HighLight News

Powered by Drupal

ထူးကြီးမြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်၅ရပ်ကွက်ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက်​ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများရောင်းချရာတွင် ထားရှိရမည့်စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ကြူတောကျေးရွာရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

             ၂၀၂၆ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်သည်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုအားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံပါဝင်သော မြို့နယ်စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့သည် (၃.၄.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ထူးကြီး​​မြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ် (၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအားဆီစာအုပ်များနှင့် ဆီရောင်းချနေမှု၊ ထုတ်ယူရရှိမှုအ​ခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောင်းချမှု ရှိ/ မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်း ရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်ပင်မြို့မစျေး၌ စားသုံးရန်မသင့်သော ဓါတုဆိုးဆေးပါဝင်သည့် ကုန်စည်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် FDA ဦး ဆောင်သောအဖွဲ့နှင့်အတူ (၃.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသောအစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်းရှိ တစ်ချို့ကုန်မျိုးစုံအရောင်ဆိုင်များတွင် ရောင်းချလျက်ရှိသော ငြုပ်ဆီနှင့်မျှင်ငါးပိများတွင် စားသုံးရန်မသင့်သည့် အရောင်ဆိုးဆေးများ ပါဝင်ကြောင်း တွေ့ရှိရပြီး၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဈေးကွက်အတွင်းရောင်းချသော အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သူနာပြုသင်တန်းကျောင်း(ဟင်္သာတ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုမှုများ ဆောင်ရွက်

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပန်းပဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းတွင် (၂.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးမှ  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအသိပညာပေးဟောပြောခြင်း၊ Consumer Call Center (1535)သို့ ဆက်သွယ်ခေါ်ဆိုမှုများနှင့် ဝန်ထမ်းများမှ  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်  တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူများ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုမျာကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သူနာပြုသင်တန်းသား/ သူများမှ ဆက်သွယ်ခေါ်ဆိုမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးမှ သိလိုသည်များ မေးမြန်းကာ အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စနစ်တကျမှန်ကန်စေရေးနှင့် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်ပမာဏအတိုင်းဖြန့်ဖြူးရောင်းချစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်များအတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျမှန်ကန်စေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးနေမှုစနစ်အပေါ် စနစ်ကျမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ထားသောခွဲဝေမှုများအတိုင်း ပျံ့ပျံ့နှံ့နှံ့ဖြန့်ဖြူးပေးနိုင်ရေး ကိစ္စရပ်များနှင့်စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကိုလည်း လုပ်ငန်းလိုအပ်ချက်အပေါ်မှုတည်ပြီး ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ လက်ကား/လက်လီကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ခွဲဝေရရှိသောစားအုန်းဆီများကို သတ်မှတ်ချက်များနှင့် အညီ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချရန်လိုအပ်ပါကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့် အညီ စားသုံးဆီဈေးနှုန်းနှင့် ဈေးကွက်တည်ငြိမ်စေရေး စားအုံးဆီဖြန့်ဖြူးမှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတာဝန်ရှိသူများ၊ လက်ကား/လက်လီကိုယ်စားလှယ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း ပြည်သူများထံသို့ဆီဖြန့်ခွဲရောင်းချပေးမှုအခြေအနေနှင့် စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးရောင်းချပေးမှုအခြေအနေများကိုရှင်းလင်းတင်ပြခြင်း၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဇော်မင်းက (၆)မြို့နယ်အတွင်း စားသုံးဆီရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်စိုးက စားအုန်းဆီဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးက စားအုန်းဆီ ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က နိဂုံးချုပ်စကားပြောကြားခြင်းနှင့် ခရိုင်များမှ တင်ပြမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်နှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ (၆)မြို့နယ်အတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များ၊ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

          စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၂း၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊  မင်္ဂလာတောင်ညွန့်ဈေးရှိ စားသုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)က မင်္ဂလာတောင်ညွန့်ဈေးရှိ စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့်ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online မှတ်ပုံတင် လျောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိကို (၂.၄.၂၀၂၆) ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်ရှိ YKKO ကြေးအိုး ဆိုင်သို့သွားရောက်၍ Online မှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် အတူပူးပေါင်းပြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆန်ရောင်းချမှုအခြေအနေများကို (၂.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် န်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)က   မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များသည်      ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာဝတီပေါ်ဆန်းစသည့် ဆန်များရောင်းချလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေ ရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်းကုန် စည်များပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိစေရေး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာပေါင်းမြို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနသည် ဈေးကွက်မရောက်မီ ကုန်စည်နှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာကုန်အညွှန်အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား အပတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုမတ်လ ပထမပတ်များတွင် စက်သုံးဆီအရောင်ဆိုင်များ၊ စားအုန်းဆီ လက်လီ/လက်ကား အရောင်ဆိုင်များ၊ မော်တော်ယာဉ်လုပ်ငန်းနှင့် တည်းခိုခန်းလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ (၂.၄.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဦးကိုကိုလေးကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် လေဆာအမှတ်တံဆိတ် သွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News