
ကိုရီးယားသမ္မတနိုင်ငံ၏ ကုမ္ပဏီများသည် ဖိလစ်ပိုင်သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ သန်းခန့်တန်ဖိုးရှိသော စားသုံးကုန်ပစ္စည်းများတင်ပို့ရန်သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစာချုပ်များကို ကိုရီးယားကုမ္ပဏီ ၅၂ ခုနှင့် ဖိလစ်ပိုင် ဝယ်ယူသူ ၇၀ ဦးတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သမ္မတ Lee Jae Myung ၏ မနီလာသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အတွင်း ကျင်းပခဲ့သော ကိုရီးယား-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာန၏အဆိုအရ သိရပါသည်။ အဆိုပါ အခမ်းအနားမတိုင်မီ သီးခြားကျင်းပခဲ့သည့် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်တွင်လည်း သင်္ဘောတည်ဆောက်ရေး၊ နျူကလီးယားလျှပ်စစ်စွမ်းအင်၊ စားသုံးသူကုန်ပစ္စည်းများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MOU) ခုနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ပထမအဆင့် သဘောတူညီချက်များတွင် Korea Hydro & Nuclear Power (KHNP)၊ Export-Import Bank of Korea နှင့် ဖိလစ်ပိုင်လျှပ်စစ်ကုမ္ပဏီ Meralco တို့အကြားလက်မှတ်ရေးထိုးခဲ့သည့် MOU ပါဝင်ပြီး စီးပွားရေးမော်ဒယ်အသစ် တည်ဆောက်ရန်နှင့် နျူကလီးယားလျှပ်စစ်စွမ်းအင် စီမံကိန်းများအတွက် ကျွမ်းကျင်ဝန်ထမ်း ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ကိုရီးယား၏ HD Hyundai Heavy Industries နှင့် ဖိလစ်ပိုင်၏ Technical Education and Skills Development Authority တို့အကြား သင်္ဘောတည်ဆောက်ရေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် MOU နှင့် ကိုရီးယား အသင့်စားခေါက်ဆွဲထုတ်လုပ်သူ Samyang Foods နှင့် ဖိလစ်ပိုင် လက်လီရောင်းချသူ S&R Membership Shopping တို့အကြား အစားအစာ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါသည်။ ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတအရင်းအမြစ်ဝန်ကြီး Kim Jung-kwan က ကိုရီးယား အလှကုန်နှင့် အစားအစာထုတ်ကုန်များအပေါ် လူကြိုက်များမှု လျင်မြန်စွာ တိုးတက်လာနေသည့်အတွက် အစိုးရသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းကာ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှ စျေးကွက်များသို့ ဝင်ရောက်လိုသော ကိုရီးယားကုမ္ပဏီများကို တက်ကြွစွာ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်သည် ဒေသအတွင်း မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်သည့် စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
The Korea Times
DOCA (ရန်ကုန်)
