သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ “သိန်းကမ္ဘာ”ပေါင်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ လမ်းမတော်လမ်းရှိ “သိန်းကမ္ဘာ” ပေါင်မုန့်လုပ်ငန်းသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် ပေါင်မုန့်လုပ်ငန်းတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံ နည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ အသင့်စားခေါက်ဆွဲ ရောင်းချနေသော ကုန်မျိုးစုံ ဆိုင်(၃) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား စစ်ဆေးခဲ့ကြရာ ရောင်းချနေသော Jumbo ၊ Shin Shin ၊ Yum Yum ၊ Wah–Lah ခေါက်ဆွဲခြောက်ထုပ်များတွင် FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေတို့အား  ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၈-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၄)ဆိုင်အား သွားရောက် စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ဇလွန်မြို့နယ်တွင် ဘိလပ်မြေအဝင်ရှိသော်လည်း ခွဲတမ်းအရအနည်းငယ်သာကျန်ရှိပြီး ပြည်သူများအား အချိုးကျရောင်းချပေးနေကြောင်းနှင့် ပစ္စည်းများလိုသလောက် ရောင်းချမပေးနိုင်သော်လည်း မိမိတို့၏အစီအစဉ် အဆက်အသွယ်များမှ တစ်ဆင့်မှာယူပြီး လုပ်ငန်းများတွင် သုံးစွဲနေကြောင်းနှင့် Crown တစ်အိတ် လျှင်(၂၃၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင် (၃၂ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၀၀၀၀၀ဝိ/-)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် သလိပ်ကြီးကျေးရွာသို့ စားအုန်းဆီ ခွဲဝေ ဖြန့်ဖြူးရောင်းချ

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်  သလိပ်ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကို ခေါ်ယူ၍ စားအုန်းဆီခွဲဝေဖြန့်ဖြူး ရောင်းချ ခဲ့ပါသည်။

     ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား ကျေးရွာရှိ အိမ်ထောင်စုများသို့ စားအုန်းဆီများကို ပြည်သူထံသို့ ရောင်းချနေမှုများအား မှတ်တမ်းဓာတ်ပုံရိုက်၍ ပြန်လည်ပေးပို့ရန်နှင့် ဆီစာအုပ်များကို အိမ်ထောင်စုအလိုက် ခွဲဝေပေးရှိကြရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၈-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်တာဝန်ခံမှ ကွင်း ဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စားအုန်းဆီ ဈေးနှုန်းနှင့် အာလူးဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်သွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိစစ်တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် “ဒေါ်ထွေး” ငါးပိ၊ငံပြာရည် လုပ်ငန်းသို့ ကွင်းဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နေ့လယ်  (၁၂:၀၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာရှိ “ဒေါ်ထွေး” ငါးပိ၊ ငံပြာရည် လုပ်ငန်းသို့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းခဲ့ကြပါသည်။

       လုပ်ငန်းရှင်က ငါးပိ၊ငံပြာရည် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ဖျာပုံမြို့နယ် ၊ ဘုန်းကြီးသောင် ကျေးရွာမှ ရေငန်ထွက်ပစ္စည်း ဖြစ်သော ငါးတံခွန်၊မျှင်ငါးပိ အစရှိသည့် ကုန်ကြမ်း ပစ္စည်းများကို ဝယ်ယူရသည်။ အဆိုပါကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး အိုးထဲတွင် (၃) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငံပြာရည် အကြည်ကို ခပ်ပြီးလျှင် မိုးပြဲဒယ်နှင့် ကျိုရပြီး အနည်နှင့် စွန့်ပစ်ပစ္စည်းများကို ဇကာဖြင့် စစ်၍စွန့်ပစ်သည်။ ထို့နောက်ရရှိလာသော ငံပြာရည်ကြည်များကို အအေးခံကာ ဒေးဒရဲမြို့နယ်နှင့် အခြားမြို့နယ်များသို့ ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်း အနေဖြင့် ငါးပိတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ မျှင်ငါးပိ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငံပြာရည် တစ်ပိဿာ လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ မြိုနယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးနှင့် ဖော်မလင်များ ထည့်သွင်းသုံးစွဲမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်၊ ဈေးကွက်အတွင်းရှိ စားသုံးဆီ(ဘူးဆီ) အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁) ရက်၊နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်အတွင်းရှိ စားသုံးဆီ (ဘူးဆီ) အရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Goody ၊ Mazin ၊ Lotus  အစရှိသော ဘူးဆီများတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်နှင့် အသားတင်အလေးချိန်၊ မြန်မာယူနစ်ဖြင့် ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း တွေ့ိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဘူးဆီများ၊ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁) အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MyRo မှတ်ပုံတင် ခြင်းနှင့် စပ်လျဉ်း၍ တောင်သူများအား အသိပညာပေးဆွေးနွေးခြင်း

    (၄.၈.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ညောင်တုန်းမြိုနယ်စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်ဦးစီးမှုးဦးအောင်လွင်သည် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ့် ငွေထုတ်လာသည့် တောင်သူ(၁၅၀)ဦးခန့်အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်၍ တောင်သူများ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

     ဟောပြောရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်တွင် တောင်သူများအား ဆွေးနွေး ပြောကြားရာ ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဥပဒေအရ စီးပွားရေးအလို့ငှာ  စပါး/ဆန် သိုလှောင်သူများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ စပါးစိုက်ပျိုးပြီး မရောင်းချခင် စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန်သတင်းလွှင့်နေမှုမှာမှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား တောင်သူများသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  တောင်သူများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်း မှ ရောင်းချနေသော မုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၄-၈-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်က လေးအိမ်စုကျေးရွာ အ.ထ.က ကျောင်းရှိ ကျောင်းမုန့်ဈေးတန်း(၇)ဆိုင်မှ ရောင်းချနေသော မုန့်များအား ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသုံးသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းရေး စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကျောင်းမုန့်ဈေးတန်း(၇)ဆိုင်အားစစ်ဆေးမှုအားဆောင်ရွက်ခဲ့ရာ ဦးစားပေး ကုန်စည်အုပ်စု ၁၀မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ရောနှောရောင်းချခြင်း ရှိ-မရှိကို စစ်ဆေးခြင်း၊ ဒေသတွင်း ထုတ်လုပ်သော မုန့်များရောင်းချပါက သက်တမ်းကုန်ရက်စွဲပါဝင်ခြင်းရှိမရှိနှင့် အသင့်စားမုန့်များတွင် FDA ဌာန၏ ထောက်ခံချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ပြဌာန်းချက်များနှင့် ညီမျှသော မုန့်များကိုသာ ရောင်းချရန် ဆိုင်ရှင်များကို ပြောကြားခဲ့ပြီး ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့များကို အပတ်စဉ် စောင့်ကြည့်စစ်ဆေးနိုင်ရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လေးအိမ်စု အ.ထ.က. ကျောင်းအသိပညာပေး ဟောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် တွင် ၄-၈-၂၀၂၅ရက်နေ့ နံနက် (၀၉:၃၀) အချိန်က မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ(အ-ထ-က)တွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ပါတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပြီး မြို့နယ်ပြည်သူကျန်းမာဦးစီးဌာန၊ FDA၊ ပညာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  အသိပညာပေးဟောပြောပွဲရာတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ရှင်းလင်းဟောပြောရာ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းတို့ကို ဆွေးနွေးပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၉)ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့သော ဥပဒေတစ်ခုဖြစ်ကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သော စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူများရရှိမည့် အခွင့်အရေး၊ တာဝန်နှင့် တောင်းဆိုပိုင်ခွင့်များအပြင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်သင့်သည့်အချက် များကို ပြည့်စုံတိကျရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူကို ကာကွယ်ထားသလို၊ မှန်ကုန်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါကလည်း အပြည်အဝအခွင့်အရေး ဥပဒေဖြင့် ကာကွယ်ထားပေးသော ဥပဒေတစ်ခုဖြစ်ကြောင်း ကိုအကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ဟောပြောပွဲသို့  ကျောင်းသား/သူဆရာ/ဆရာ (၃၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ