ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကျူးဘားနှင့်ကုန်သွယ်မှုအရှိန်မြှင့်တင်ရန် ဆပ်ကော်မတီတည်ထောင်ခဲ့သည့် ဗီယက်နမ်

          ဗီယက်နမ်-ကျူးဘားကုန်သွယ်ရေးသဘောတူညီချက်ပူးတွဲကော်မတီအောက်တွင် ဗီယက်နမ် ဆပ်ကော်မတီတည်ထောင်သည့် ဆုံးဖြတ်ချက်ကို ဒုတိယဝန်ကြီးချုပ် Bui Thanh Son က အောက်တိုဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဆပ်ကော်မတီကို စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ဥက္ကဌအနေဖြင့်တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်များတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံဗဟိုဘဏ်တို့မှ ဦးစီးဌာနအဆင့် တာဝန်ရှိသူများပါဝင်ကြောင်း သိရပါသည်။ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက အဓိက မဏ္ဍိုင်ဌာနအနေဖြင့် တာဝန်ယူထားပြီး ဆပ်ကော်မတီရုံးချုပ်သည် ဝန်ကြီးဌာနတွင် တည်ရှိကြောင်း သိရပါသည်။

          ဗီယက်နမ်နှင့်ကျူးဘားတို့သည် ဆယ်စုနှစ်ချီ ကုန်သွယ်ရေးဆက်ဆံမှုရှိပြီး နှစ်စဉ် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိကာ ဗီယက်နမ် သည်ကျူးဘား၏ အာဆီယံတွင်ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၄.၇ သန်းရှိပြီး ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၁၃၃.၃၆ သန်းတန်ဖိုးတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁.၃၃ သန်းတန်ဖိုး ပြန်လည်တင်သွင်းကြောင်း သိရပါသည်။ အဓိကဗီယက်နမ်ပို့ကုန်များတွင် ဆန်၊ အီလတ်ထရော နစ်၊ အဝတ်အထည်၊ ဖိနပ်၊ အလှကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံး ကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ဓာတ်မြေဩဇာများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းမျာပါဝင်ကြောင်း သိရပါသည်။ ကျူးဘား၏ အစားအစာဖူလုံရေးအတွက် အရေးအကြီးဆုံး အရာဖြစ်သည့် ဆန်သည်ဗျူဟာမြောက်အဓိကပို့ကုန်ဖြစ်ပြီး ဘိလပ်မြေ၊ စတီးလ်နှင့် အဝတ်အထည်ဝယ်လိုအားမှာလည်း ကြီးထွားလျှက်ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကျူးဘားသည် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ activated carbon နှင့် ရမ်တို့ကို ဗီယက်နမ်သို့တင်ပို့ကြောင်း သိရပါသည်။ ကျူဘား၏အဆင့်မြင့် ဘိုင်အိုနည်းပညာနှင့် ဆေးဝါးကဏ္ဍတို့သည် ဆွဲဆောင်မှု အားကောင်းနေပြီး ဗီယက်နမ်တွင် ကျယ်ပြန့်စွာအသုံးပြုနေကြောင်း သိရပါသည်။ ဗီယက်နမ် သည် ကျူဘား၏အကြီးမားဆုံးအာရှ ရင်းနှီးမြှုပ်နှံသူအဖြစ်ရပ်တည်နေပြီး နှစ်နိုင်ငံအကြားများစွာသော ကုန်သွယ်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဩစတေးလျဈေးကွက်သို့တရားဝင် ဝင်ရောက်ခဲ့သည့် ဗီယက်နမ်ကျွဲကောသီးများ

         ဗီယက်နမ်ကျွဲကောသီးများဩစတေးလျသို့ တရားဝင်တင်ပို့ခြင်းနှင့် ဩစတေးလျဘလူး ဘယ်ရီသီးများအား ဗီယက်နမ်ကတင်သွင်းသည့်အခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ကျွဲကောသီးသည် နဂါးမောက်သီး၊ သရက်သီး၊ တောကြက် မောက်သီး၊ ပင်မှည့်သီး၊ ကြက်မောက်သီး၊ လိုင်ချီးသီးနှင့် star apple တို့ပြီးနောက် ဩစတေးလျ ဈေးကွက်သို့ဝင်ရောက်ခွင့်ရသည့် ဗီယက်နမ်၏ ၈ ခုမြောက်သစ်သီးဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဘလူးဘယ်ရီးသီးများသည် စပျစ်သီး၊ လိမ္မောသီး၊ မန်ဒရင်းသံပရာ၊ ချယ်ရီသီး၊ မက်မွန်သီး၊ nectarines နှင့် plum တို့ပြီးနောက် ဗီယက်နမ်ဈေးကွက်သို့ဝင်ရောက်သည့် ၈ ခုမြောက်ဩစ‌တေးလျသစ်သီးဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဒုတိယဝန်ကြီး Hoang Trung က ထိုအောင်မြင်မှုမှတ်တိုင်သည် နှစ်နိုင်ငံအကြားအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုရှိမှုကို ရောင်ပြန်ဟပ်ကြောင်းနှင့် နှစ်နိုင်ငံမှ စိုက်ပျိုးရေးသမားများနှင့် စားသုံးသူများအကျိုးအမြတ်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩစတေးလျ၏ အစားအစာလုံခြုံရေးလိုအပ်ချက်စံနှုန်းများနှင့် ကိုက်ညီရန်အတွက် အပင်ထုတ်လုပ်ခြင်းနှင့်ကာကွယ် ရေးဦးစီးဌာနက ဒေသဆိုင်ရာအေဂျင်စီများနှင့်ပူးပေါင်း၍ လေ့ကျင်ခြင်း၊ စည်းမျဉ်းများအား အများပြည်သူသိရှိစေရန်ဖြန့်ဝေခြင်း၊ တင်ပို့ရန်အတွက်ထုတ်ပိုးသည့်ဝန်ဆောင်မှုနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့တွင် ထိန်းကျောင်းပေးခြင်းတို့ဖြင့် ပံ့ပိုးသွားမည်ဟု သိရပါသည်။ ဗီယက်နမ်၏ကျွဲကောသီးများသည် ယခုအခါ အမေရိကန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့ပါဝင်သည့် နိုင်ငံနှင့် ဒေသပေါင်း ၁၄ ခုတွင် ရရှိပြီဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် စိုက်ခင်း ၁၁၀၀၀၀ ဟတ်တာနှင့် နှစ်စဉ်အထွက်နှုန်း တန်ချိန် ၁.၂ သန်းနှင့်အတူ ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးမားဆုံး ကျွဲကောသီးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် လတ်ဆတ်သောကျွဲကောသီးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်‌ ဒေါ်လာ သန်း ၆၀ ထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံရောက်ရှိရန်ခန့်မှန်းရသည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ စုစုပေါင်း ပို့ကုန်-သွင်းကုန်တန်ဖိုးသည် မှတ်တိုင်သစ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံပတ်လည်ရောက်ရှိရန်ခန့်မှန်းရကြောင်း ဟနွိုင်းမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ သိရပါသည်။ ၂၀၂၅ ခုနှစ် ၏ ပထမ ၉ လတာကာလတွင် ဗီယက်နမ်၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၀.၆ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစီမံခန့်ခွဲရေးဦးစီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး Bui Huy Son က ယခုနှစ် တတိယ ၃ လပတ်ကာလတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၈.၅၇ ဘီလီယံတန်ဖိုးရှိပြီး ဒုတိယ ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၉.၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၉ လတာကာလတွင် စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှုမှာ အမေရိကန် ဒေါ်လာ ၃၄၈.၇၄ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုဇန်နဝါရီလမှ စက်တင်ဘာလကြားကာလတွင် ပို့ကုန်အမျိုးအစား ၃၂ ခုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရရှိခဲ့ပြီး ၇ ခုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် ဂျပန်တို့မှာ ဗီယက်နမ်ကုန်ပစ္စည်းများအား အဓိကတင်သွင်း သူများဖြစ်ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၉၇.၂ ဘီလီယံဖြင့် ဗီယက်နမ်၏အကြီးမားဆုံးပို့ကုန်ဝင်ငွေရရှိသည့်ကဏ္ဍဖြစ်ကြောင်း သိရပါသည်။  တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ယခုနှစ်၏ ပထမ ၉ လတာကာလတွင် အမေရိကန် ဒေါ်လာ ၃၃၂ ဘီလီယံနီးပါးတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍက အမေရိကန်ဒေါ်လာ ၁၀၅.၆၇ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍက အမေရိကန်‌ဒေါ်လာ ၂၂၆.၂၅ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၃၄.၄ ဘီလီယံဖြင့် အကြီးမားဆုံးရောင်းချသူဖြစ်ပြီး ၎င်း၏နောက်တွင် တောင်ကိုရီးယားကအမေရိကန် ဒေါ်လာ ၄၄.၄ ဘီလီယံ၊ အာဆီယံက အမေရိကန်ဒေါ်လာ ၃၉.၁ ဘီလီယံ၊ ဂျပန်က အမေရိကန် ဒေါ်လာ ၁၈.၂ ဘီလီယံနှင့် အမေရိကန်ကအမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

၂၀၂၅ ခုနှစ်တွင် အမြတ်‌ငွေရရှိမှုပြန်လည်မြင့်တက်လာသော မလေးရှားနိုင်ငံ၏ Top Glove ကုမ္ပဏီ

      မလေးရှားအခြေစိုက် ကမ္ဘာ့ထိပ်တန်း လက်အိတ်များထုတ်လုပ်သူ Top Glove ကုမ္ပဏီ သည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်လွန်ခဲ့သော ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမြတ်အစွန်း များ ပြန်လည်မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့ ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်က ရရှိခဲ့သော ၆၄.၈၈ သန်းရင်းဂစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၁၀၉.၀၇ သန်းသို့ ရောက်ရှိခဲ့ကြောင်း Top Glove ၏ ဖော်ပြချက်အရသိ ရသည်။

          ကုမ္ပဏီ၏ တစ်နှစ်တာဝင်ငွေသည် ရင်းဂစ် ၃.၄၉ ဘီလီယံသို့ တစ်နှစ်ထက်တစ်နှစ် ၃၈.၇၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်း၏ တိုးတက်လာသော စွမ်းဆောင်ရည်သည် ဘဏ္ဍာ နှစ် တစ်လျှောက်လုံး အရှိန်အဟုန်ဖြင့် ဆက်လက်မြင့်တက်လျက်ရှိသော လက်အိတ်များ၏ ဝယ်လိုအား အားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ပိုမိုကောင်းမွန်သော ကုန်ကျ စရိတ် စီမံခန့်ခွဲမှုသည် ပြိုင်ဆိုင်မှုရှိသော စျေးနှုန်းများကို မြှင့်တင်ပေးကာ အရောင်းပမာssssဏ ကိုလည်းမြှင့်တင်ပေးပြီး သုံးစွဲမှုနှုန်းကို ၂၀၂၅ ခုနှစ် သြဂုတ်လ တွင် ၇၅ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်ပေးခဲ့ကြောင်းသိရသည်။ ကျန်မာရေးစောင့်ရှောက်မှု၊ စက်မှုလုပ်ငန်း၊ အစားအသောက် နှင့် အဖျော်ယမကာ (F&B) ကဏ္ဍများ တွင် လက်အိတ်လုပ်ငန်း၏ ရေရှည်အလားအလာအပေါ် အကောင်းမြင်လျှက်ရှိသည်။ မြင့်မားသော ပြိုင်ဆိုင်မှု၊ လုပ်သားရှားပါးမှုနှင့် လုပ်ငန်းလုပ်ဆောင်မှု ကုန်ကျစရိတ်များမြင့်တက်လာမှု တို့ကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ခိုင်မာ သောအရည်အသွေးနှင့် ကုန်ကျစရိတ်ပိုမို ကောင်းမွန်အောင်လုပ်ဆောင်မှုများဖြင့် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဂျာမနီနိုင်ငံ၏ စက်မှုထုတ်ကုန်လုပ်ငန်းများ သြဂုတ်လတွင် ကျဆင်း

  ဂျာမနီနိုင်ငံ၏ စက်မှုထုတ်ကုန်လုပ်ငန်းများသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ၄.၃ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း Federal Statistical Office (Destatis) က အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

          စက်မှုလုပ်ငန်းအများစုသည် ထုတ်လုပ်မှုလျော့ကျခဲ့ပါသည်။ ဂျာမနီ၏ အကြီးဆုံး စက်မှု လုပ်ငန်းဖြစ်သည့် မော်တော်ကားထုတ်လုပ်မှုသည် ၁၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဤကျဆင်း မှုသည် နွေရာသီအားလပ်ရက်များနှင့် ထုတ်လုပ်မှုပုံစံပြောင်းလဲခြင်းတို့ကြောင့် တစ်စိတ် တစ်ပိုင်ပါ ဝင်ပါသည်။

          တခြားသော အဓိက စက်မှုလုပ်ငန်းများဖြစ်သည့် စက်ယန္တရားနှင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်မှုသည် ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဆေးဝါးထုတ်လုပ်မှုသည် သြဂုတ်လတွင် ၁၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

          ဂျာမန်မော်တော်ယာဉ်လုပ်ငန်းအဖွဲ့ (VDA) မှ ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ အလတ် စားမော်တော်ကားထုတ်လုပ်မှုလုပ်ငန်းများသည် အမှာစာ ပြတ်လပ်မှု စံချိန်တင် အဆင့်သို့ရောက်ရှိ ခဲ့ပါသည်။ ကုမ္ပဏီ ၆၇ ရာခိုင်နှုန်းက အမေရိကန်၏ ဥရောပသမဂ္ဂ သွင်းကုန် များအပေါ် ချမှတ်သည့် အခွန်အသစ်များသည် ကြီးမားသော ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကော်ဖီ ၂၀၆၇၀၀ တန် တင်ပို့ခဲ့

  အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ ကော်ဖီ ၂၀၆၇၀၀ တန် တင်ပို့ခဲ့ ကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန (MSMEs) က အောက်တိုဘာ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ကော်ဖီများကို အမေရိကန်၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှအပါအဝင် နေရာ အမျိုးမျိုးကို တင်ပို့ခဲ့ပါသည်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ် လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး စိုက်ပျိုးခြံ ၉၀ ရာခိုင်နှုန်းကျော်ကို စိုက်ဧကနည်းပါသော လယ်သမားများဖြင့် စီမံခန့်ခွဲထားကြောင်း ဝန်ကြီးဌာနမှ အလတ်စားစီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ဒုတိယအကြီးအကဲ Bagus Rachman ကပြောကြားခဲ့ပါသည်။

          အရှေ့ဂျာဗားရှိ Mount Argopuro တောင်တန်းများမှ တောင်သူ ၅၆၈ ဦးထံမှ Arabica ကော်ဖီ ၁၅ တန်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ကာမြို့သို့ တင်ပို့ခဲ့ပါသည်။ ဝန်ကြီးဌာနသည် အသေးစား၊ အလတ်စား၊ အကြီးစားလုပ်ငန်းများကို ချိတ်ဆက်ပေးသည့် ထောက်ပံ့ရေးကွင်းဆက် စနစ်ကို ထူထောင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

          Statistics Indonesia ၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီတင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၇၆.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ၉.၅ ရာခိုင်နှုန်း တိုးတက်

  ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းကုန်ပစ္စည်း လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၁၉၆ ဘီလီယံခန့် ရှိသည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဗီယက်နမ် အမျိုးသား စာရင်းရုံး (NSO) က အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ဈေးနှုန်းအချက်အလက်များကို ထည့်မတွက်ပါက တိုးတက်မှုသည့် ၇.၂ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်အလားတူကာလက မှတ်တမ်းတင်ထားသော ၅.၈ ရာခိုင်နှုန်း တိုးတက်မှုထက် ပိုမိုမြင့်မား ကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          စက်တင်ဘာလတွင် လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုဝင်ငွေသည် အမေရိကန်‌‌ဒေါ်လာ ၂၂.၆၈ သို့ရောက်ရှိခဲ့ပြီး ၁၁.၃ ရာခိုင်နှုန်း တိုးလာကြောင်း NSO ကပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံသည် စက်တင်ဘာလတွင် နိုင်ငံခြားအရံငွေများ မြင့်တက်လာ

   ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းနိုင်ငံတကာအရံငွေ  (GIR) သည် သြဂုတ်လတွင် အမေရိကန်  ဒေါ်လာ ၁၀၇.၁ ဘီလီယံရှိခဲ့ရာမှ စက်တင်ဘာလတွင် ၁၀၈.၈ အထိ မြင့်တက်လာခဲ့ကြောင်း Bangko Sentral ng Pilipinas (BSP) မှ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သော ကနဦး အချက်အလက်များအရ သိရှိရပါသည်။

          GIR သည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ BSP ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် နိုင်ငံတော်အစိုးရမှ BSP အပ်နှံထားသည့် နိုင်ငံခြားအပ်ငွေများကြောင့် စက်တင်ဘာလတွင် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။

          အသားတင်နိုင်ငံတကာ အရံငွေများသည် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်ထားသော ချေးငွေ သက်သေခံလက်မှတ်များ၊ နိုင်ငံခြားငွေကြေးနှင့် ရွှေအပါအဝင် အခြားပိုင်ဆိုင်မှုများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံ၏ သွင်းကုန်နှင့် နိုင်ငံခြားကြွေးမြီများကို ထောက်ပံ့ရန်၊ ၄င်း ငွေကြေးများကို တည်ငြိမ်စေရန်၊ ပြင်ပစီးပွားရေး ပြဿနာများမှ ကာကွယ်ရန်အတွက် ကူညီပေးပါသည်။

 DOCA (ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ကော်ဖီတင်ပို့မှုတိုးချဲ့

 အင်ဒိုနီးရှားနိုင်ငံသည် အရှေ့ဂျာဗားရှိ Argopuro တောင်တန်းမှ Arabica ကော်ဖီ ၁၅ တန်ကို အောက်တိုဘာ ၇ ရက်နေ့က ပို့ဆောင်ခဲ့ပြီး ၄င်းတို့၏ ကော်ဖီဈေးကွက်ကို တိုးချဲ့ခဲ့ ပါသည်။

          အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာ ဒုတိယအရာရှိ Bagus Rachman က အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကော်ဖီ ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး    စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အသေး စား လယ်သမားများက ထိန်းချုပ်ထားပါသည်။

          Argopuro တောင်တန်းမှ ကော်ဖီတင်ပို့မှုသည် MSMEs များ၏ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိင်နိုင်စွမ်းရှိခြင်းကို ဖော်ပြနေပါသည်။ အင်ဒိုနီးရှား၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ကီလိုဂရမ် ၂၇၉.၉၄ သန်းမှ ၂၀၂၄ ခုနှစ်တွင် ကီလိုဂရမ် ၃၁၆.၇၂ သန်းအထိ တိုးလာခဲ့ကြောင်း Statistics Indonesia ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

နီပေါနိုင်ငံသည် စက်တင်ဘာလတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကျဆင်း

နီပေါနိုင်ငံသည် နိုင်ငံခြားသားခရီးသွားဧည်သည် ဝင်ရောက်မှုသည် စက်တင်ဘာလ တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နီပေါ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

          စက်တင်ဘာလတွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၇၈၇၁၁ ဦးသည် နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခဲ့ကျပြီး ယခင်နှစ် စက်တင်ဘာလက ၉၆၃၀၂ ဦး လာရောက်လည် ပတ်ခဲ့သောကြောင့် ကျဆင်းခဲ့ကြောင်း နီပေါခရီးသွားဘုတ်အဖွဲ့က ပြောကြားခဲ့ပါသည်။

          အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များ နီပေါနိုင်ငံ အတွင်းသို့ အများဆုံးဝင်ရောက်ခဲ့ကြောင်း ဘုတ်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ နိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ၉ လအတွင်း နိုင်ငံခြားသားခရီးသွားဧည်သည် စုစုပေါင်း ၈၁၅၂၇၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          နီပေါနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ၏ အဓိကအရင်းအမြစ်ဖြစ်ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ