာစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချူပ်နှင့်အဖွဲ့သည်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရေလိန်ကျေးရွာတွင် တောင်သူဦးဝင်းမောင်နှင့် ဦးမျိုးသန့်တို့၏ စိုက်ပျိုးထားသော မြေပဲခင်း(၁၀)ဧကအားကြည့်ရှုအားပေးခဲ့ပြီး ကြာဖြူကျေးရွာရှိ တောင်သူ ဦးဝင်းဘိုပါ (၆)ဦး၏ နေကြာ(၁၀) ဧကစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေလောင်းကျေးရွာမှတဆင့် ပန်းတနော်မြို့သို့ဆက်လက် ထွက်ခွာသွားပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ