HighLight News

Powered by Drupal

ရွှေဘိုမြို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၅.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ သန်းထိုက်အောင်ကုန်စုံဆိုင်တွင်ရောင်းချသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်သောက်ချိုရည်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းအကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု )နှင့် သယ်ယူပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအား ဧပြီလမှ ဇူလိုင်လအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှု ( ၅ ) ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၅)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ်(Pre Market Surveillance ) စစ်ဆေးဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လစဉ်အလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း(၄)ခုသည် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး ကျန်လုပ်ငန်း(၁) ခုသည်  ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော်လည်း စားသုံးသူကာကွယ်ရေးဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီရန်လိုအပ်သည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၊   ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူ များ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၆၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ရက် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်စုပေါင်းရုံး ရွေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးမှီစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းညှိနှိုင်းကာ တာဝန်ယူမှုရှိရှိဖြင့် လုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၆၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကန့်ဘလူခရိုင်အတွင်း ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းများ၏ လုပ်ငန်းရည်ရွယ်ချက်များ၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲမည့်အစီအစဉ်များနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

        ဆက်လက်၍ ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအား ၂၀၂၆၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ပေးအပ်လွှာများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌက ပေးအပ်ခဲ့ပြီး လက်ခံရယူခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးမျိုးဝင်းသန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ စားသုံးဆီတံဆိပ် အမျိုးမျိုးအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်တာဝန်ခံသည် (၇.၅.၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စသည့်မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးနှင့်အတူ မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ရောင်းချနေသော စားသုံးဆီတံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသာဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်ပွားစေခြင်း၊ ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်နိုင်ရေး၊ မိမိထုတ်ကုန်နှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး စသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက် တမ်းကုန်သည့်ရက်စွဲ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် သတ်မှတ်ထားသောအချက်များဖော်ပြရန်နှင့် ဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသဖြင့် လုပ်ငန်းရှင်များမှလည်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာမှုများရှိလာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဧပြီလ ၁၆ ရက်နေ့ မှ ဧပြီလ ၃၁ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့် လ္ဘက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊ အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန် သင့်အစားစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးနှင့် အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မှ ဧပြီလ ၃၀ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်များသို့  ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

        (၆-၅-၂၀၂၆) ရက်နေ့၊  နံနက်(၁၀း၃၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးသန့်စင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  အမှတ် (၁၄)၊ မြို့ပတ်လမ်း၊ သင်္ဘောကျင်း ရပ်ကွက်၊ ဒေါပုံမြို့နယ်ရှိ ရွှေသိန်းဆန်စက်နှင့်ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ပင်လယ်ကိုးသွယ်ဆန်စက်များအားသွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအ​ခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်များတွင် ဆန်/ဆန်ကွဲအရည်အသွေးများကြည့် ရှုစစ်ဆေးခြင်း၊  သိုလှောင်ရုံပမာဏသတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း၊ ဆန်ကွဲသို လှောင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စပါး၊ ဆန်၊ ဆန်ကွဲ မြေပြင်လက်ကျန် စာရင်းကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီး  မြန်မာနိုင်ငံဆန်၊ စပါးအသင်းချုပ်(MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့ကြောင်း သိရှိပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဆန်တန်ချိန် (၂၅) တန်အထက်သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online Sale မှတ်ပုံတင်သက်တမ်းတိုး မြေပြင်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန် မှုရှိ/မရှိကို (၆.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  တောင်ဥက္ကလာပ မြို့နယ်သို့ Coordinates Co.Ltd သို့သွားရောက်၍ Online Sale မှတ်ပုံတင် သက်တမ်းတိုးခြင်းမှ မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 (Now ) သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးစစ်ဆေးခြင်း

          ၄.၅.၂၀၂၆ ရက်နေ့၊ နံနက်(၁၂:၃၀) နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး) သည်  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၀၀)၊ စက်မှုဇုန်(၃)လမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ (Now) သောက်ရေသန့်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့်အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ထောက် ခံချက်သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ FDA ထောက်ခံချက်ရှိ/ မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးနှုန်းဈေးကွက်အခြေ အနေများအားစိစစ်ခဲ့ပြီး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈)၌ပါရှိသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)

စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ရွှေကံကော်အဆင့်မြင့်လက်ဖက်ရည်ဆိုင်သို့(၄.၅.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချ သည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသောက်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်တွင် ဦးသိန်းထွန်း (ဌာနခွဲစာရေး)က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူများ စားသုံးရန်(သို့)အသုံးပြုရန် သင့်/မသင့်စစ်ဆေးခဲ့ပြီး၊ အဆိုပါ စစ်ဆေးရာတွင် စားသောက်ဆိုင်အနေဖြင့် သတင်းအချက်အလက်ဝန်ဆောင်မှုူနှင့်ပတ်သက်သော အချက်အလက်များ ပွင့်လင်းမြင်သာမှု ရှိ/မရှိ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက် ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ /မရှိ၊ အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိတို့အား အဖွဲ့စုံဖြင့်  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News