သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့   ရေသန့်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရို်ငဦးစီးမှူး ရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင်  ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ မုံရွာမြို့၊ အလယ်ရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သောက်ရေသန့်အမျိုးမျိုး ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို အလယ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော သောက်ရေသန့်အမျိုးမျိုး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြော ကြားခဲ့ပြီး လက်ကမ်း စာစောင် များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ပြင်ဦးလွင်မြို့ရှိ အိမ်ရှင်မ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

            ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၀)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ အိမ်ရှင်မ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချ ရာတွင်ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့်ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“Pre Market ကွင်းဆင်းဆောင်ရွက်”

        ပြင်ဦးလွင်မြို့နယ်၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး(ဦးစီးအရာရှိ)သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အတူ (၁၁-၉-၂၀၂၅)ရက်နေ့၌ ထုံးဘိုကျေးရွာတွင် လီဆူးရွာအမည်ဖြင့် ကော်ဖီလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်ခင်လေးနွယ်နှင့်တွေ့ဆုံ၍ ကော်ဖီထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ 3 in 1 အထုပ် ပါကင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်မျာလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက  ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ    အသေးစား   မှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်ရှိ တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ”

         ကျောက်ဆည်မြို့နယ်၊ အင်းကုန်းကျေးရွာရှိ တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်၍ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဦးဇော်မင်းလတ် (ဦးစီးအရာရှိ)က ပြောကြားရာတွင် တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်မျာလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးဟောပြောခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် လျက်ရှိပါသည်။ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေမှ (၁၁-၉-၂၀၂၅) ရက်နေ့တွင် အောင်မြေသာစံ မြို့နယ်၊  အ.ထ.က(၃၇) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဦးတင်ချစ်ကောင်းမှ (၁၂-၉-၂၀၂၅) ရက်နေ့တွင် အောင်မြေသာစံမြို့နယ် (အ.ထ.က (ခွဲ) - ၁၄ ) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ် အသားများ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်းနှင့် Consumer Call Center (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀) အလွတ်ရွတ်ဆိုခြင်းပြိုင်ပွဲအခမ်းအနား

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များ အလွတ် ရွတ်ဆိုခြင်းပြိုင်ပွဲ အခမ်းအနားကို ၅.၉.၂၀၂၅ ရက် (သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် ပြိုင်ပွဲဝင်(၇)ဦး စုစုပေါင်း(၂၂)ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များ၏ အနှစ်သာရကို နားလည်သဘောပေါက်၍ နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချစေနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များ အလွတ် ရွတ်ဆိုခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး အလွတ်ရွတ်ဆိုခြင်းရခြင်းအကြောင်းနှင့်ပတ်သက်ပြီး နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား ခေါင်းစဉ်များအလိုက် အသံထွက်မှန်ကန်စွာ၊ မှားယွင်းမှုမရှိစေဘဲ အစအဆုံးရွတ်ဆိုနိုင်ရမည်ဖြစ်ပြီး စာသားမေ့လျော့ခြင်းအတွက် စဉ်စားချိန်(၁)မိနစ်အတွင်း ဝင်ပါက ပြိုင်ပွဲဝင်အား ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း (၁)ကြိမ်စဉ်းစားလျင် (၃)မှတ် အလျှော့ခံရမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ် အခြားဝန်ထမ်းများ၏အကူအညီရယူခြင်း၊ စာသားများ မှတ်မိစေရန် မရိုးဖြောင့်သောနည်းလမ်းဖြင့် အမှတ်အသားပြုခြင်းများမပြုလုပ်ရန်နှင့် ပြိုင်ပွဲခန်းမ အတွင်း ဖုန်းအသုံးပြုခြင်း(သို့)အခြားသောအနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများကို ရှောင်ကြဉ် ရမည်ဖြစ်ကြောင်းနှင့်နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား ဝန်ထမ်းတိုင်း လိုက်နာသိရှိရမှာဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများရှိ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ဝန်ထမ်းများက အသီးသီးအလွတ်ရွတ်ဆိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြီးကြပ်ကွပ်ကဲရေးနှင့်ရွေးချယ်ရေးအဖွဲ့မှ တစ်ဦးချင်းစီ၏ ရွတ်ဆိုမှုများအပေါ် အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

     ပြိုင်ပွဲဝင်များ ဆုချီးမြှင့်ပြီးသည့်အနောက် တိုင်းဒေသကြီးဦးစီးမှူးမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ များကို နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ရွတ်ဆိုရာတွင် နှေး၍ရွတ်ဆိုခြင်းနှင့်အမြန်ရွတ်ဆိုကြရာတွင် နားထောင်သူများနေဖြင့် စိတ်ဝင်စားမှုမရှိခြင်းကြောင့် အလယ်အလတ်ရွတ်ဆိုသင့်ကြောင်းနှင့် ရွတ်ဆိုရာတွင်လည်း ကိုယ်နေကိုယ်ဟန်များကို သေချာစွာဂရုပြုသင့်ကြောင်းနှင့် ယခုဝင်ရောက် ယှဉ်ပြိုင်သော ဝန်ထမ်း(၇)ဦးမှာ အလွန်ကောင်းမွန်ကြောင်းနှင့်လိုအပ်သည်များကို ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်သို့ ဆီကား ရောက်ရှိလာ

  မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သော ဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၃.၈.၂၀၂၅)ရက်နေ့တွင်  Yadanarbon Global Network Distribution ကုမ္ပဏီမှဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 2F-2205ဖြင့် စားအုန်း ဆီ ပေပါ (၄၀) တို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်လက်လီဆိုင်များသို့ခွဲဝေ‌ရောင်းချပေးမည်ဖြစ်ပြီး ၎င်း တို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဖြူး‌ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ အ‌အေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ

    ၂၃.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အ‌အေးခန်းသို လှောင်ရုံလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အအေးခန်းသိုလှောင်ရုံများတည်ဆောက်ထားရှိမှုအခြေ အနေ၊ သိုလှောင်ထားရှိမှုအခြေအနေများအား ဆွေးနွေးရာ လက်ရှိအချိန်တွင် အအေးခန်း သိုလှောင်ရုံ (၄) ခန်းကို တည်ဆောက်သိုလှောင်ထားရှိကြောင်း၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်အလှပ်ကျေးရွာများမှ ငါးခြောက်များကို အောက်တိုဘာလမှ မေလအထိ ဝယ်ယူ စုဆောင်းကာ အအေးခန်းများ၌ သိုလှောင်ထားရှိပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ မိုးတွင်း ကာလများတွင် ထုတ်ရောင်းကြောင်း၊ ငါးခြောက်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ယခုလက်ရှိအချိန်တွင် ငါးခြောက်များကို ထုတ်ရောင်းနေပြီးဖြစ်သဖြင့် လက်ကျန်များ လျော့နည်းနေကြောင်း၊ ပွင့်လင်းရာသီတွင် ငါးခြောက်ပိဿာချိန် ၅ သိန်း‌ကျော်ထိ သိုလှောင် ထားနိုင်ပြီး ယခုအချိန်တွင် ပိဿာ ၁ သိန်းကျော်သာ ကျန်ရှိကြောင်း၊ ငါးခြောက်များကို မွန်ပြည်နယ်အတွင်းနှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

          ယခုကဲ့သို့ ငါးခြောက်များကို အအေးခန်းသိုလှောင်ရုံများတွင် သိုလှောင်ထားခြင်းဖြင့် မှိုနှင့်ပိုးမွှားများကင်းစင်ကာ သန့်ရှင်းလတ်ဆတ်မှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် ဆပ်ပြာဆီလုပ်ငန်းရှင်တွေ့ဆုံ

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများ နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေး ခြင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃.၉.၂၀၂၅ ရက်‌နေ့တွင် ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၂) ပန်ကန်ဆေးဆပ်ပြာဆီ တစ်နိုင်တစ်ပိုင် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

  ထိုသိုတွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးသူကာကွယ်ပေး‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

     ၁၈.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးက ပြည်သူများ၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန(တာဝန်ခံ) ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ