မအူပင်မြို့နယ်၌ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူအသိပညာပေး ဟောပြော

Powered by Drupal

       (၂၅.၇.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁၅) ဦးအား ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာနှင့် စားသုံးသူအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲကို ဦးအောင်ဇော်ဦးက ဦးဆောင်ကျင်းပခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အရေးပါမှု၊ စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူများ၏ အခွင့်အရေးများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

       ထို့ပြင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်ပစ္စည်းအမည်၊ ထုတ်လုပ်သူ/ တင်သွင်းသူ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ အသုံးပြုပုံနှင့် သတိပြုရန်အချက်များကို ဥပဒေနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ သက်တမ်းကုန်ဆုံးသော ကုန်ပစ္စည်းများကို မရောင်းချရန်နှင့် စားသုံးသူများကို မှန်ကန်သော သတင်းအချက်အလက်များ ပေးအပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

     ဟောပြောပွဲအတွင်း လုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များ၊ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းရှင်များ၏ တာဝန်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဟောပြောသူက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)