ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

နီပေါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ၈ လအတွင်း လျှပ်စစ်ကားတင်သွင်းမှု ၁၉.၆ ရာခိုင်နှုန်း မြင့်တက်လာ

           နီပေါသည် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလအတွင်း လျှပ်စစ်ကား ၁၉.၆ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း အစိုးရ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

           နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၅ ခုနှစ် မတ်လလယ်အထိ လျှပ်စစ်လေးဘီး တပ်ယာဉ် ၈၇၇၅ စီး တင်ပို့ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်အလားတူကာလတွင် ၇၀၅၂ စီးရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

           စုစုပေါင်း တင်သွင်းမှုတွင် တရုတ်နိုင်ငံမှ ၆၈၈၃ စီးနှင့် အိန္ဒိယမှ ၁၈၅၆ စီးပါဝင်သည်။ အဆိုပါ ကာလအတွင်း နီပေါသည် လျှပ်စစ်သုံးဘီးတပ်ယာဉ် ၁၂၈၉၅ စီးနှင့် နှစ်ဘီးတပ်ယာဉ် ၆၉၇၅ စီး တင်သွင်းခဲ့ကြောင်း အေဂျင်စီကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မတ်လရက် ၂၀ အတွင်းတောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်များမြင့်တက်လာခဲ့

           ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် သင်္ဘောများအတွက် ခိုင်မာသော ဝယ်လိုအားကြောင့် မတ်လ၏ ပထမရက် ၂၀ အတွင်း တောင်ကိုရီးယား၏ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံး ဒေတာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ မတ် ၁ ရက်‌နေ့မှ ၂၀ ရက်‌နေ့အထိ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅.၅၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း ကိုရီးယား အကောက်ခွန် ဝန်ဆောင်မှုဌာနထုတ်ပြန်ချက်အရ သိရသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုသည် ၁၁.၆ ရာခိုင်နှုန်းမှ ၇.၀၇ ဘီလီယံဒေါ်လာအထိ မြင့်တက်ခဲ့ပြီး မော်တော်ယာဥ်တင်ပို့ မှုမှာ ၃.၇ ရာခိုင်နှုန်းမှ ၃.၃ ဘီလီယံဒေါ်လာအထိ တိုးလာခဲ့သည်။ သင်္ဘောတင်ပို့မှုသည် ၈၀.၃ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၂.၂၃ ဘီလီယံအထိ ခုန်တက်သွားသော်လည်း သံမဏိ၊ ရေနံထွက် ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများမှာ ကျဆင်းသွားခဲ့သည်။ သွင်းကုန် ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၁.၁၅ ဘီလီယံရရှိခဲ့သည်။ ရေနံစိမ်း၊ ကျောက်မီးသွေးနှင့် ရေနံထွက် ကုန်များအတွက် တင်သွင်းမှုမှာ ဂဏန်းနှစ်လုံးဖြင့် ကျဆင်းခဲ့သော်လည်း သဘာဝဓာတ်ငွေ့၊ ကားများနှင့် ဆီမီးကွန်ဒတ်တာသုံးပစ္စည်းများအတွက် ဂဏန်းနှစ်ဆတိုးလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန််ကုန်)

စည်းကြပ်ခွန်များသည် ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အမေရိကန်သုံးစွဲသူများ၊ အသေးစားလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်

            အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က အမေရိကန်ကုန်သွယ်ဖက်များအပေါ် စည်းကြပ်ခွန်များ ချမှတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများသည် စျေးနှုန်းကြီးမြင့်မှုအပေါ် သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် အမေရိကန်စားသုံးသူများနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ၏ အဆိုးမြင်မှုကို တိုးလာစေသည်။ ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန် လက်လီကြက်ဥဈေးသည် မကြာသေးမီက ကျဆင်းခဲ့သော်လည်း ကွင်းစ်ရှိ ကုန်စုံဆိုင်များတွင် ကြက်ဥတစ်ဒါဇင်ခန့်သည် ၁၀ ဒေါ်လာခန့်ဖြစ်သည်။ ကြက်ဥဈေးနှုန်းများ မြင့်မားခြင်းသည် စားသုံး သူများ၏ အပြုအမူများကို ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲစေခဲ့သည်။ သွင်းကုန်များအပေါ် အခွန်စည်း ကြပ်ခြင်းသည် စားသုံးသူများနှင့် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများကို လှုံ့ဆော်ပေးလျှက်ရှိသည်။ University of Michigan ၏ စစ်တမ်းတွင် US စားသုံးသူ ယုံကြည်မှုသည် မတ်လတွင် ၅၇.၉ ရာခိုင်နှုန်း သို့ ရောက်ရှိလာပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို ပြသထားသည်။ အာရှဇိမ်ခံ ခရီးသွားခြင်းကို အဓိကထားလုပ်ဆောင်သည့် နယူးယောက်အခြေစိုက် Remote Lands ခရီးသွားအေဂျင်စီ၏ CEO ဖြစ်သူ Catherine Heald က ၎င်း၏ကုမ္ပဏီတွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့၌ ပါတနာများရှိသောကြောင့် သံတမန်ဆက်ဆံရေး ညံ့ဖျင်းပါက သူမ၏လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။ အခွန်စည်းကြပ်မှုကဲ့သို့ အုပ်ချုပ်ရေးအသစ်၏ အစပျိုးမှုသည် ရူးသွပ်ရာရောက်ကြောင်း၊ ၎င်း၏ရှေးရိုးစွဲဝါဒသည် ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ဆက်ဆံရေးကိုထိခိုက်စေမည်ကိုစိုးရိမ်ကြောင်း Heald ကဆက် လက်ပြောကြားခဲ့ကြောင်းသိရှိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

စက်မှုဇုန်များ၏ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းမှုသည် နိုင်ငံ၏ စီးပွားရေးကြီးထွားမှုကို ၈ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်

            အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Faisol Riza က ပြည်တွင်းစက်မှုဇုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းခြင်းသည် သမ္မတ Prabowo Subianto ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်း ၉ ရာခိုင်နှုန်း ရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ မတ်လ ၁၉ ရက်နေ့ ကထုတ်ပြန်ချက်တွင် ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်သည့်ကဏ္ဍသည် အင်ဒိုနီးရှားစီးပွားရေးတွင် ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ GDP တွင် ၁၇.၆ ရာခိုင်နှုန်းပါဝင်ပြီး အမြင့်ဆုံးအခွန်ငွေ ၂၅.၈၄ ရာခိုင်နှုန်းရရှိကြောင်း သိရပါသည်။ ထို့ကြောင့် စက်မှုဇုန်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်း သည် နိုင်ငံ၏ GDP အချိုးကို မြှင့်တင်နိုင်ရုံသာမက အင်ဒိုနီးရှားအား အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံအဖြစ်မှ မြင့်တက်ရန်ကူညီပေးနိုင်မည်ဟု သိရပါသည်။ လတ်တလောတွင် အင်ဒိုနီးရှား၌ လုပ်ငန်း လည်ပတ်နေသည့် စက်မှုဇုန် ၁၆၈ ခုရှိကြောင်း သိရပါသည်။ ဝန်ကြီးဌာန အောက်ရှိ Resilience,regional and international industrial access ၏ ညွှန်ကြား‌ရေးမှူးချုပ် Tri Supondy က ၎င်း၏ဌာနသည် စက်မှုဇုန်ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရန် ဗျူဟာမြောက် မူဝါဒများ ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အမျိုးသားအလယ်အလတ်ကာလဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် ၂၀၂၅-၂၀၂၉ အရ ထိုဗျူဟာသည် ရေနံနှင့်ဂတ်စ်မဟုတ်သည့် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်း၏ GDP ကို ၂၀၂၉ ခုနှစ်တွင် ၈.၅၉ ရာခိုင်နှုန်းထိ မြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရပါသည်။ စက်မှုဇုန်အသင်း၏ဥက္ကဌ Sanny Iskandar ကစက်မှုဇုန်များ  ယှဉ်ပြိုင်နိုင် စွမ်းတိုးတက်မှုအရှိန်မြှင့်တင်ရန် အစိုးရ၊ ကုန်ထုတ်လုပ်သူများနှင့် ဘဏ္ဍာရေးကဏ္ဍကြား အားကောင်းသောမိတ်ဖက်ဖွဲ့မှုလိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)

Smart စက်ရုံတိုးချဲ့ရန် ရင်းဂစ် သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် Hotayi Electronic

             Hotayi Electronic သည် အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးနိုင်မည့် ပီနန်းပြည်နယ်ရှိ Smart စက်ရုံ တတိယအဆင့်တိုးချဲ့ရန်အတွက် ရင်းဂစ် သန်း ၅၀၀ သုံးစွဲသွားမည်ဟု သိရပါ သည်။ ထိုစက်ရုံသည် ကုမ္ပဏီ၏ Smart ကုန်ထုတ်လုပ်ခြင်းတွင် ဦးဆောင်မှုကို အားသစ်လောင်း ပေးနိုင်ရန် အဆင့်မြင့်အလိုအလျှောက်စက်အသုံးပြုမှုစနစ်၊ AI ဖြင့် အချက်အလက်စိစစ် လေ့လာ မှုနှင့် Internet of Things( IoT)လုပ်ငန်းစဉ်များအသုံးပြုရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ပီနန်းပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က Hotayi Electronic သည် ပီနန်း၌ လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလျှက် ရှိကြောင်းနှင့် ယနေ့အခမ်းအနားသည် ပီနန်းကျွန်းအရှိန်အဟုန်ဖြင့်တိုးတက်နေသော စက်မှုဂေဟစနစ်အား ကုမ္ပဏီ၏ ယုံကြည်ချက် ရှိမှုကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှား ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Datuk Sikh Shamsul Ibrahim Sikh Abdul Majid က Hotayi ၏ တိုးချဲ့မှုသည် နည်းပညာမြင့်ကုန် ထုတ်လုပ်ခြင်းတွင် ကျော်ကြားမှုမြင့်တက် လာခြင်းကို ရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါ သည်။ Mida ကထိုသို့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုသည် မလေးရှားလူမျိုးများအတွက် ကျွမ်းကျင်မှုမြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်တီးနိုင်ရုံသာမက စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Hotayi Electronic ၏ အမှုဆောင်အရာရှိချုပ် Datuk Goh Guek Eng က ထိုတိုးချဲ့မှုသည် ၎င်းတို့၏ဝယ်ယူသူများ၏ လိုအပ်ချက်များကို ပံ့ပိုး ပေးနိုင်ရန် အရည်အသွေး၊ စွမ်းဆောင်ရည်၊ ဆန်းသစ်တီထွင်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ Hotayi Electronic သည် ၁၉၉၂ ခုနှစ်မှစ၍ မလေးရှား၏အီလတ်ထရောနစ်လုပ်ငန်းတွင် အဓိကနေရာ၌ ရပ်တည်နေပြီး အခြေခံအဆောက်အအုံတွင် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရှိရပါသည်။

Malay Mail

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်မှု ၂၇ ရာခိုင်နှုန်း မြင့်တက်

            ၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ဗီယက်နမ်နှင့် စင်ကာပူကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၆.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ ပထမ ၂ လထက် ၂၇.၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Enterprise Singapore (ESG) ၏ အဆိုအရ သိရပါသည်။ စင်ကာပူသို့ ၁၄ ခုမြောက်အကြီးမား ဆုံးတင်ပို့သူဖြစ်သည့် ဗီယက်နမ်သည် ယခုနှစ် ပထမနှစ်လတာကာလတွင် စင်ကာပူသို့ စင်ကာပူ ဒေါ်လာ ၁.၅၄ ဘီလီယံကျော်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် စင်ကာပူ ကုန်ပစ္စည်းများ ၇ ခု မြောက် အကြီးမားဆုံးတင်သွင်းသူဖြစ်သည့် ဗီယက်နမ်သည် နှစ်လတာ ကာလတွင် စင်ကာပူ ဒေါ်လာ ၅.၀၆ ဘီလီယံ တန်ဖိုးနီးပါး တင်သွင်းခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၂၈.၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဖေဖော်ဝါရီလ တစ်လတည်းတွင် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၁၈ ဘီလီယံ တန်ဖိုး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ထက် ၄၀.၄၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။  ဗီယက်နမ်မှစင်ကာပူသို့ အဓိကပို့ကုန် များတွင် မှန်များ၊  ဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာများ၊ စက်မှုသုံးပစ္စည်းများ၊ စက်အပိုပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ အီလတ်ထရောနစ်ပစ္စည်းများနှင့် အပိုပစ္စည်းများ၊ တိုင်းတာသည့်ကိရိယာများ၊ ဓာတ်ခွဲခန်းသုံးမှန်ဘီလူးများ၊ ဆေးဘက်ဆိုင်ရာ သုံးပစ္စည်းများ၊ နာရီများ၊ အဖျော်ယမကာများ ပါဝင်ကြောင်း သိရပါသည်။ ဖေဖော်ဝါရီလတွင် ဗီယက်နမ်က စင်ကာပူထံမှ သွင်းကုန်များတွင် မိုဘိုင်းဖုန်းများ၊ အီလတ်ထရောနစ်ပစ္စည်းများနှင့် အပိုပစ္စည်းများ၊ ရေနံနှင့် ရေနံထုတ်ကုန်များ၊ စက်မှုသုံးဘွိုင်လာများ၊ ဓာတ်ပေါင်းဖိုများ၊ စက်ပစ္စည်းများ၊ ဆေးဝါးများ၊ ပုလဲ၊ ကျောက်မြတ် ရတနာတို့ပါဝင်ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်း စင်ကာပူနိုင်ငံဆိုင်ရာ ဗီယက်နမ် ကုန်သွယ်ရေးအတိုင်ပင်ခံ Cao Xuan Thang က ဗီယက်နမ်လုပ်ငန်းများအား ဈေးကွက်တွင် တိုးချဲ့ရန် နည်းလမ်းများကို ဆက်လက်ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ပြည်နယ်တစ်ခုတွင် အထူးစီးပွားရေးဇုန်(SEZ) တစ်ခုတည်ထောင်ရန် အင်ဒိုနီးရှားသမ္မတ စီစဉ်

            အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ပြီး အလုပ်အကိုင်များဖန်တီးပေးရန် နိုင်ငံ၏ ပြည်နယ်တိုင်းတွင် အထူးစီးပွားရေးဇုန်(SEZ) များ တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Prabowo က၎င်းတို့သည် ပြည်နယ်တစ်ခုတွင် SEZ တစ်ခုတည်‌ထောင်ရန်အလိုရှိကြောင်း နှင့် ထိုသို့လုပ်ဆောင်နိုင်ပါက နိုင်ငံတွင် SEZ ၃၈ ခု ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဗဟိုဂျာဗား Batang ဒေသရှိ Batang Industropolis SEZ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထိုSEZ တွင် ကုမ္ပဏီ ၇ ခုမှာ လုပ်ငန်းလည်ပတ် လျှက် ရှိပြီး အခြား ၇ ခုမှာ ဆောက်လုပ်ဆဲအဆင့်တွင်ရှိကာ ၁၃ ခုမှာ တည်ဆောက်မှုစီစဉ်နေဆဲ အဆင့် တွင် ရှိနေကြောင်း သိရပါသည်။ သမ္မတက အစိုးရသည် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အလုပ်အကိုင် များဖန်တီးပေးရန်နှင့် ကုန်ကြမ်းပစ္စည်းများအားတန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြုပြုထုတ်လုပ် ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ Prabowo ၏ အဆိုအရ ရင်းနှီးမြှုပ်နှံမှုသည် လာမည့်ငါးနှစ်အတွင် အလုပ်အကိုင် ၈ သန်းဖန်တီးပေးနိုင်မည်ဟု သိရပါသည်။ Batang ဒေသသည် ဗဟိုဂျာဗားတွင် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန် Batang ဘက်ပေါင်းစုံစက်မှုဇုန်ကို Batang Industropolis SEZ အဖြစ် အသွင်ကူးပြောင်းခဲ့ကြောင်း သိရပါသည်။ အစိုးရသည် ထို SEZ သည် အလုပ်အကိုင်အခွင့်အလမ်း ၅၈၁၄၅ ဦးခန့်အပ်နိုင်ကာ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၄.၅၉ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ SEZ များတည်ထောင်ခြင်းသည် စီးပွားရေးကြီးထွားမှု၏ ဗဟိုချက်များအဖြစ်ဖန်တီးရန် အင်ဒိုနီးရှားအစိုးရ၏ မဟာဗျူဟာမြောက်မူဝါဒ ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် အကောက်ခွန်နှင့် ပြည်တွင်းအခွန်မက်လုံးများနှင့် ပါမစ်နှင့် လိုင်စင်ထုတ်ပေးမှုဖြေလျှော့ ပေးခြင်းတို့ပါဝင်သည့် များစွာသော ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေး မဟုတ်သည့် မက်လုံးများ ပံ့ပိုးပေးကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)

တရုတ်-အင်ဒိုနီးရှားညီလာခံက ငှက်သိုက်တင်ပို့မှုအားကောင်းရန် မျှော်လင့်ရ

          တရုတ်-အင်ဒိုနီးရှားငှက်သိုက်ကုန်သွယ်ရေးညီလာခံသည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင်များကြား ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် ဗျူဟာမြောက်ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကုန်သွယ်‌ရေး ဝန်ကြီး Budi Santoso က ၎င်း၏ ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၏စားသုံး၍ရသော ငှက်သိုက် တရုတ်သို့ တင်ပို့မှုမြှင့်တင်ရန်အားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး အကောင်းဆုံးငှက်သိုက်များထုတ်လုပ်သူဖြစ်ပြီး နိုင်ငံတကာအဆင့်မီပြုပြင် ထုတ်လုပ် မှုစံနှုန်းများနှင့်ပတ်သတ်၍ နာမည်ကျော်ကြားကြောင်း သိရပါသည်။ Santoso က ထိုမြင့်မားသော စံနှုန်းများကို ဆက်လက်ထိန်းသိမ်းရန် အာမခံကြောင်းနှင့် ထိုဖိုရမ်သည် တရုတ်နှင့် အင်ဒိုနီးရှားကြား ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်းရာတွင် ပူးပေါင်းပါဝင်ပေး နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျကာတာတွင် ကျင်းပခဲ့သည့် ကုန်စည်ပြပွဲကို အင်ဒို နီးရှားလုပ်ငန်းရှင် ၃၀၊ ငှက်သိုက်အသင်း ၅ ခုနှင့်  တရုတ်စိုက်ပျိုးမွေးမြူ‌ရေး လက်ကားဈေးကွက် အသင်းမှ အဖွဲ့ဝင် ၃၀ တို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Santoso က ထိုပူးပေါင်း ဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် အပြန်အလှန်အကျိုးရှိသော ကုန်သွယ်ရေး ဂေဟစနစ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရသည်လည်း ကမ္ဘာ့ထိပ်တန်း စားသုံး နိုင်သော ငှက်သိုက် ဈေးကွက်အဖြစ်တည်ရှိနေသည့် နိုင်ငံ၏ရပ်တည်မှုကို ဆက်လက် အားကောင်းစေရန် ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ် ထားကြောင်း ပြောကြားခဲ့ပါ သည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ ကမ္ဘာ့ဈေးကွက်သို့ စားသုံး နိုင်သောငှက်သိုက်တင်ပို့မှုမှာ စံချိန်တင် အမေရိကန်ဒေါ်လာ ၄၂၈ သန်းတန်ဖိုးရှိခဲ့ကြောင်း သိရပါသည်။  ထို၂၀၂၄ ခုနှစ်တွင် တရုတ်သည် အမေရိကန်‌ဒေါ်လာ ၆၃၄.၉၅ သန်းတန်ဖိုးရှိသော ငှက်သိုက်များကို ကမ္ဘာတစ်ဝှမ်းမှ တင်သွင်းခဲ့ပြီး ၇၀ ရာခိုင်နှုန်းနီးပါးကို အင်ဒိုနီးရှား မှတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ တရုတ်အပြင် အင်ဒိုနီးရှားသည် ဟောင်ကောင်၊ ဗီယက်နမ်၊ စင်ကာပူ၊ အမေရိကန်နှင့် တရုတ်တိုင်ပေတို့သို့လည်း စားသုံး၍ရသောငှက်သိုက်များ တင်ပို့လျှက်ရှိကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပိုမှု တန်ချိန် ၁၆.၁ သန်း ထိရောက်ရှိ

            ၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံတန်ကြေးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ချိန် ၁၆.၁ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူ‌ရေး ဒုတိယဝန်ကြီး Yerbol Taszhurekov က လွန်ခဲ့သည့် ငါး နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်ထုတ်ကုန်တင်ပို့မှုမှာ စုစုပေါင်း တင်ပို့မှု၏ ၅၂ ရာခိုင်နှုန်းရှိပြီး အဓိကဈေးကွက်များတွင် ဗဟိုအာရှ၊ ယူရေးရှန်း စီးပွားရေးယူနီယံ၊ အီရန်၊ တူရကီ၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှံစား သီးနှံတင်ပို့မှုမှာ တန်ချိန် ၈.၁ သန်းရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ ကာဇတ်စတန်သည် ရိတ်သိမ်းနှံစားသီးနှံတန်ချိန် ၆.၃ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ အီရန်သို့တင်ပို့မှုမှာ တန်ချိန် ၇၄၁၀၀၀ ရှိပြီး အဇာဘိုင်ဂျန်သို့တင်ပို့မှုမှာ တန်ချိန် ၄၀၈၀၀၀ တန်ရှိကြောင်း သိရပါသည်။ ဟင်းသီး ဟင်းရွက်ဆီ၊ မုန့်မျိုးစုံ၊ အစာသွပ်အသားချောင်း၊ အမဲသား၊ သိုးသားပါဝင်သည့် ပြုပြင်ထုတ်လုပ် ထားသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်‌ဒေါ်လာ ၂.၇ ဘီလီယံဖြင့် ၁၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသားစီးပွားရေး ဝန်ကြီးဖြစ်သူ Serik Zhumangarin ကနေကြစေ့ထုတ်လုပ် သူများအား ထုတ်လုပ်မှုတိုးချဲ့ရန် ပံ့ပိုးပေးရန်လိုအပ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ကာဇတ်စတန်သည် အပင်ကွာရန် တင်းနှင့် ကာကွယ်ရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန်၊ တူရကီ၊ အီရန်၊ တရုတ်နှင့် CIS နိုင်ငံများနှင့် လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ ကာဇတ်စတန်လုပ်ငန်း ၂၄၀၀ ကျော်သည် safflower အစားအစာ၊ ပဲစေ့များ၊  ပဲနီလေးနှင့် rapeseed တို့ကို တရုတ်သို့တင်ပို့ရန် မှတ်ပုံတင်ထားကြောင်း သိရပါသည်။ တရုတ်သည် ၂၀၂၅ ခုနှစ်တွင် သကြားမုန်လာနှင့် pulp၊ ၂၀၂၆ ခုနှစ်တွင် ဆန်၊ mung ပဲ၊ ဝါနှင့် ဖရဲသီးတို့ကို တင်သွင်း ခွင့်ပြုရန်မျှော်လင့်ရကြောင်း သိရပါသည်။ Zhumangarin က တာဝန်ရှိသူများသည် ကုန်သွယ် ရေးအတားအဆီးများ ဖယ်ရှားရန်တရုတ်နှင့်ညှိနှိုင်းဆွေးနွေးမှုများ အရှိန်မြှင့်တင်မည်ဖြစ်ပြီး ပို့ကုန် ဈေးကွက်သစ်များ ရှာဖွေသွားမည်ဟု သိရပါသည်။ ကာဇတ်စတန်သည် မြင်းသားနှင့် မွေးမြူရေးထုတ်ကုန်အတွက် ဈေးကွက်သစ်များရှာဖွေနေကြောင်း သိရှိရပါသည်။

The Astana Times  

DOCA(ရန်ကုန်)        

ဈေးဝယ်စင်တာအသစ်များနှင့်စီမံကိန်းများအတွက် ဘတ် ၁၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် CPN

             Central Pttana Plc(CPN) သည် Bangkok၊ Nonthaburi နှင့် Khon Kaen တို့တွင် ဈေးဝယ်စင်တာသစ်များဖွင့်လှစ်ရန်ပါဝင်သည့် ငါးနှစ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာအတွက် ဘတ် ၁၂၀ ဘီလီယံ ဘက်ဂျက်ချထားကြောင်း သိရပါသည်။ CPN ၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Wallaya Chirathivat က ထိုဘက်ဂျက်သည် ကုမ္ပဏီ၏ ၂၀၂၅-၂၀၂၉ ရင်းနှီးမြှုပ်နှံမှု အစီ အစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ လက်လီရောင်းချမည့်စင်တာ စီမံကိန်းများတွင် မတ်လ ၂၈ ရက်နေ့တွင်ဖွင့်လှစ်မည့် Market Place Theprak community mall၊ ဩဂုတ်လတွင်ဖွင့်လှစ်မည့် Central Park ရုံးခန်းများ နှင့် အောက်တိုဘာလတွင် ဖွင့်လှစ် မည့် Central Krabi တို့ပါဝင်ကြောင်းသိရပါသည်။ နှစ်ကုန်တွင် ကုမ္ပဏီသည် နေရာ ၄၄ ခုမှ ၃၀ တို့မှာ Mixed-use စီမံကိန်း( ဈေးဝယ်စင်တာ၊ ရုံးခန်းများ၊ လူနေအခန်းများပါဝင်သည့် အဆောက် အအုံ)များနှင့်အတူ စီးပွားရေးကဏ္ဍအားလုံးတွင် စီမံကိန်း ၁၃၅ ခု ရရှိရန်မျှော်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ်အတွက်မူ ကုမ္ပဏီသည် Bangkok တွင် The Central စီမံကိန်း၊ Nonthaburi တွင် Central Northville စီမံကိန်းနှင့် Khon Kaen တွင် Central Khonkaen Campus စီမံကိန်းတို့ပါဝင်သည့် စီမံကိန်းသစ် ၃ ခုကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ CPN သည်Rama I၊ Rama IX နှင့် Phloenchit အစရှိသည့် ထင်ရှားသည့်နေရာများတွင်လည်း အဓိကစီမံကိန်းများနှင့်အတူ ၎င်းတို့၏ ဈေးကွက်တည်ရှိမှုကိုတိုးချဲ့ရန်စီစဉ်နေကြောင်း သိရပါသည်။ The Central ကို Mixed-use စီမံကိန်းအဖြစ် ဒီဇိုးဆွဲထားပြီး လက်လီဈေးဝယ် စင်တာ အကျယ်အဝန်းမှာ ၄၆၀၀၀၀ စတုရန်းမီတာရှိမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် စတုတ္ထ ၃ လပတ် ကာလတွင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဈေးဝယ်စင်တာ တည်ဆောက်မှု ပထမ အဆင့်ကို ရင်းနှီးမြှုပ်နှံမှု ဘတ် ၂၀ ဘီလီယံ အသုံးပြုသွားမည်ဟု သိရပါသည်။ ကုမ္ပဏီသည် ဈေးဝယ်စင်တာကို ဘန်ကောက်မြောက်ပိုင်းမှ ဝယ်လိုအားသစ်များကို ဆွဲဆောင်ရာ တံခါးပေါက် တစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း သိရပါသည်။ Central Khonkean campus နှင့် Central Northville ကို ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် ဖွင့်လှစ်ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ