
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၆) ကို (၂၉.၉.၂၀၂၆) ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။
ပထမဦီးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးအောင်ဇော်ဉီးက ဒီနေ့ကျင်းပတဲ့ စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကတော့ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်အတွက် ကျင်းပပြုလုပ်တာဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းများ ချပြရှင်းလင်းတဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူများနှင့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာမှုများကို ညှိနှိုင်းဖြေရှင်းပေးခြင်း လုပ်ငန်းများအား ဌာနအစီအစဉ်ဖြင့်ဖြစ်စေ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် စားသုံးသူပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုနှင့် ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို အခြေခိုင်မာစွာနဲ့ထိရောက်အောင် ရလဒ်ကောင်းတွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အနှစ်သာရရှိရှိ ဖော်ထုတ်ဆွေးနွေးပေးကြဖို့နဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါနဲ့ အချိန်ပေးပြီး မိမိတို့ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ယခင်အစည်းအဝေး(၂/၂၀၂၆) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စားသုံးသူရေးရာကော်မတီသို့တင်ပြသည့်အမှာစာများအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ကော်မတီဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
