HighLight News

Powered by Drupal

ကုန်မျိုးစုံ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် လုပ်ငန်းရှင်တွေ့ဆုံအသိပညာပေးနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၁၆.၆.၂၀၂၆ ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ကုန်မျိုးစုံလုပ်ငန်းရှင် ၃ဦးမှ ကုန်စည်များရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိလိုသည်များ လာရောက်မေးမြန်းသဖြင့် မြို့နယ်ဦးစီးမှူးးမှ ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

     ထိုသို့ အသိပညာပေးရာတွင် လုပ်ငန်းရှင်တို့သည် မိမိတို့ရောင်းချသော ကုန်စည်များပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာဌာန၏ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ပါရှိရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီသော ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေး၊ ပန်းဖလက်များ ဖြန့်ဝေခဲ့ပြီး ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီနှင့် ပြည်တွင်းထုတ်လုပ်ခွင့်ပြုထားသည့် စားအုန်းဆီများဖြစ်ပါက တင်သွင်းကုမ္ပဏီ၊ စားသုံးဆီအမျိုးအစား၊ တင်သွင့်ဖြန့်ဖြူးသည့် အမှတ်တံဆိပ်၊ ထုတ်ပိုးမှုအရွယ်အစား၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ပါဝင်ရမည်ဖြစ်ကြောင်း သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၅.၆.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ကြောင်း သိရသည်။

       ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁) ချက်အား အသေးစိတ်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များ သိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov .mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်၊  မြို့ပေါ်ရှိ   ရေသန့်စက်ရုံများအား ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည်၊ အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  (၁၅.၆.၂၀၂၆)ရက်နေ့  နေ့လယ် (၁၄း၀၀)နာရီအချိန်တွင်  မြောင်းမြမြို့နယ်၊  မြို့ပေါ်ရှိရေသန့်စက်ရုံများတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိရေ သန့်စက်ရုံများ၏ သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးပိုင်ရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ အ.ထ.က(၃) အခြေံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၆.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊‌ မြကန်သာရပ်ကွက်ရှိ အ.ထ.က(၃) အခြေခံပညာအထက်တန်း ကျောင်းမုန့် ဈေးတန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး။ ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့် ပတ်သတ်၍  လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ် ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး ဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

                                                                                                          

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show   ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၅.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၆)ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁) ချက်အား စားသုံးသူပြည်သူများသိရှိနိုင်ရန်အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစ်စဆေး

        ၁၆.၆.၂၀၂၆ ရက်နေ့ နံနက် (၀၈း၃၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ အ.ထ.က(၁) ကျောင်းမုန့်စျေးတန်းအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်း မုန့်ဆိုင် ၆ဆိုင်အား စစ်ဆေးဆောင်ရွက်ရာ ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်းမရှိစေရေး၊ ကျောင်းသား/ ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သောမုန့်များ စားသောက်ခြင်း မရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်းကြီးကြပ်ရေးအဖွဲ့ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန် ကျောင်းမုန့်ဈေးတန်းရှိ တာဝန်ရှိသူများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၁၆.၆.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင်  ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှု ရှိ/မရှိစုံစမ်းစစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် QR Code စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား ဝှီးတက်ပြသောစနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/ မရှိ၊ စုံ၊ မ ရက်အလိုက် ရောင်းချပေးခြင်း ရှိ/ မရှိ၊ ပုံး၊ ပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/ မရှိ နှင့် စက်သုံးဆီရောင်းဆိုင်များအနေဖြင့် 92-95 ဆီများအနည်းငယ်ပြတ်တောက်၍ ရက်ခြား ဆီဆိုင်များမှ ဆီဝင်ရောက်သည်နှင့် ပြည်သူများထံ ပုံမှန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နေ့စဉ် သတ်မှတ်အချိန်အတိုင်း ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန် သိုလှောင်ကန်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အ.ထ.က-၁ ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

        မအူပင်ခရိုင်၊ မအူပင်မြို့နယ် တွင် ၅ ရပ်ကွက်၊ ကျောင်းလမ်းရှိ အခြေခံပညာ အထက်တန်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁၅.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူလိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ သိရှိနိုင်ရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ  ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် ၂၀၂၆ခုနှစ် ဇွန်လ မြေပြင်လက်ကျန် အခြေအနေ

         ဆန်စပါး သိုလှောင်မှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်အားလုံး MyRo တွင် မှတ်ပုံတင်ရပြီး လစဉ်လက်ကျန်များကို တရားဝင်တင်သွင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင် စပါး/ဆန် မြေပြင် သိုလှောင်မှုလက်ကျန် အခြေအနေများကို လစဉ် ရ၊ ထုတ်၊ ကျန် စာရင်းဖြည့်သွင်းနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး ဆန်လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေးအခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဇွန်လ (၁၅) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၂၁၂၉၉၃၂ တင်း၊  ဆန်အနေဖြင့် ၁၉၀၀ အိတ်၊  ကုန်သည် စပါးတင်း ၂၂၉၂၀၀ တင်း၊ ဆန်အနေဖြင့် ၁၅၀၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင်  ၁၀၀၅၆၂၃ တင်း၊ ဆန်အနေဖြင့် ၄၀၀၂၇၃ အိတ်၊ ဆန်ဆိုင်များမှ ၅၁၆၀ အိတ်၊  စုစုပေါင်း စပါးတင်း ၃၃၆၄၇၅၅ ၊ ဆန် ၄၀၈၈၃၃ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ် နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်  အခြေခံပညာအထက်တန်း အ.ထ.က-၁ နှင့် အ.ထ.က-၂ ကျောင်းအား အသိပညာပေးဟောပြော

          ၁၇-၆-၂၀၂၆ ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရေးဆေးပညာဦးစီးဌာနတို့ ပါဝင်သောအဖွဲ့သည် ညောင်တုန်းမြို့ ၉ရပ်ကွက်၊ ရှိ အ.ထ.က-၁နှင့် အ.ထ.က-၂ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/ ကျောင်းသူများကို လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ကျောင်းသား/ သူများ မှတ်သားလိုက်နာ ဆောင်ရွက်နိုင်ဖို့က အရေးကြီးကြောင်းနှင့် ကျောင်းသို့ ဌာနဆိုင်ရာများက လူငယ်အသိပညာပေး ဟောပြောခြင်းကိုလည်း ကြိုဆိုကြောင်း သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဟောပြောပေးနိုင်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အခြားသက်ဆိုင်ရာဌာနများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် လူငယ်များသိသင့်သော အသိပညာပေးခြင်းများကို အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေး သိကောင်းစရာအကြောင်း ဟောပြောရာ စားသုံးသူအခွင့်အရေး(၈ချက်) စားသုံးသူလိုက်နာရမည့် တာဝန်(၄)ချက် အကြောင်းကို ကျောင်းသားများ နားလည်သလောက် တစ်ဦးချင်း မေးမြန်းဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက မည်သည့်ဌာနသို့ တိုင်ကြားနိုင်ကြောင်း မေးမြန်းခြင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ တိုင်ကြားလို့ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြားလို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်းအဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူ ခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။ ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ သူဆရာ/ ဆရာမ (၃၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News