
ယခင်နှစ်များက ကြုံတွေ့ခဲ့ရသော ထုတ်လုပ်မှုကျဆင်းမှုများမှ ပြန်လည်နာလန်ထူလာ နိုင်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ငှက်ပျောသီး တင်ပို့ သည့်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာကာ ကမ္ဘာ့ဈေးကွက်တွင် ခြေကုပ်ပြန်ယူနိုင်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ ဖိလစ်ပိုင်သည် အီကွေဒေါနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အာရှဒေသတွင် အကြီးဆုံး ငှက်ပျောသီးတင်ပို့သူဖြစ်လာကြောင်း ဖော်ပြထားသည်။ ကိုလံဘီယာ၊ ဂွါတီမာလာနှင့် ကော့စတာရီကာ နိုင်ငံတို့မှာမူ (ကမ္ဘာ့ငှက်ပျောသီးတင်ပို့မှုတွင်) တတိယ၊ စတုတ္ထနှင့် ပဥ္စမအဆင့် နေရာများကို အသီးသီးရရှိခဲ့ကြသည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အဆင့် (၃) နေရာ၌သာရှိခဲ့ခြင်းဖြစ်သည်။ လက်ဝယ်ရှိ ကနဦးတင်ပို့မှု အချက်အလက်များကို ကိုးကား၍ FAO အစီရင်ခံစာက ဖော်ပြရာတွင် — ဖိလစ်ပိုင်ကျွန်းစုမှ ငှက်ပျောသီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်က မက်ထရစ်တန် ၂.၃၃ သန်းသာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ပြီး မက်ထရစ်တန် ၂.၉၃ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ ပြည်တွင်းထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်းက ကြုံတွေ့ခဲ့ရသော ထိခိုက်ပျက်စီးမှုများမှ ပြန်လည်နာလန်ထူလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ငှက်ပျောသီးတင်ပို့မှုကို ယခုကဲ့သို့ တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၊ ကာဂါယန်တောင်ကြားဒေသ (Cagayan Valley) သို့မဟုတ် ဒေသ-၂ (Region 2) တွင် ငှက်ပျော သီးထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်ခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်ဟု အစီရင်ခံစာက ဆက်လက်ဖော်ပြသည်။ ယင်း ရင်းနှီးမြှုပ်နှံမှုများတွင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ သဘာဝမြေ သြဇာများနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုများကို ပံ့ပိုးပေးခြင်းများလည်း ပါဝင်သည်။ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် ပြည်တွင်းဖြစ် ငှက်ပျောသီး များအတွက် အဓိကကျသော ဈေးကွက်များဖြစ်သည်။ အထူးသဖြင့် ဂျပန်နိုင်ငံသည် ၎င်း၏ ငှက်ပျောသီးလိုအပ်ချက် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းမှပင် တင်သွင်းနေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် ကိုလံဘီယာ နိုင်ငံတို့မှ ထုတ်လုပ်မှုတိုးတက်လာခြင်းက ကမ္ဘာ့ငှက်ပျောသီး ကုန်သွယ်မှုကို အားကောင်းစေခဲ့ ပြီး၊ ထိုနှစ်နိုင်ငံပေါင်းမှ တင်ပို့မှုပမာဏ မက်ထရစ်တန် ၉၀၀,၀၀၀ ခန့် ပိုမို ဖြည့် ဆည်းပေးနိုင်ခဲ့မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Source : Inquirer.com
DOCA(ရန်ကုန်)
