ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနှင့် ဒိုမီနီကာတို့သည် နိုင်ငံအကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန် သဘောတူညီခဲ့ကြ

          ကမ္ဘောဒီးယားနှင့် ဒိုမီနီကာနိုင်ငံတို့သည် အောက်တိုဘာ ၉ ရက် ကြာသပတေးနေ့တွင် ၎င်းတို့ ၏ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခံ့အောင်တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။

       ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် မြို့တော်ဖနွမ်းပင်တွင် အလည်အပတ်ရောက်ရှိနေသော ဒိုမီနီကန်ဝန်ကြီးချုပ် Roosevelt Skerrit တို့အကြား တွေ့ဆုံမှုအတွင်း သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ယူနစ်၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

       ခေါင်းဆောင်နှစ်ဦးသည် နိုင်ငံရေး-သံတမန်ရေးရာ၊ စီးပွားရေး၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းအပါအဝင် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရေးဆိုင်ရာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Skerrit ၏ခရီးစဉ်သည် ယခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၁၅) နှစ်မြောက်ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် အရေးကြီးသောအခွင့်အလမ်းဖြစ်ကြောင်း Hun Manet မှ ပြောကြားခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် ဝန်ကြီးချုပ်နှစ်ဦးသည် နှစ်နိုင်ငံအကျိုးရှိနိုင်သည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်သည့် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲများ ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေလက်ဝတ်ရတနာဈေးနှုန်းများ စံချိန်တင်မြင့်တက်လာ

         ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၂၂ ကာရက် ရွှေလက်ဝတ်ရတနာများ၏ ဈေးနှုန်းသည် သမိုင်းဝင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကျောက်မျက်ရတနာများအသင်း (BAJUS) မှ အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင်ကြေငြာချက်အရ တစ်ဂရမ်လျှင် ၁၇,၃၃၅ တာကာ နှုန်းသစ်သို့ သတ်မှတ်ခဲ့ကြောင်းသိရသည်။ BAJUS သည် ၂၁ ကာရက်ရွှေတစ်ဂရမ်လျှင် ၁၆၅၄၇ တာကာ၊ ၁၈ ကာရက်ရွှေအတွက် ၁၄၁၈၃ တာကာနှင့် အခြားမျိုးကွဲများအတွက် ပြန်လည်ပြင်ဆင်ထားသော စျေးနှုန်းများကိုလည်း သတ်မှတ်ခဲ့သည်။ ပေါက်ဈေး၏ထိပ်တွင် အစိုးရ VAT (တန်ဖိုးထည့် ခွန်) အနည်းဆုံး ငါးရာခိုင်နှုန်းမှခြောက်ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်။ အဆိုပါ ကောက်ခံမှုမှာ ပုံသေမဟုတ်ကြောင်းနှင့် လက်ဝတ်ရတနာများ၏ ဒီဇိုင်းနှင့် အရည်အသွေးပေါ်မူတည်၍ ကွဲပြားနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ရွှေစျေးနှုန်းများ တသမတ်တည်း မြင့်တက်လာခဲ့ပြီး အပတ်စဉ်နီးပါး ဈေးနှုန်းများ စံချိန်တင်ခဲ့သည်။

          ဘင်္ဂလားဒေရှ့်နိုင်ငံ၏ တစ်နှစ်တာရွှေဝယ်လိုအားမှာ တန်ချိန် ၂၀ မှ ၄၀ ခန့်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အာရှတစ်ခွင်ရှိ မင်္ဂလာအခမ်းအနားများတွင် သတို့သမီးများသည် စည်းစိမ်ဥစ္စာ၊ ချမ်းသာမှုနှင့် ငွေကြေးကြွယ်ဝမှုတို့၏ သင်္ကေတဖြစ်သော ရွှေလက်ဝတ်ရတနာများကို ၀တ်ဆင်လေ့ရှိကြသည်။

           မကြာသေးမီလများအတွင်း ဈေးနှုန်းများမြင့်တက်မှုကြောင့် အဓိကအားဖြင့် ရွှေလက်ဝတ်ရတနာများ၏ ဝယ်လိုအားသည် ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဒါကာရှိ ကုန်သည်များက အစီရင်ခံခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ဆီနီဂေါနိုင်ငံတွင် ဖိုရမ်ကျင်းပ

          ဆီနီဂေါနိုင်ငံ၏မြို့တော် ဒါကာအနီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ နှစ်ရက်တာ အခမ်းအနားတွင် နိုင်ငံပေါင်းစုံမှ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စုစည်း၍ “အခွင့်အလမ်းများချိတ်ဆက်ခြင်း၊ အနာဂတ်ကိုတည်ဆောက်ခြင်း” ဟူသောခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်းတွင် ဆီနီဂေါ သမ္မတ Bassirou Diomaye Faye က နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အကျိုးကျေးဇူးများစွာရရှိကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် ကတိပြုထားပြီး အတွေ့အကြုံများမျှဝေကာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန်အတွက် ကဏ္ဍအသီးသီးမှ မိတ်ဖက်များအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဖိုရမ်အတွင်း Faye နှင့် ဝန်ကြီးချုပ် Ousmane Sonko တို့သည် ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Li Zhigang ၏ ဖိတ်ကြားချက်အရ တရုတ်စီးပွားရေးလုပ်ငန်းများ၏ ပြပွဲဧရိယာသို့ သွားရောက်လေ့လာခဲ့သည်။ တရုတ်ကုမ္ပဏီ ၂၀ ကျော်မှ စီစဉ်သည့် တရုတ်ပြပွဲ ဧရိယာသည် အခြေခံအဆောက်အအုံ၊ 5G ဆက်သွယ်ရေး၊ စမတ်ကုန်ထုတ်လုပ်မှုနှင့် ကာဗွန်နည်းပညာများကဲ့သို့သော နယ်ပယ်များတွင် တရုတ်-ဆီနီဂေါ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများနှင့် အလားအလာများကို ပြသထားကြောင်း လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံလုံး၏ စီးပွားရေးအသိုက် အဝန်းများသည် သဘောတူညီမှုများတည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ပေါင်းစပ် ကာ မျှဝေသည့်အနာဂတ်ကို ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယနေ့အထိ ဆီနီဂေါတွင် တရုတ်လုပ်ငန်းပေါင်း ၁၀၀ ကျော် ရင်းနှီးမြှပ်နှံထားပြီး သတင်းအချက်အလက်နည်းပညာနှင့် နည်းပညာမြင့်စက်မှုလုပ်ငန်းများအပြင် အဝေးပြေးလမ်းများ၊ တံတားများနှင့် ဆိပ်ကမ်းများကဲ့သို့ သော အခြေခံအဆောက်အအုံများ ဖောက်လုပ်ခြင်းအပါအဝင် ကဏ္ဍများကို လွှမ်းခြုံထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

စားနပ်ရိက္ခာဖူလုံမှုအတွက် နမီးဘီးယားနိုင်ငံမှ လူငယ်များအား နည်းပညာဖြင့်မောင်းနှင်သော စိုက်ပျိုးရေးလုပ်ငန်းကို လက်ခံကျင့်သုံးရန် တိုက်တွန်း

           နမီးဘီးယားသမ္မတ Netumbo Nandi-Ndaitwah က နိုင်ငံအတွင်းရှိ လူငယ်များအား ခေတ်မီနည်းပညာဖြင့် မောင်းနှင်သော စိုက်ပျိုးရေးကဏ္ဍကို လက်ခံကျင့်သုံးကြရန် အောက်တိုဘာလ ၈ ရက်နေ့တွင် တိုက်တွန်းခဲ့ပြီး အဆိုပါကဏ္ဍသည် သက်ကြီးရွယ်အို လုပ်သားအင်အားနှင့် ရေရှည်စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။

         နမီးဘီးယားနိုင်ငံမြို့တော် Windhoek တွင်ကျင်းပသော Agricultural Outlook Conference 2025 တွင် မိန့်ခွန်းပြောကြားရာတွင် Nandi-Ndaitwah က နမီးဘီးယားနိုင်ငံ၏ အနာဂတ်သည် လူငယ်ပါဝင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စိုက်ပျိုးရေးကို ပြန်လည်ရှင်သန်စေခြင်းအပေါ်မူတည်ကြောင်း ပြောကြားခဲ့သည်။ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု တိုးတက်ကောင်းမွန်လာသော်လည်း အာဟာရချို့တဲ့မှု အဆင့်အချို့မှာ ဆက်လက်တည်ရှိနေကြောင်း၊ တီထွင်ဖန်တီးမှုနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာငွေလက်လှမ်းမီမှုမှတစ်ဆင့် နိုင်ငံအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် မွေးမြူရေးနှင့် သီးနှံတန်ဖိုးကွင်းဆက်များအပေါ် တိုက်ရိုက်မှီခိုနေရပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် နမီးဘီးယားတွင် အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။ Nandi-Ndaitwah ၏ အဆိုအရ အစိုးရက စိုက်ပျိုးရေးကို အရေးပါသော စီးပွားရေးဖော်ဆောင်မှု ရှစ်မျိုးထဲမှ တစ်ခုအဖြစ် လည်းကောင်း၊ ဆဋ္ဌမ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိကဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ်လည်းကောင်း ရှုမြင်ထားခြင်းဖြစ်သည်။ အစိုးရသည် လယ်သမား များ၊ လယ်ယာစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖက်များ ခိုင်မာစေရန် ကတိပြုထားကြောင်း၊ ဆည်မြောင်းချဲ့ထွင်ခြင်း၊ စျေးကွက်ဝင်ရောက်မှု တိုးတက်လာစေရန်နှင့် တန်ဖိုးမြှင့်တင်ရန် ရင်းနှီးမြုပ်နှံသူများနှင့် မိတ်ဖက်များ ခိုင်မာစေရန် ကတိပြုထားကြောင်းပြော ကြားခဲ့သည်။ ရာသီဥတုဒဏ်ခံနိုင်သော၊ စမတ်ကျသော စိုက်ပျိုးနည်းစနစ်များဖြစ်သည့် ပိုမိုကောင်းမွန်သော မြေဆီလွှာစီမံခန့်ခွဲမှု၊ ဆည်မြောင်းနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု၊ မိုးခေါင်မှု၊ မြေယာပျက်စီးမှုနှင့် ရာသီဥတုပုံစံများ ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ရန် နမီးဘီးယားသမ္မတ တိုက်တွန်းခဲ့သည်။ ယခုနှစ် စိုက်ပျိုးရေးဆိုင်ရာ Outlook Conference တွင် "Harvesting the Future" ခေါင်းစဉ်ဖြင့် လယ်သမားများ၊ သုတေသီများ၊ စိုက်ပျိုးရေးလုပ်ငန်းခေါင်းဆောင်များနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများအား နမီးဘီးယား၏ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များတစ်လျှောက် ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့် လူငယ်စွမ်းရည်မြှင့်တင်မှုအတွက် မဟာဗျူဟာများကို စူးစမ်းလေ့လာရန်ခေါ်ယူခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက် တိုးတက်လာ

              နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက်သည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ၂၃၀၃၀၀ ဦးထိ မြင့်တက်လာပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၆၀၀၀ ဦး သို့မဟုတ် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု Stats NZ က အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါတိုးတက်မှုသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ မှတ်တမ်း၏ ၉၂ ရာခိုင်နှုန်း အထိမြင့် တက်လာပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ အထိ တစ်နှစ်အတွင်း ရောက်ရှိလာသူများမှာ ပြင်ပမှ ဧည့်သည် ၃.၄၁ သန်း၊ နယူဇီလန်နိုင်ငံသား ခရီးသွား ၃.၀၆ သန်းအထိ ရှိခဲ့ပါသည်။ ဩဂုတ်လတွင် စုစုပေါင်း နယ်စပ်ဖြတ်ကျော်မှု ၁.၀၁ သန်း အထိ ရောက်ရှိခဲ့ပါသည်။

          ခရီးသွားဝန်ကြီး Louise Upston က နိုင်ငံ၏ ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံးရရှိသော လုပ်ငန်းဖြစ်သည့် နိုင်ငံတကာခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်ရန်အတွက် အဓိကကျသော အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်သူများကြောင့် အစားသောက်ဆိုင်များ၊ ဟိုတယ်ခန်းများနှင့် စိတ်ဝင်စားစရာနေရာများတွင် လူများစည်ကားလာကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)                                                                                 

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ၁၂.၉ ရာခိုင်နှုန်း တိုးတက်လာ

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂၂.၃၉ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်းပို့ခဲ့ရာ ယခင်နှစ်အလားတူကာလက အမေရိကန်ဒေါ်လာ ၁၉.၈၃ ဘီလီယံမှ ၁၂.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း အထွေထွေအကောက်ခွန် ဦးစီးဌာနမှ အောက်တိုလာလ ၁၀ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်အများဆုံးတင်ပို့ရာ ထိပ်တန်း ၅ နိုင်ငံမှာ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

          အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ ခရီးသွားသုံးပစ္စည်း၊ စက်ဘီး၊ ကားတာယာ၊ ဆန်၊ ရာဘာ၊ ပလောပီနံမှုန့်၊ သီဟိုဠ်စေ့၊ ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက်သီးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ပါသည်။

          ယခုနှစ်  ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံ၏ စုစုပေါင်းသွင်းကုန်သည် အမေရိကန် ဒေါ်လာ ၂၄.၆၁ ဘီလီယံ ရှိပြီး ယခင်နှစ် အလားတူကာလက ‌ဒေါ်လာ ၂၁.၁ ဘီလီယံမှ ၁၆.၆ ရာခိုင်နှုန်း တိုးတက်လာပါသည်။

          အဓိက သွင်းကုန်ပစ္စည်းများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အဝတ်အထည်၊ ဖိနပ်၊ အိတ်နှင့် ခရီးသွားအသုံးအဆောင်ပစ္စည်းများ၊ ယာဉ်များ၊ စက်ယန္တရားများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆေးဝါးနှင့် စားသုံးကုန်များ ပါဝင်ပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ရုရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုလျှံမှုသည် ၂၀၂၅ ခုနှစ် ပထမ ၈ လ အတွင်း ၁၄.၁၃ ရာခိုင်နှုန်း ကျဆင်း

               ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုလျှံမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် ယခင်နှစ်ကထက် ၁၄.၁၃ ရာခိုင်နှုန်း ကျုံ့သွားပြီး အမေရိကန်ဒေါ်လာ ၈၆.၃ ဘီလီယံသို့ ရောက်ရှိသွားကြောင်း ရုရှားနိုင်ငံ၏ Federal Customs Service မှ အောက်တိုဘာလ ၁၀ ရက်နေ့က ပြေားကြားခဲ့ပါသည်။

          အကောက်ခွန်ဌာန၏ စာရင်အချက်အလက်များအရ ရုရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၄၂.၁ ဘီလီယံ ထိရှိပြီး ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အထူးသဖြင့် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၆၄.၂ ဘီလီယံ ထိ ရှိပြီး ၅.၂  ရာခိုင်နှုန်း ကျဆင်းခဲ့ကာ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၇၇.၉ ဘီလီယံ ထိရှိခဲ့ပြီး ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း  Federal Customs Service ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

          ၂၀၂၄ ခုနှစ် ပထမ ၈ လ အတွင်း ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အပိုငွေသည် အမေရိကန်ဒေါ်လာ ၁၀၅.၅ ဘီလီယံ ရှိခဲ့ပါသည်။ အာရှနိုင်ငံများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရုရှား၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ၇၂.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါသည်။ ထိုနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဥရောပနိုင်ငံများသည်လည်း ရုရှား၏ နိုင်ငံခြားကုန်သွယ်မှု ၁၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ကုန်သွယ်မှု ပမာဏသည် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

Source : Xinhua 

DOCA (ရန်ကုန်)                                                                                

ဗီယက်နမ်နိုင်ငံ၏ GDP တိုးတက်မှုသည် ၂၀၂၅ ခုနှစ်တွင် ၈ ရာခိုင်နှုန်းကျော်နိုင်ဖွယ်ရှိ

          ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု GDP တိုးတက်မှုသည် သိသိသာသာပြောင်းလဲမှုများမရှိဘဲ အမျိုးသားလွတ်တော်မှ ရည်မှန်းထားသည့် ၈ ရာခိုင်နှုန်း ကျော်လွန်နိုင်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ကပြောကြားခဲ့ပါသည်။

          Vietnam Private Economic Landscape Program 2025 တွင် ဝန်ကြီးချုပ်က ပထမ ၉ လ အတွင်းခိုင်မာသောတိုးတက်မှု အရှိန်အဟုန်သည် နှစ်စဉ်လျာထားချက်များအောင်မြင်ရန် ဖန်တီးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

          ဗီယက်နမ်နိုင်ငံ၏ GDP သည် တတိယသုံးလပတ်တွင် ၈.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကိုးလတာတိုးတက်မှုသည် ၇.၈၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပါသည်။ အမျိုးသားစာရင်းအင်းဌာနက တစ်နှစ်စာအတွက် ရည်မှန်းချက်ပြည့်မီရန် စတုတ္ထသုံးလပတ်တွင် GDP ၈.၄ ရာခိုင်နှုန်း တိုးတက်ရန် လိုအပ်ကြောင်း ခန့်မှန်းထားပါသည်။

          ဝန်ကြီးချုပ်က ပုဂ္ဂလိက လုပ်ငန်းများကို ဆန်းသစ်တီထွင်မှု၊ ဒီဂျစ်တယ်အသွင်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းသော စီးပွားရေးတိုးတက်မှုတို့ကို မြှင့်တင်ရန်တိုက်တွန်းခဲ့ပြီး ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မာသော နိုင်ငံဖြစ်လာစေရေးအတွက် အမျိုးသားရည်မှန်းချက်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရမည်ဟု ပြေားကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

လုပ်သား ၁၀၀၀၀၀ လေ့ကျင့်ပေးရန် ထိုင်းအစိုးရစီစဉ်

          ခေတ်မီနည်းပညာများကျွမ်းကျင်ရန်အားထုတ်မှုအနေဖြင့် ထိုင်းအစိုးရသည် လုပ်သား ၁၀၀၀၀၀ ၏ကျွမ်းကျင်မှုမြှင့်တင်ပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas ၏အဆိုအရ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံကကျွမ်းကျင်သည့် လုပ်သားနည်းပါးသည်ဟု ယူဆနေခြင်းက အဓိကပြသနာတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အစိုးရသည် ဘတ် ၁၀ ဘီလီယံဘက်ဂျက်ရှိသည့် Competitiveness Enhancement Fund ကို အသုံးပြု၍ လေ့ကျင့်ရေးပရိုဂရမ်များ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် လေ့ကျင့်မှုသည် ဈေးကွက်လိုအပ်ချက်အပေါ် အခြေခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် ဘဏ္ဍာငွေကို စီမံခန့်ခွဲမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအား ၎င်းတို့လိုအပ်သည့် လုပ်သားကျွမ်းကျင်မှု အမျိုးအစားကိုဆုံးဖြတ်ရန်အတွက် ညှိနှိုင်း ဆွေးနွေးသွားမည်ဟု သိရပါသည်။ ဘုတ်အဖွဲ့သည် စံနှုန်းရှိသောလေ့ကျင့်‌ရေးပရိုဂရမ်များ ရေးဆွဲရန်အတွက် ပညာရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပါသည်။ Mr Ekniti က ၎င်းတို့၏ရည်မှန်းချက်သည် ၄ လကျော်လေ့ကျင့်ခြင်းမှတစ်ဆင့် လုပ်သား ၁၀၀၀၀၀ ၏ကျွမ်းကျင်မှုကိုမြှင့်တင်ပေးပြီး စက်မှုလုပ်ငန်းကဏ္ဍများသို့ ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံသူများကြား လုပ်သားအရည်အသွေးပြသနာကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် SME လုပ်ငန်းများအား နည်းပညာသစ်များ အကျွမ်းတဝင်ရှိစေရေးကူညီပေးရန် အလိုရှိကြောင်း သိရပါသည်။ ဘုတ်အဖွဲ့သည် SME လုပ်ငန်းများက ၎င်းတို့၏လုပ်ငန်းများကို အသွင် ကူးပြောင်းရန်အတွက် အသေးစားလုပ်ငန်းများအတွက် ဘတ် သန်း ၂၀ အထက်နှင့် အလတ်စားလုပ်ငန်းများအတွက် ဘတ် သန်း ၅၀ အထက် ထောက်ပံ့ကြေးပရိုဂရမ် စီစဉ်ထားကြောင်း သိရပါသည်။ သို့သော် SME လုပ်ငန်းများအနေဖြင့် ထောက်ပံ့ကြေးလက်မခံမီ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု များပြီးမြောက်ထားရန်လိုအပ်ကြောင်း သိရပါသည်။ SME  လုပ်ငန်းများသည် ငွေပေါ်မလွယ်သည့် ပြသနာနှင့် မကြာခဏရင်ဆိုင်ရသောကြောင့် Mr Ekniti က ဘဏ္ဍာရေးအသင်းအဖွဲ့များအား SME လုပ်ငန်းများက အသွင်ကူးပြောင်းစဉ်အတွင်း ဘဏ္ဍာရေးပေါင်းကူးတံတားသဖွယ် ပံ့ပိုးပေးရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)

Hung Yen ပြည်နယ်တွင် အမေရိကန်‌ဒေါ်လာ ၂.၆ ဘီလီယံတန် LNG စွမ်းအင်စက်ရုံကို စတင်တည်ဆောက်

          သန့်စင်သောစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-ဂျပန်မိတ်ဖက်ဖွဲ့မှုမဟာဗျူဟာတွင် အဓိကခြေလှမ်းတစ်ရမ်ဖြစ်သည့် Thai Binh LNG စွမ်းအင်စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားကို Thai Binh LNG Power JSC နှင့် သက်ဆိုင်ရာရှယ်ယာရှင်များက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Thai Binh LNG Power JSC ၏ အဓိကရှယ်ယာရှင် ၃ ခုမှာ ဂျပန်၏ Tokyo Gas (ရှယ်ယာ ၄၀ ရာခိုင်နှုန်း)၊ ဂျပန်၏ Kyuden International ( ၃၀ ရာခိုင်နှုန်း) နှင့် TTVN Group ( ၃၀ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆၉ ဘီလီယံတန်ဖိုးရှိသည့် ထိုစက်ရုံသည် ၂၆၉ ဟတ်တာကျယ်ဝန်းပြီး ၅၇ ဟတ်တာမှာ ကုန်းမြေပေါ်နှင့် ၂၁၂ ဟတ်တာမှာ ကမ်းလွန်တွင်ရှိကြောင်း သိရပါသည်။ ဆောက်လုပ်မှုကို ၂၀၂၉ ခုနှစ် စတုတ္ထ ၃ လပတ်ကာလတွင် ပြီးမြောက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ စတင်လည်ပတ်ပါက စက်ရုံသည် နှစ်စဉ်လျှပ်စစ် ၆ နှင့် ၁၀ ဘီလီယံ kWh ထုတ်လုပ် နိုင်ရန်မျှော်မှန်းရပြီး ဆောက်လုပ်ရေးလုပ်ကိုင်စဉ်အလုပ်အကိုင် ၂၀၀၀ နှင့် စတင်လည်ပတ်ပါက ၃၀၀ ပတ်လည်ကို အမြဲတမ်းဝန်ထမ်းခန့်အပ်နိုင်ကြောင်း သိရပါသည်။ မဟာဗျူဟာနိုင်ငံတော် စွမ်းအင်ကနဦး ဆောင်ရွက်မှုတစ်ခုအဖြစ်အသိအမှတ်ပြုခံရသည့် ထိုစီမံကိန်းသည် ဗီယက်နမ် မြောက်ပိုင်းနှင့် ဗီယက်နမ်တစ်နိုင်ငံလုံး စွမ်းအင်ဖူလုံမှုအားကောင်းရန် ကူညီပေးနိုင်မည်ဟုသိရပါသည်။ စုစုပေါင်းလျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းပတ်လည်ရှိသည့် ဗီယက်နမ်မြောက်ပိုင်း သည် နှစ်စဉ်သုံးစွဲမှု ၁၀ ရာခိုင်နှုန်းကျော်ကြီးထွားနေသောကြောင့် စွမ်းအင်မလုံလောက်မှု စွန့်စား ရနိုင်မှုနှင့် ရင်ဆိုင်ရကြောင်း သိရပါသည်။ ထို Thai Binh LNG စီမံကိန်းသည် စွမ်းအင်လိုအပ်မှု များမြင့်တက်လာမှုကို ဖြေရှင်းရန် အချိန်ကိုက်ဖြေရှင်းချက်ဖြစ်ပြီး အမျိုးသားဓာတ်အားလိုင်းအပေါ် ဖိအားများကို ပြေလျှော့စေကြောင်း သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ