ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

MAFF သည် ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန် နည်းလမ်းများ ရှာဖွေ

    လယ်သမားများ၏ အကြောက်တရားများကို ပြေပျောက်စေရန် စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ဆန်စပါး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထိန်းထား နိုင်စေရန် နည်းလမ်းများ ရှာဖွေသွားမည်ဟု ၃၁-၈-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆင့်ဆင့်မှ စိုက်ပျိုးရေးအရာရှိများသည် ရိတ်သိမ်းခြင်း၊ စပါးသယ်ယူခြင်းနှင့် နောက်ဆုံး ရောင်းချခြင်း အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတိုင်းတွင် လယ်သမားများနှင့် တက်ကြွစွာ လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လယ်ယာ စိုက်ပျိုးရေးတွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများပေါင်းစည်းခြင်းသည် ကုန်ကျစရိတ် လျှော့ချ ရန် တစ်ခုတည်းသော အဖြေဖြစ်သဖြင့် လယ်သမားအသိုင်းအဝိုင်းများ စိုက်ပျိုးရေးကဏ္ဍမှ အကျိုးဖြစ်ထွန်းစေမည့် တစ်ခုတည်းသောအဖြေဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ဈေးကွက်အတက်အကျဖြစ်နိုင်ချေကို လျှော့ချနိုင်ရေးအတွက် စိုက်ပျိုးခြင်းနှင့် ဓာတ်မြေသြဇာ များ ဖြန့်ဖြူးပေးခြင်းစသည့် ကဏ္ဍများတွင် ပံ့ပိုးကူညီမှုဖြင့် လာမည့်စိုက်ပျိုးရာသီတွင် ဝန်ကြီး ဌာနက ဆက်လက်ပံ့ပိုးပေးသွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စိုက်ပျိုးရေး ပညာရှင်များ၏ အဆိုအရ ရာသီဥတု ဖောက်ပြန်မှု သက်ရောက်မှုကြောင့် နိုင်ငံတော်တွင် စပါး ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်ကာ ရိတ်သိမ်းချိန် လွန် အခြေခံအဆောက်အအုံချို့တဲ့မှုနှင့် ခေတ်မီလယ်ယာနည်းပညာ၊ လယ်ယာ ရိတ်သိမ်းခြင်း နှင့် ကြိတ်ခွဲခြင်းလုပ်ငန်းများအတွက် စွမ်းအင ကုန်ကျစရိတ် မြင့်မားခြင်းတို့ ကြောင့် စပါး ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေကြောင်း သိရသည်။ ဆန်ဈေး ကျဆင်းမှုသည် စိုက်ပျိုးရေး ထောက်ပံ့ရေး ကွင်းဆက်အတွက် ပိုမိုကျယ်ပြန့်သော သက်ရောက်မှုများ ရှိနေကြောင်း၊ လယ်သမားများသာမက ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များ၊ တင်ပို့ရောင်းချသူများပါ ထိခိုက်ပြီး ကျေးလက်ဒေသနေလူထုများအတွင်း ငွေကြေးစီးဆင်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး ထုတ်လုပ်မှုစရိတ်လျှော့ချခြင်းသည် အကျပ်အတည်းကို ဖြေရှင်းရန် အဓိကဖြေရှင်းနည်းများထဲမှ တစ်ခုဖြစ်သည်ဟု MAFF က သတ်မှတ်ထားသည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)

 

နိုင်ငံတော် တိုးတက်မှုကို တွန်းအားပေးရန်အတွက် သတ္တုတွင်းမှ ၀င်ငွေကို အသုံးပြုရန် MME ထုတ်ပြန်

       ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန (MME) သည် သတ္တုတွင်း သယံဇာတ ရန်ပုံငွေများကို ထိရောက်စွာ စီမံခန့်ခွဲရန် ကတိပြုပြီး သတ္တုတွင်းလုပ်ငန်းများမှ ရရှိသောငွေများသည် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံလူထုကို အကျိုးပြုကာ ကမ္ဘောဒီးယားနိုင်ငံ၏ အလုံးစုံစီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရန် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဒေသခံလူထုဖွံဖြိုးတိုးတက်ရေး အတွက် သတ္တုတွင်းရန်ပုံငွေကို အောင်မြင်စွာအသုံးပြုခြင်းနှင့်ပတ်သက်သော သတင်း ထုတ်ပြန်ချက်တွင် MME မှ သဲ၊ ကျောက်စရစ်၊ ဂဝံကျောက်နှင့် ကျောက်အရိုင်းများ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး တွင်းထွက်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အလေးပေးဖော်ပြခဲ့သည်။ ရွှေတူးဖော်ရေးကဏ္ဍ သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က၂၀၂၁ ခုနှစ်မှစတင်ကာ နိုင်ငံတကာစံနှုန်းသို့ ရောက်ရှိခဲ့သည်။ ဆောက်လုပ်ရေးနှင့် အဖိုးတန်သတ္တုများတူးဖော်ခြင်း ကဏ္ဍနှစ်မျိုးလုံသည် ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘောဒီးယား၏ စီးပွားရေး အားကောင်းစေပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးချဲ့ပေးနေကြောင်း ထုတ်ပြန်ထားသည်။ သတ္တုတွင်းရံပုံငွေများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲခြင်းသည် စီးပွားရေးတိုးတက်မှုကို ထိန်းထားရန်၊ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် တွင်းထွက်သယံဇာတများမှ ဒေသခံလူထု၏ အကျိုးခံစားခွင့်ကို အာမခံရန် အဓိကသော့ချက်ဖြစ်ကြောင်း MME မှ ထုတ်ပြန်ထားခဲ့သည်။

Source: Khmer Times                                                                                    

DOCA (ရန်ကုန်)

 

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရန် ကတိပြုခဲ့ကြ

      ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် တရုတ်နိုင်ငံ Tianjin (တီယန်ကျင်း) မြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမတိုင်မီ တရုတ်သမ္မတ၊ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံအတည်ပြုကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး ပိုမို နက်ရှိုင်းစေမည့် အခွင့်အလမ်းသစ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းမှုအတွက် တရုတ်နိုင်ငံ ၏ဆက်လက်ပံ့ပိုးကူညီသွားမည်ဟုသမ္မတရှီက ကတိပြုခဲ့သည်။  ထောက်ပံ့ရေးကွင်းဆက်များ နှင့် ချိတ်ဆက်မှုအားကောင်းစေမည့် စီမံကိန်းများကို အရှိန်မြှင့်ရန် အရေးကြီးကြောင်း သမ္မတရှီ က အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ လူမှုစီးပွားတိုးတက်မှုအတွက် အခိုင်အမာ ပံ့ပိုးကူညီမှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း Hun Manet က ပြောကြားခဲ့သည်။  ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းကုန်သွယ်မှုကို မြှင့်တင်ရန် စီစဉ်ထားသည့် Funan Techo နှင့် ပေါင်းစည်းထားသော ရေစီမံခန့်ခွဲမှုစီမံကိန်း အပါအဝင် အဓိကအခြေခံအဆောက်အအုံများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။ ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားစေရန်နှင့် တန်ဖိုးမြင့်စက်မှု လုပ်ငန်းများကို ဆွဲဆောင်ရန် လိုအပ်သည်ကြောင်း ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CCFTA) တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ ဆောင်ရွက်ရန် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအတွက် မြင်သာထင်သာရှိသော အကျိုးခံစားခွင့်များ ပေးဆောင်ရန် နှစ်နိုင်ငံအဖွဲ့အစည်းများကြား အနီးကပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အခြေခံ အဆောက်အအုံစီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရန် သဘောတူညီ ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၅ ခုနှစ် ပထမ (၇) လတွင် ကမ္ဘောဒီးယား နိုင်ငံတွင် ဒေါ်လာ ၃.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ဇန်နဝါရီမှ ဇူလိုင်လအတွင်းတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ဒေါ်လာ ၆.၇ ဘီလီယံတန်ဖိုးရှိ စီမံကိန်းပေါင်း ၄၄၀ ကို အတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယမန်နှစ် အလားတူကာလထက် ၈၄ ရာခိုင်နှုန်း တိုးလာကာ စီမံကိန်းအရေအတွက် ၈၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။  ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၇)လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ နောက်ဆုံး စာရင်းများအရ သိရသည်။ GDCE အချက်အလက်များအရ ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ဇန်နဝါရီမှ ဇူလိုင်လအထိ ကန်ဒေါ်လာ ၈.၇၂ ဘီလီယံမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဘီလီယံ သို့ မြင့်တက်သွားကြောင်းဖော်ထားသည်။  သို့သော် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ပို့ကုန်သည် ၈.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းမှုမှာ ၃၀.၅ ရာခိုင်နှုန်းမှ (ကန်ဒေါ်လာ ၁၀.၁၁ ဘီလီယံ) သို့ သိသိသာသာ မြင့်တက်ခဲ့သည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)

 

ဖိလစ်ပိုင်သမ္မတ Ferdinand R Marcos Jr သည် ကမ္ဘောဒီးယား-ဖိလစ်ပိုင် စီးပွားရေး ဆက်ဆံမှု တိုးမြှင့်ရန် လာရောက်မည်

        ဖိလစ်ပိုင်သမ္မတ Ferdinand R Marcos Jr သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ စတင်ကာ ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် စတင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) က ဖော်ပြထားသည်။ သမ္မတ ဆက်သွယ်ရေးရုံး (PCO) လက်ထောက်အတွင်းဝန်နှင့် သတင်းပြန်ကြားရေးအရာရှိ Claire Castro က Marco သည် နိုင်ငံတော်ခရီးစဉ်အတွက် ဖနွမ်းပင်သို့ စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း၊ ဖနွမ်းပင်တွင် နှစ်နိုင်ငံတွေ့ဆုံပွဲများအပါအဝင် သမ္မတ၏ အစီအစဉ်အသေးစိတ်ကို လာမည့်ရက်များတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း Claire Castro က ပြောကြားခဲ့သည်။ ယခုခရီးစဉ်သည် ကမ္ဘောဒီးယား-ဖိလစ်ပိုင်စီးပွားရေးနှင့် စီးပွားရေးဆက်ဆံမှု မြင့်မားလာချိန် တွင် ရောက်ရှိလာခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရများသည် စီးပွားရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် အစီအမံများကို လုပ်ဆောင်နေပြီး Marcos Jr ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတွင် မှတ်တိုင်သစ်တစ်ခု ဖန်တီးနိုင်မည်ဟု မျှော်လင့်ထားသည်။ ယခုနှစ် ဖေဖေါ်ဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဝန်ကြီးချုပ် Hun Manet  လာရောက်လည်ပတ်မှုနှင့်အတူ စီးပွားရေးဆက်ဆံမှုတိုးတက်မှုအတွက် အစီအမံအသစ်တစ်ခုချမှတ်ခဲ့ပြီး   စီးပွားရေးနယ်ပယ် အသီးသီးတွင် လွှမ်းခြုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ် (၈) ခု ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များထဲမှ တစ်ခုသည် နှစ်နိုင်ငံကြား ဝင်ငွေခွန်နှင့်ဆက်နွှယ်သော အခွန်နှစ်ဆကောက်ခံမှုကို ပပျောက်စေရန် အဓိကထားဆောင်ရွက်ပြီး အခွန်ရှောင်ခြင်းနှင့် ရှောင်ရှားခြင်းတို့ကို တားဆီးခြင်းတို့ကိုလည်း ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။  ထို့အပြင် ကမ္ဘောဒီးယားနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းခိုးယူမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးရန် နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။  စိုက်ပျိုးရေးနှင့် လယ်ယာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိုလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။

Source: Khmer Times                                                                                  

DOCA (ရန်ကုန်)

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအတွင်း အန်ကောဝပ်သို့ နိုင်ငံခြားခရီးသွား ၆၇ သိန်းနီးပါး လာရောက်လည်ပတ်ခဲ့

      နိုင်ငံ၏ဆွဲဆောင်မှုအရှိဆုံးသော ခရီးသွားရှုခင်းဖြစ်သည့် Angkor Archaeological Park သည် ယခုနှစ်ပထမ (၈) လအတွင်း နိုင်ငံခြားခရီးသွား ၆၆၉,၆၁၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂.၇၂ ရာခိုင်နှုန်း တိုးလာသည်ဟု Angkor Entrance Pass Sales မှ  ၁-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝင်ခွင့်လက်မှတ်ရောင်းချမှုမှ ဝင်ငွေဒေါ်လာ ၃၁ သန်းရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၂.၄၂ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်သို့ နိုင်ငံခြားဧည့်သည်များ တိုးလာခြင်းသည် ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုကို ထင်ဟပ်ကြောင်း ကမ္ဘောဒီးယား ခရီးသွားအေးဂျင့်များအသင်း ဥက္ကဋ္ဌ  Chhay Sivlin က ပြောကြားခဲ့သည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်၊ ထုတ်ကုန်အသစ်များ ဖန်တီးခြင်းနှင့် နိုင်ငံခြား ခရီးသွားများ၊ ခရီးစဉ်များ လွယ်ကူချောမွေ့စေရန်အတွက် အစိုးရမှ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။ 

 

Source: Khmer Times 

DOCA (ရန်ကုန်)

AIIB သည် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းများကို ရှာဖွေ

      အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) သည် ခေတ်မီပညာရေးကဏ္ဍ တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လူမှုရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စိတ်ပါဝင်စားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။  ခိုင်မာသော အခြေခံအဆောက်အအုံသည် အမျိုးသားရေး ဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘောဒီးယားတွင် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ရှာဖွေရန် AIIB ၏ စိတ်ဝင်စားမှုကို ကြိုဆိုကြောင်း Hun Manet က ပြောကြားခဲ့သည်။  စက်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်နှင့် Funan Techo စီမံကိန်းတို့ကို ကိုးကား၍ တော်ဝင်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးပေးပြောကြားခဲ့သည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် လူ့စွမ်းအားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးသည် လက်ရှိနှင့် အနာဂတ် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ရေရှည်ရင်းနှီး မြုပ်နှံမှုများ လိုအပ်ကြောင်း Hun Manet က ဆက်လက်ပြောကြားသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန် AIIB အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရန် တိုက်တွန်းခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ် Hajj ဘုရားဖူးပွဲတော်အတွက် အင်ဒိုနီးရှားထံမှ အသင့်စားအစားအစာ အမေရိကန် ဒေါ်လာ ၁၂ သန်းဖိုးဝယ်ယူမည့် ဆော်ဒီ လုပ်ငန်း

        ၂၀၂၆ ခုနှစ် Hajj ဘုရားဖူးပွဲတော်တွင်လိုအပ်ချက်များဖြည့်စည်းရန် ဆော်ဒီကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိသောအသင့်စားအစားအစာများကို အင်ဒိုနီးရှားထံမှ ဝယ်ယူရန်စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ဝန်ကြီးဌာနသည် ထိုသဘောတူညီချက်အား နှစ်နိုင်ငံ ကြားကုန်သွယ်ရေးချိတ်ဆက်မှုအားကောင်းစေရန် ဗျူဟာမြောက်အရွေ့တစ်ခုအဖြစ် ရှုမြင်ထား ကြောင်းနှင့် ပို့ကုန်တိုးမြှင့်ရန်ကြိုးပမ်းမှုအားလုံးသည် နိုင်ငံ၏စီးပွားရေးကြီးထွားမှုကို သိသာ ထင်ရှားစွာမောင်းနှင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသဘောတူညီချက်ကို အင်ဒိုနီးရှား၏ PT Halalan Thayyiban ကုမ္ပဏီနှင့် ဆော်ဒီအာရေးဗီးယား၏ 4J ကုမ္ပဏီ လီမိတက်ကြားတွင် ဩဂုတ်လ ၂၃ ရက်နေ့က အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၌ MoU မှတစ်ဆင့်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သဘောတူညီချက်အောက်တွင် Halalan သည်အရည်အသွေးမြင့်ဟာလာအသိအမှတ်ပြုလက်မှတ်ရ အသင့်စားအစားအစာများ ကို 4J အားရောင်းချသွားမည်ဟု သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Fajarini Puntodewi က အင်ဒိုနီးရှားသည် Hajj ဘုရားပွဲတော်အတွင်အစားအစာလိုအပ်ချက်ကိုပံ့ပိုးပေးရန် ကတိပြု ကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် ဆော်ဒီအာရေးဗီးယားသို့ပို့ကုန်တိုးမြှင့်ရာတွင် ကူညီပေး နိုင်မည်ဖြစ်ကြောင်းနှင့် အစားအစာနှင့် ဖျော်ရည်အပြင် အခြားထုတ်ကုန်များဆော်ဒီဈေးကွက်သို့ ဝင်ရောက်ရန်အတွက် များစွာသောအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။

Antara News

DOCA (ရန်ကုန်)

                                     

ဗီယက်နမ်နိုင်ငံ၌ အမျိုးသားသယ်ယူပို့ဆောင်ရေးစနစ် စီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ထူထောင်မည်

      ဗီယက်နမ်အစိုးရက အမျိုးသားသယ်ယူပို့ဆောင်ရေးစနစ် စီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ထူ ထောင်ရန်အတွက် ဗီယက်နမ်ဒေါင်ငွေ ဘီလီယံ ၁၄၅၀ ကျော် (အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်းခန့်) ကို သုံးစွဲမည်ဖြစ်ကြောင်း  သိရသည်။

          အဆိုပါ စီမံခန့်ခွဲမှုစင်တာထူထောင်ခြင်း၏ အကျိုးကျေးဇူးကြောင့် အမြန်လမ်းများ၊ လမ်းမ ကြီးများနှင့် ဒေသဆိုင်ရာလမ်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်မည်ဖြစ်သည်။

          ထို့ပြင် ယာဉ်ကြောအသွားအလာ ကြိုတင်ခန့်မှန်းမှု၊ အရေးပေါ်တုံ့ပြန်မှုနှင့် နိုင်ငံတစ်ဝန်း၌ ဗဟိုချုပ်ကိုင်သည့်   ယာဉ်ကြောစီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်လာစေရန် အဆင့်မြင့်နည်းပညာ များကို အသုံးပြုမည်ဖြစ်သည်။

          စီမံခန့်ခွဲမှုစင်တာက  သယ်ယူပို့ဆောင်ရေး အက်ပလီကေးရှင်းများနှင့်အတူ ရေရှည်တည်တံ့ သော သယ်ယူပို့ဆောင်ရေးနှင့်     ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးဆိုင်ရာ  လုပ်ငန်းဆောင်ရွက်မှု များ ကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

          ဗီယက်နမ်နိုင်ငံ လမ်းများဌာန၏အဆိုအရ နိုင်ငံအတွင်း၌ အမြန်လမ်း ၂၂၆၈ ကီလိုမီတာကို ဖောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ကီလိုမီတာ ၃၀၀၀ နှင့် ၂၀၃၀ ခုနှစ်တွင် ကီလိုမီတာ ၅၀၀၀ အထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ 

DOCA(ပြည်ထောင်စုနယ်မြေ)

ပါကစ္စတန်နိုင်ငံ၌ ဩဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှု ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းလာ

      ပါကစ္စတန်နိုင်ငံတွင် သြဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကထက် ၁၂.၄၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း တရားဝင် အချက် အလက်များက ဖော်ပြထားသည်။အဆိုပါ ပို့ကုန်ကျဆင်းမှုသည် လွန်ခဲ့သည့်ငါးလအတွင်း စတုတ္ထ မြောက်ကျဆင်းမှုဖြစ်ပြီး ဇူလိုင်လကသာလျင် အပြုသဘောဆောင်သော ပို့ကုန်တိုးတက်မှုရှိ ကြောင်းဖော်ပြခဲ့သည်။ လအလိုက် ပို့ကုန် ၉.၉၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပီဘီအက်စ် ဒေတာက ဖော်ပြသည်။

     လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅-၂၆ ၏ ပထမနှစ်လတာကာလအတွင်း ပို့ကုန်တင်ပို့မှု ၀ ဒသမ ၆၅ ရာခိုင်နှုန်း ဒေါ်လာ ၅ ဒသမ ၁၁ ဘီလီယံအထိ တိုးတက်ခဲ့ရာ ယမန်နှစ်အလားတူကာလက ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၇  ဘီလီယံထက် ပိုမိုများပြားခဲ့သည်။

          သို့ရာတွင် သြဂုတ်လက သွင်းကုန် ၆ ဒသမ ၄၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈ ဘီလီယံ မြင့်တက်ခဲ့ရာ လစဉ်ကုန်သွယ်မှုလိုငွေ ၃၀.၁၃ ရာခိုင်နှုန်း တိုးလာကာ ယခင်နှစ်က ဒေါ်လာ ၂.၂၁ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၂.၈၆ ဘီလီယံအထိ တိုးလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ                                                                                                          

DOCA(ပြည်ထောင်စုနယ်မြေ)

ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံသည် ပီလောပီနံခြောက် တင်ပို့မှု တန်ချိန် ၅၀၀,ဝဝဝ နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

          ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ၎င်း၏ စိုက်ပျိုးရေးတင်ပို့မှုကို မြှင့်တင်ရန် အဓိကခြေလှမ်းတစ်ရပ်ကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပီလောပီနံအခြောက် တန်ချိန် ၅၀၀,၀၀၀ တင်ပို့မှုနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာရေးထိုးပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ရုံးချုပ်တွင် ၂၁-၈-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ဦးဆောင်ခဲ့သည်။ Nimul က အမြဲတမ်းကော်မတီ အဖွဲ့ဝင်၊ အထွေထွေအတွင်းရေးမှူးနှင့် CPC Guangxi ကော်မတီ၏ အထွေထွေရုံး ညွှန်ကြားရေးမှူးချုပ် Zhou Yijue ဦးဆောင်လာခဲ့သည့် တရုတ်နိုင်ငံ၏ Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို COFCO Biotechnology မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ နားလည်မှုစာချွန်လွှာသည် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များမြှင့်တင်ရန် အစိုးရ၏ ကတိကဝတ်ကို အလေးပေးဖော်ပြနေခြင်းဖြစ်ပြီး ပို့ကုန်ဈေးကွက်များ ချဲ့ထွင်ခြင်း၊ ဈေးကွက်ကွဲပြားစေရန်နှင့် နိုင်ငံတကာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်မှု စံချိန်စံညွှန်းများကို မြှင့်တင်ရန်ဖြစ်သည်။  ဤသဘောတူညီချက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကုန်သွယ်မှုနှင့် ဒေသဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ပေါင်းစည်းမှုကို အားကောင်းလာစေရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုကြောင်း MoC မှ ထုတ်ပြန်ထားသည်။ ၂၁-၈-၂၀၂၅ ရက်နေ့တွင် ချုပ်ဆိုခဲ့သော တန်ချိန် ၅၀၀,၀၀၀ သဘောတူညီချက်သည် ၂၀၂၅ ခုနှစ် မတ်လတွင် လက်မှတ်ရေးထိုးခဲ့သော ယခင်တန်ချိန် ၂၀၀,၀၀၀ ကို အခြေခံခဲ့ပြီး ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များအပေါ် ယုံကြည်မှုတိုးလာခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာခြင်းတို့ကို ထင်ဟပ်စေခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ သဘောတူညီချက်သည် လယ်သမားများနှင့် စိုက်ပျိုးရေးထုတ်ကုန်လုပ်ကိုင်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးတိုးတက်မှုကို ပံ့ပိုးပေးကာ စီးပွားရေးအကျိုးအမြတ်များ ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ထားကြသည်။ ကမ္ဘောဒီးယား နိုင်ငံသည် အာရှတိုက်တွင် စတုတ္ထအကြီးဆုံး ပီလောပီနံထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဒသမအကြီးဆုံးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပီလောပီနံတန်ချိန် ၁၂ သန်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)  

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ