HighLight News

Powered by Drupal

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၂.၅.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ Yo Yo စားသောက်ဆိုင်နှင့် ငွေရောင်နဂါး စားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ရွှေဘိုမြို့ရှိ  Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၆)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ “Khinmgwinelectronic” အီလက်ထရောနစ်ပစ္စည်းOnline Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်းထားများ၊ Online Sale မှတ်ပုံ တင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဟောပြော

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စစ်ကိုင်းမြိုု့နယ် စားသုံးသူရေးရာဦးစီးဌာနမှ၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က (၁၀.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား (၂၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသူ (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော်(ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

     ၂၀၂၆ခုနှစ်၊ မေလ ()ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်နေကြာမျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်သည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊  တောင်သူများကို မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ ဝါ)မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခဲ့၍ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ အခုလိုပေးအပ်တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဦးဆောင်၍ တက်ရောက်လာသော တောင်သူများအား စစ်ကိုင်းဆီကုန်သည်ကြီးများက  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ (၅၀)ကျပ်သား (၄၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲမျိုးစုံဈေးနှုန်းကျဆင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

           ၂၀၂၆ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၆၀၀၊ (929)တစ်တင်းလျှင် ကျပ် ၆၂၆၀၀၊ (V2)တစ်တင်းလျှင် ကျပ် ၆၄၃၀၀နှင့် (V7)တစ်တင်းလျှင် ကျပ် ၆၅၃၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ “ဒေါ်ခင်မျိုးမြင့်”ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ MSMEလုပ်ငန်းပို့ကုန်(၂)ဆတိုးမြှင့်တင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ အမှတ်(၄၉)၊ စိုက်ပျိုးရေးလမ်းရှိ ကြိမ်ပရိဘောဂနှင့် ကြိမ်ထည်ပစ္စည်းအမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းအား ပြည်ပပို့ကုန် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများသည် အဆိုပါ လုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မေလ(၈)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ‌မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ ကြိမ်ပရိဘောဂနှင့် ကြိမ်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ပိုင်ရှင်နှင့် တွေ့ဆုံကာ စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်အတွင်း လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် MSME လုပ်ငန်းများ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပသို့ ပို့ကုန်မြှင့်တင်တင်ပို့နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များ အထောက်အကူဖြစ်စေရေး ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန်တွက် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်း စသဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များသို့ မေလ(၈)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အမှတ်တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားသောက်ကုန် ပစ္စည်းတစ်ခုဖြစ်သော အမှတ်တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့် စားသုံးဆီ၏ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြပါရှိရမည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)များအား ထုတ်လုပ်သူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများရောင်းချနေခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းများ ရောင်းချနေခြင်းရှိ/ မရှိ စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ မေလ(၇)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ မြို့နယ်တာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းသုံး ပစ္စည်းအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံစွာဖော်ပြပါရှိသော ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သက်ဆိုင်ရာဌာနများ၏ တရားမဝင်ခွင့်ပြုချက်မပါ သော သက်တမ်းကုန်ဆုံးနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအား မိမိတို့၏ ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကလေးတစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေခြင်းရှိ/မရှိ အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်သို့ပထမဆုံးဒိန်ချဉ်တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

            အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနသည် Vietnam သို့ ပထမဆုံးအကြိမ် ဒိန်ချဉ် ထုတ်ကုန်တင်ပို့မှုကို မေလ ၆ ရက်နေ့ကကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တင်ပို့မှု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ဖြစ်ပြီး PT Cisarua Mountain Dairy Tbk က Bogor Regency ၊ West Java မှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမျိုးသားပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က ယခုကဲ့သို့ ပထမဆုံးတင်ပို့နိုင်ခြင်းသည် အင်ဒိုနီးရှား နို့ထွက်ပစ္စည်းများ၏ အရည်အသွေးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ပြသနေကြောင်းနှင့် ထိုအဆင့်သည် ဗီယက်နမ်နှင့် အာရှဈေးကွက်များတွင် အင်ဒိုနီးရှား ဒိန်ချဉ် ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရပ်တည်မှုကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ နို့ထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းသည် ဆက်လက်တိုးတက်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် နို့ထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၁.၆၈ သန်း ရှိခဲ့ပြီး ၂၀၂၁ မှ ၂၀၂၅ အတွင်း ၂.၃၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်း နို့ထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၈၁ သန်းအထိ ရှိလာခဲ့ပြီး ၂၀၂၅ ခုနှစ် တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက ၆၃.၄၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဒိန်ချဉ်ထုတ်ကုန် တင်ပို့မှုတစ်ခုတည်းအနေဖြင့်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ–ဖေဖော်ဝါရီကာလအတွင်း ကမ္ဘာလုံး ဆိုင်ရာ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄၅ သန်း ရှိခဲ့ပြီး ယခင်နှစ်ထက် ၅၀.၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Puntodewi က ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အင်ဒိုနီးရှားထုတ်ကုန်များ၏ ဈေးကွက်ဝင်ရောက်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာစေရန် အထောက်အကူပြုအစီအစဉ်များကို ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအစီအစဉ်များတွင် ကုန်သွယ်ရေးမစ်ရှင်များ၊ နိုင်ငံတကာပြပွဲများ၊ စီးပွားရေးချိတ်ဆက်ပွဲများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီစေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များပါဝင်ကြောင်း သိရပါသည်။ Puntodewi က ကမ္ဘာ့ဈေးကွက်ထဲတွင် အင်ဒိုနီးရှားထုတ်ကုန်များ၏ ရပ်တည်မှုပိုမိုအားကောင်းလာစေရန်အတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News