သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၂၂.၅.၂၀၂၅ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အောင်စိုးပိုင်ဆန်ပွဲရုံနှင့်  ရွှေကျွန်းမဏ္ဏိုင်ဆန်ပွဲရုံတို့အား (၁၀:၁၅) နာရီအချိန်တွင် အဖွဲ့စုံနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဇလွန်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များအားအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၃.၅.၂၀၂၅)ရက်နေ့ ၊ နံနက် (၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ  ကုန်စုံဆိုင်များ၊  စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ  ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့် သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း သိရှိရပြီး စားအုန်းဆီအရောင်းဆိုင် (၅)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိစားသောက်ဆိုင်များနှင့်အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၃.၅.၂၀၂၅) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များ နှင့်အစားအသောက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်လုပ်ငန်းများအားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့် သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက် အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူ ဆောင် ရွက်ထားကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူများ ကျန်းမာရေးပြဿနာ  များမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ဧရာဝတီ)

“သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအပြင်တွင်ရောင်းချလျက်ရှိသည့် TRUE Bakery & Drink ကိတ်မျိုးစုံလုပ်ငန်းပိုင်ရှင်အားခေါ်ယူတွေ့ဆုံခြင်း ”

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း စည်ပင်သာယာ မြို့မဈေးအပြင်တွင် ရောင်းချလျက်ရှိသည့် TRUE Bakery & Drink မုန့်လုပ်ငန်းပိုင်ရှင်အား ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေးအတွက်  မေလ(၂၂)ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူးမှ ခေါ်ယူဆွေးနွေး ခဲ့ပါသည်။

                ထိုသို့ ခေါ်ယူဆွေးနွေးရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းမရှိသေးသည့် TRUE Bakery & Drink မုန့်လုပ်ငန်း ပိုင်ရှင်အား ၎င်းထုတ်လုပ်ရောင်းချသည့် ကိတ်မျိုးစုံနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း အသင့်စားမုန့်အမျိုးမျိုးတို့တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် အချက်များမှာ မဖြစ်မနေဖော်ပြရမည့် အချက်များဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၃.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ Ivory စားသောက်ဆိုင်နှင့် ဧဒင်စားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် ကူးစက်ရောဂါများ အထူးသတိပြုရန်  အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

 

ဟင်္သာတမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၃.၅.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့စစ်ဆေးရာတွင် Mobile Phone၊ ကြိုးဖုန်း၊ Laptop နှင့် TV အရောင်းဆိုင်များတွင် ရောင်း ချသောပစ္စည်းများမှာ ဖော်ပြရမည့် သတင်းအချက်အလက်များ၊ အာမခံချက်ပေးထားသည့်ကာလ (သို့မ ဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့)လဲလှယ်နိုင် ခြင်း၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည်အသွေးများ ဖော်ပြခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ကြော်ငြာကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖော်ပြချက်နှင့် ကိုက် ညီမှုများရှိကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ အရောင်းဆိုင်ပိုင်ရှင်များနှင့် တာဝန်ခံများအနေဖြင့် ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့် အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ အာမခံ ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင် ရွက်ပေးခြင်း၊ သုံးစွဲသူနှင့်သဘောတူညီထားသည့်အတိုင်း ပြန်လည်ပေးအပ်စေခြင်းနှင့် လိုက်နာ ဆောင် ရွက်ရမည့်အချက်အလက်များအား  အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၃.၅.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံး ဆေးဝါးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

  ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေ‌ရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှု လျော့ပါးစေရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသောအရည်အသွေး နှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိ သောတရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန်အသိပညာပေးဆွေးနွေးခဲ့ပြီး၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းစသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး၊ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ဆီနှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၃.၅.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၁) လုံးနှင့် ဆီ(၅၀)ကျပ် သား ရောင်းချခဲ့ပါသည်။ ကြက်ဥ(၁၁)လုံးလျှင် ၅၀၀၀/- ကျပ်ဖြင့် အလုံးရေပေါင်း(၁၃၀၀)လုံး၊ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင် ၃၉၀၀/- ကျပ်ဖြင့် ပိဿာချိန် ၁၅၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာန ဆိုင်ရာများမှ  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့် ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင်  ၂၀၂၅ခုနှစ်၊ မေလ (၂၆)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်မှ သင်တန်းသား/သင်တန်းသူ(၂၀)တို့အား စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေး နှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာန နှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့်အကြောင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

Doca(စစ်ကိုင်း)

 

ဟင်္သာတမြို့နယ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၃.၅.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သော လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းတွင်  သင်တန်းသား/သူ (၂၅) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး သိကောင်းစရာများခေါင်းစဉ်ဖြင့် စားသုံးသူ၏ အဓိပ္ပါယ်၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ