ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ်တွင်ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိသည့် Binh Duong ပြည်နယ်

      ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်သည် ယခုနှစ်တွင် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိလျက်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းတွင် ထိပ်တန်း ဦးဆောင် စီးပွားရေးအချက်အချာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ပြည်နယ်၏စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏အဆိုအရ ၎င်းတို့သည်ပို့ကုန်မှတစ်ဆင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံ (၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၂.၇ ရာခိုင်နှုန်းမြင့်တက်) ခဲ့ပြီး သွင်းကုန် အတွက် အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံ (လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၁၂.၂% မြင့်တက်)သုံးစွဲခဲ့ကြောင်း သိရပါသည်။ Binh Duong ပြည်နယ်၏လတ်တလောတင်ပို့မှု တန်ဖိုးမှာ ဗီယက်နမ်၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၁၀% ကျော်ရှိကြောင်း သိရပါသည်။ အဓိကထုတ်ကုန် ၆ ခု ဖြစ်သည့် သစ်နှင့်သစ်ထုတ်ကုန်၊ အဝတ်အထည်များ၊ ဖိနပ်၊ စတီလ်းနှင့် အီလတ်ထရောနစ် ပစ္စည်းများတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၉.၃ ဘီလီယံရရှိခဲ့ပြီး ပြည်နယ်၏ စုစုပေါင်း တင်ပို့မှုတန်ဖိုး၏ ၅၆.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ သစ်တင်ပို့မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၆.၅ ဘီလီယံဖြင့် ၁၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး  အဝတ်အထည်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံဖြင့် ၁၅.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းသိရပါသည်။ ပြည်နယ်စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Thanh Toan က ထိုကုန်သွယ်ရေး ပိုငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ကြံကြံခံနိုင်စွမ်း နှင့် လိုက်လျောညီထွေဖြစ်မှုကို ရောင်ပြန်ဟပ်နေကြောင်း၊ လုပ်ငန်းများသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်ကဲ့သို့သော စျေးကွက်များတိုးချဲ့ရန် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များကို ထိရောက်စွာ အသုံးချနိုင်ခဲ့ကြောင်းနှင့် လာမည့်အချိန်တွင်လည်း ဌာန သည်တင်ပို့မှုအရှိန်မြှင့်တင်ရန်  စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးများမှတစ်ဆင့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအား သတင်းအချက်အလက်များ အချိန်ကိုက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်၎င်းတို့သည် ပြည်တွင်းကုန်ပစ္စည်းများ အတွက်  အခွင့်အလမ်းများကျယ်ပြန့်စေရန် ဟာလာ ဈေးကွက်ကဲ့သို့သော ဈေးကွက်သစ်များ ရှာဖွေသွားမည်ဟုသိရပါသည်။ Binh Duong ပြည်သူ့ ကော်မတီဥက္ကဌဖြစ်သူ Vo Van Minh က စံချိန်တင်ကုန်သွယ်ရေးပိုငွေရရှိခြင်းသည် ပြည်တွင်းအာဏာပိုင်များနှင့် စီးပွားရေးအဖွဲ့အစည်းများ အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်းပြည်နယ် သည် ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်စွာကြီးထွားရန်အတွက် မူဝါဒများချမှတ်ခြင်း၊  စက်မှုအခြေခံ အဆောက်အအုံနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးတို့တွင် ကြီးမားစွာရင်းနှီးမြှုပ်နှံရန်စီစဉ် ထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် ဆိပ်ကမ်းများနှင့်စက်မှုဇုန်များအကြား ချိတ်ဆက်မှု အားကောင်းရန် ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးကွန်ယက်ဖွံ့ဖြိုးတိုး တက်ရေးတို့တွင် အဓိကအာရုံစိုက်ထားကြောင်းသိရပါသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်လုပ်မှုအရည်အသွေးမြှင့်တင်ရန် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ ပုံစံကျသောကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့မှုကွင်းဆက် တွင် လူအစားစက်အစားထိုးခြင်းတို့ ဆောင်ရွက်ရန် တိုက်တွန်းခြင်းခံရကြောင်း သိရပါသည်။ ထို့ပြင် Binh Duong ပြည်နယ်သည် အရည်အသွေးမြင့်သော လုပ်သားထုလေ့ကျင့်ရေး၊ ဘဏ္ဍာရေး ထောက်ပံ့ခြင်းနှင့် အလားအလာ ရှိသောတင်ပို့ရာဈေးကွက်များရှိ  ဥပဒေစည်းမျဉ်းများနှင့် ပတ်သတ်၍ အကြံပေးခြင်းပြုလုပ် ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ကယ်လီဖိုးနီးယားတွင် ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိပြီးနောက် Raw Farm နို့စိမ်းထွက်ကုန်များ ဖြန့်ဖြူးမှုကို ရပ်ဆိုင်း

     အမေရိကန်နိုင်ငံ၏ လူဦးရေအများဆုံးသော ပြည်နယ်ဖြစ်သော ကယ်လီဖိုးနီးယားမှ နို့နမူနာများတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိရပြီးနောက် Fresno အခြေစိုက် Raw Farm ကုမ္ပဏီ၏ နို့စိမ်းထုတ်ကုန်များ ဖြန့်ဖြူးမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကယ်လီဖိုးနီးယား အစားအသောက်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လတ်တလောတွင် မွေးမြူရေး လုပ်ငန်း များ လည်ပတ်မှုအားလုံးကို သီးသန့်ခွဲထားပြီး နွားနို့ကုန်ကြမ်းများအထိ ဖြန့်ဖြူးမှုများ အားလုံးကို ရပ်ဆိုင်းထားကြောင်း CDFA ၏ ပြည်သူ့ရေးရာဒါရိုက်တာ Steve Lyle က တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ Lyle ၏ အဆိုအရ CDFA မှ နို့ထွက်ပစ္စည်းစစ်ဆေးရေးမှူးများသည် Raw Farm ကုမ္ပဏီ၏ နို့ဘူးခွံထုတ်ကုန်ပစ္စည်းများနှင့် နို့သိုလှောင်ရုံများမှ နို့နမူနာ များအား နမူနာယူ၍ စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့သော ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်အရ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။ CDFA မှ စမ်းသပ်ထားသည့် နို့အားလုံးသည် Raw Farm စက်ရုံတွင်သာထားရှိပြီး စားသုံးသူများထသို့ ဖြန့်ချီခြင်းမရှိကြောင်း Lyle မှ ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူကျန်းမာရေးဌာနသည် ကြက်ငှက်တုပ်ကွေးရောဂါပါဝင်မှုအား တွေ့ရှိပြီးနောက် ပြန်လည်သိမ်းဆည်းထားသော Raw Farm မှ ထုတ်ကုန်များအား မသောက်သုံးရန် စားသုံးသူများကို သတိပေးထားသည်။ အေဂျင်စီ၏ အဆိုအရ လက်ရှိတွင် အဆိုပါထုတ်ကုန်နှင့် ပတ်သက်၍ ရောဂါပိုးကူးစက်သူတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်းသိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)

တရုတ်ကားထုတ်လုပ်သူ Lynk & Co တို့သည် အစ္စရေးတွင် ပထမဆုံး EV အား စတင်မိတ်ဆက်

      Geely Automobile Holding မှ ပိုင်ဆိုင်သည့် တရုတ်မော်တော်ကား ကုမ္ပဏီ Lynk & Co သည် ၎င်း၏ ပထမဆုံး လျှပ်စစ်မော်တော်ကားအား အစ္စရေးတွင် ၂.၁၂.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့ က စတင်မိတ်ဆက်ခဲ့သည်။ ထို EV မော်ဒယ်သည် အကွာအဝေး ၄၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အမြန်နှုန်းအား တစ်နာရီလျှင် ၁၈၀ ကီလိုမီတာအထိ မြှင့်တင်မောင်းနှင်နိုင်မည် ဖြစ်သည်။ ၎င်း EV ကားအား ၆၆ Kwh ဘတ်ထရီတပ်ဆင် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ Lynk & Co သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အစ္စရေးကားဈေးကွက်သို့ Plug-in hybrid Lynk & Co 01, Compact Crossover SUV ဖြင့် ဝင်ရောက်ခဲ့သည်။ ထိုမော်ဒယ်နှစ်မျိုးလုံးအား Lynk & Co နှင့် ဆွီဒင်အခြေစိုက် Volvo တို့မှ ပူးပေါင်းထုတ်လုပ်ထားပြီး Geely မှ ပိုင်ဆိုင်သည်။ တနင်္လာနေ့တွင် အစ္စရေးမော်တော်ယာဉ် တင်သွင်းသူများအသင်းမှ ထုတ်ပြန်သော အချက်အလက်များအရ တရုတ်အမှတ်တံဆိပ် BYD သည် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း အစ္စရေး လျှပ်စစ်ကား ဈေးကွက်တွင် အစီးရေ ၁၆၄၄၃ စီး ရောင်းချခဲ့ရပြီး အထူးသဖြင့် Atto 3 Crossover, Dolphin Hatchback နှင့် Seal Fastback Sedan တို့အား အဓိကရောင်းချရကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

Sanofi မှ ဘေကျင်းရှိ အင်ဆူလင်ထုတ်လုပ်မှုအခြေစိုက်စခန်းတွင် ယူရို ၁ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်

               ဘေဂျင်းတွင် အင်ဆူလင်ထုတ်လုပ်မှု အခြေစိုက်စခန်းသစ်တစ်ခုတည်ထောင်ရန်အတွက် ပြင်သစ်ဆေးကုမ္ပဏီကြီး Sanofi မှ ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ နီးပါး) အား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Beijing Economic Technological Development Area (BDA) ၏ အဆိုအရ သိရသည်။ Sanofi ကုမ္ပဏီသည် ၂.၁၂.၂၀၂၄ ရက်နေ့တွင် မြို့တော်တောင်ပိုင်း Yizhuang ဧရိယာတွင် စက်ရုံတည်ဆောက်ရန်အတွက် ဘေဂျင်းမြူနီစီပယ်၊ စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဗျူရို၊ BDA အုပ်ချုပ်ရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံအတွင်းရှိ Sanofi ကုမ္ပဏီ၏ စတုတ္ထမြောက် ထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးအခြေစိုက်စခန်းဖြစ်ကာ တရုတ်နိုင်ငံအတွင်း ၎င်း၏အကြီးဆုံးတစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုကိုလည်း ကိုယ်စားပြုသည်။ အလိုအလျောက် ထုတ်လုပ်မှုနည်းပညာများ၊ ခေတ်မီဒစ်ဂျစ်တယ်ပေါင်းစပ်စီမံခန့်ခွဲမှုစနစ်များနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဝန်းကျင်စံနှုန်းများပါဝင်သော ထုတ်လုပ်မှုအခြေခံအသစ်သည် ကုမ္ပဏီထောက်ပံ့ရေးကွင်းဆက်ကို ခံနိုင်ရည်ရှိမှုနှင့် ဆီးချိုဝေဒနာရှင်များ၏ ကြီးထွားလာနေသောလိုအပ်ချက်များကို ထိရောက်စွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း Sanofi မှ အမှုဆောင် အရာရှိချုပ် Paul Hudson မှ မှတ်ချက်ပြုခဲ့သည်။ Sanofi ကုမ္ပဏီသည် ပါရီတွင် ရုံးချုပ်တည်ရှိပြီး ၎င်း၏ရုံးခွဲကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ပြီးကတည်းက တရုတ်နိုင်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင်တည်ဆောက်ခဲ့သော BDA ရှိ ပထမဆုံး ထုတ်လုပ်မှုအခြေစိုက်စခန်းသည် အာရှ-ပစိဖိတ်ဒေသရှိ Sanofi ၏ အကြီးဆုံး အင်ဆူလင်ထိုးဆေးထုတ်လုပ်သည့်နေရာဖြစ်လာခဲ့ပြီး ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျန်းမာရေးနှင့် ကင်ဆာရောဂါကဲ့သို့သော ရောဂါကုသရေးနယ်ပယ်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)                 

ကမ္ဘောဒီးယား- ဗီယက်နမ်နယ်စပ်တွင် ငွေပေးချေမှုစနစ်ခိုင်မာစေရန် တွေ့ဆုံဆွေးနွေး

            ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် နယ်စပ်ငွေပေးချေမှုစနစ်ပေါင်းစည်းရေးစီမံကိန်းတွင် ပူးပေါင်ဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် ၎င်းတို့၏ဘဏ်လုပ်ငန်းကဏ္ဍများတွင် ပိုမိုဖွံဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်သဘောတူခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကမ္ဘောဒီးယားအမျိုးသာဘဏ် (NCB) အုပ်ချုပ်ရေးမှူး  Chea Serey နှင့် ဗီယက်နမ် နိုင်ငံတော်ဘဏ် (SBV) အုပ်ချုပ်ရေးမှူး Nguyen Thi Hong တို့တွေ့ဆုံမှုတွင်နှစ်နိုင်ငံစီးပွားရေး၊ ငွေးကြေးအခြေအနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနစ် ပေါင်းစည်းရေးပရောဂျက်တွင် ပူးပေါင်းဆောင်ရွက်ခြင်း တိုးတက်မှုများကိုလည်းဆွေးနွေးခဲ့ကြသည်။ ဤတွေ့ဆုံပွဲသည် နှစ်နိုင်ငံ အကြား ဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေရန်နှင့် ချဲ့ထွင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုနှစ်ပတ်လည်အစည်းအဝေးသည် တွေ့အကြုံများမျှဝေနှင့် လေ့လာခြင်းများဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာစေရန်ရည်ရွယ်သည်ဟု Chea Serey ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည် နှစ်နိုင်ငံအကြားခရီးသွားလာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်အတွက် နယ်စပ်ဖြတ်ကျော် QR ငွေပေးချေမှုစနစ်များ ချိတ်ဆက်မည့် ပရောဂျက်ကိုစတင်မည်ဖြစ်ကြောင်းသိရသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန် ကဏ္ဍသည် စီးပွားရေးတိုးတက်စေရန် တွန်းအားပေးလျက်ရှိကြောင်း Cham Nimul ကပြောကြား

           ခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်ကဏ္ဍသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ ဦးစားပေးစီးပွားရေးကဏ္ဍမှ ပါဝင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်များကို ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများနှင့် စီးပွားရေးဖိုရမ်များတွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ၊ ဆွေးနွေးချက်ပွဲများတွင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အစိုးရသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်၊ ဖိနပ်နှင့်အိတ်လုပ်ငန်းများကို ၂၀၂၂-၂၀၂၇ ခုနှစ်အထိ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗျူဟာတစ်ရပ်ကိုချမှတ်ထားပြီး ရေရှည်တည်တံ့ခိုင်မြဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ တန်းဖိုးမြင့်စက်မှုလုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု Cham Nimul ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်အသင်း (CTLA) ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Lim Tong ကအဆိုပါ ကဏ္ဍသည် နိုင်ငံတကာဈေးကွက်များသို့တင်ပို့ခြင်းနှင့် ဒေသခံပြည်သူများအတွက်အလုပ်အကိုင်များစွာ ဖန်တီးပေးခြင်းဖြင့် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်ဟုပြောကြားခဲ့သည်။ အသင်းအနေဖြင့် အောင်မြင်မှုများစွာ ရရှိထားပြီး မေရိကန်၊ ဥရောပ၊ ယူကေနှင့် အာရှနိုင်ငံများသို့ ခရီးသွားထုတ်ကုန်များနှင့် သားရေထုတ်ကုန်များ တင်ပို့ရောင်းချမှုကို မြှင့်တင်ရန်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ပြန်လည်မြှင့်တင်နိုင်ရေး ဗီယက်နမ်ကြိုးပမ်း

     တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသူဖြစ်ခဲ့ဖူးသော်လည်း ဆန်တင် သွင်းမှု ကျဆင်းလာခဲ့ရာ ယခုအခါ တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှုများ ပြန်လည်စတင်နိုင်မည်ဟု  အပြုသဘောဆောင် ရှုမြင်ထားကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြ ခဲ့သည်။

     ဗီယက်နမ်ဆန်များတင်ပို့မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံရှိ Guangdong နှင့် Hunan ပြည်နယ်များသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ တစ်ရပ်ကို စေ  လွှတ်ရန် အဆိုပါဝန်ကြီးဌာနကစီစဉ်ထားကြောင်း၊ ဗီယက်နမ်ဆန်စပါးလုပ်ငန်း နယ်ပယ်ရှိ ဦးဆောင်ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၈ ဦးအထိ အဖွဲ့ဝင်အဖြစ် လိုက်ပါ မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်မိတ်ဖက်များနှင့် အပြန်အလှန် အစည်းအဝေးပွဲ များ ကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ခြင်းနှင့် တရုတ် စားသုံးသူများ၏ နှစ်သက်မှုကို ထိုးထွင်းသိမြင်နိုင်မည့် စျေးကွက်သုတေသနပြုလုပ်ခြင်း တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

     စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည်  ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ အနေဖြင့် သက်ဆိုင်သည့်မူဝါဒများနှင့် စျေးကွက်တောင်းဆိုချက်များကို နားလည်သဘောပေါက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုဖော်ထုတ်နိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်း အချင်းချင်း ဆွေးနွေးပွဲများကိုလည်း လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ ဗီယက်နမ်၏ ဆန်မွှေးနှင့် ပရီမီယံဆန်များသည် ထင်ရှားကျော်ကြားမှုရှိကြောင်း၊ လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံ တွင် ရေရှည်တည်တံ့သော ဆန်အမှတ်တံဆိပ်များ တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းများသို့ တွန်းအားပေးလျက်ရှိကြောင်းဖြင့် အဆိုပါ ဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီမှ ဒါရိုက်တာ Vu Ba Phu က ပြောကြားခဲ့ပါသည်။

     ဗီယက်နမ်စားနပ်ရိက္ခာအသင်းနှင့် ဆန်လုပ်ငန်းကျွမ်းကျင်သူများ၏ အဆိုအရ တရုတ်နိုင်ငံ သည် ဗီယက်နမ်ဆန်အတွက် အကြီးဆုံးဈေးကွက်ဖြစ်ခဲ့ဖူးသော်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း (၂၀၂၃-၂၀၂၄) တွင် ယင်းဈေးကွက်သို့ ဗီယက်နမ်ဆန်တင်ပို့မှုမှာ သိသာစွာ ကျဆင်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်၏ ၂၀၂၃ ခုနှစ် ဆန်တင်ပို့မှု စုစုပေါင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၁၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့၏ နောက်၌ရပ်တည်နေခဲ့သည်။ ယင်းအခြေ အနေသည် ၂၀၁၂ ခုနှစ်၌ စုစုပေါင်း ဆန်ပို့ကုန်တန်ဖိုး၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက် ဗီယက်နမ်၏ အကြီးမားဆုံး ဆန်ပို့ကုန်ဈေးကွက်ဖြစ်ခဲ့ရာမှ သိသာထင်ရှားသည့် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

     ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လုပ်ငန်းရှင်များအား ထုတ် ကုန်အရည်အသွေးမြှင့်တင်ရန်နှင့် ၎င်းတို့၏ စျေးကွက်အနေအထားကို ပြန်လည်ထူထောင်နိုင်ရန် အတွက် အခွင့်အလမ်းများကို အသုံးချကာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: Saigon Giai Phong News, 01 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

မလေးရှားနိုင်ငံ၌ ရေကြီးမှုကြောင့် စပါးအထွက်ထိခိုက်မှုအပေါ် ဆန်တင်သွင်း၍ ဖြေရှင်းမည်

 

     မလေးရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ် ခဲ့ပြီးနောက် ဆန်ပြတ်လပ်မှုမရှိစေရေးအတွက် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်ပမှတင်သွင်း လာသော ဆန်ဖြူဈေးနှုန်းများကို လျှော့ချခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း သိရသည်။

     Kemubu Agricultural Development Authority (Kada) က အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံမြောက်ပိုင်း Kelantan ပြည်နယ်၊ Pasir Mas ခရိုင်သို့ ရေလွှမ်းမိုးမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက်နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ရေလွှမ်းမိုးမှုဒဏ်ကြောင့် စပါးစိုက်ပျိုးမှုမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှု၊ တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများသည်လည်း ရှောင်လွှဲ၍မရသော ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဆန်ပြတ်လပ်မှုများအတွက် ဈေးနှုန်းများကျဆင်း မှုရှိနေခဲ့သည့် တင်သွင်းလာသော ဆန်များနှင့် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတကာဈေးကွက်၌ ဆန်ဈေးနှုန်း ကောင်းမွန်လျက်ရှိကြောင်း၊ ပြည်ပမှ တင်သွင်းသည့် ဆန် ၁ တန်လျှင် လက်ရှိကာလ၌ ရင်းဂစ်ငွေ ၂၈၀၀ ခန့်ရှိရာမှ ရင်းဂစ် ၃၂၀၀ မှ ၃၃၀၀ အတွင်းသို့ မြင့် တက်လာနိုင်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

     ပြည်တွင်းဈေးကွက်၌ ဆန်လိုအပ်ချက်၏ ၆၁ ရာခိုင်နှုန်းကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းရန် အစိုးရက ရည်မှန်းထားကြောင်း၊ သို့သော် ပြည်တွင်းဆန်ထုတ်လုပ်နိုင်စွမ်းသည် စျေးကွက်၏ ၅၆ ရာခိုင်နှုန်းဝန်းကျင်သာရှိသောကြောင့် ထိုကဲ့သို့ တင်သွင်းလာသည့်ဆန်များ၏ ဈေးနှုန်းအားလျှော့ချခြင်းသည် တောင်သူများအပေါ် ထိခိုက်လိမ့်မည်မဟုတ်ကြောင်း ဝန်ကြီး Mohamad က ပြောကြားခဲ့သည်။

     ၎င်း၏ပြောဆိုမှုအရ Kelantan ပြည်နယ်၌ ယခင်က စပါးစိုက်ရာသီနှစ်ကြိမ်တွင် ကာလ ရှည်ကြာစွာ မိုးခေါင်မှုနှင့် ကြုံတွေ့ရချိန်၌ မလေးရှားနိုင်ငံတွင် ဆန်ရောင်းလိုအားသည် ၄ ရာခိုင် နှုန်း လျော့ကျခဲ့ပြီး ယခုအကြိမ် ရေကြီးမှုသည် ပိုမိုဆိုးရွားမှုရှိနိုင်ကြောင်း၊ Kelantan ပြည်နယ်၌ စိုက်ပျိုးရေးထုတ်ကုန် ဆုံးရှုံးမှုများသည် ရင်းဂစ် ၁၆ သန်းအထိရှိပြီး ဆန်းစစ်မှု အပြီးသတ်ချိန် နောက်ပိုင်းတွင် ဆုံးရှုံးမှုပမာဏတိုးလာနိုင်ကြောင်း သိရှိရသည်။

Source: The Star, 01 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပဲမျိုးစုံအား ကန်ထရိုက်လယ်ယာစနစ်ဖြင့် အိန္ဒိယအစိုးရ ဝယ်ယူမည်

     အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာ တိုးချဲ့နိုင်ရန် ရည်ရွယ်လျက် ပထမဦးဆုံးအကြိမ် အစပြုလုပ်ဆောင်မှုအဖြစ် ပဲစင်းငုံနှင့် ပဲနီလေးတို့ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်လျက် အစိုးရ၏ အနိမ့်ဆုံးအထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် တောင်သူ များထံမှ ဝယ်ယူခြင်းကို တမီနာဒူ၊ ဘီဟာ၊ ဂျားခန်နှင့် ဂူဂျရတ် ပြည်နယ်များ၌ ဆောင်ရွက်သွားရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။

     ကနဦး အစပြုဆောင်ရွက်မည့် အစီအစဉ်သည် ဧက ၁၅၀၀၀ ကို လွှမ်းခြုံမှုရှိမည်ဖြစ်ပြီး အဆိုပါ ပြည်နယ်များ၌ လက်ရှိကာလတွင် တောင်သူများက စိုက်ပျိုးခြင်းမရှိသော မြေနေရာများ၌ ပဲမျိုးစုံ စိုက်ပျိုးမှုတိုးချဲ့ရန် ရည်ရွယ်ထားကြောင်း အစိုးရ အရာရှိများက ပြောဆိုကြသည်။ အခြေခံ ရည်ညွှန်းဈေးနှုန်းဖြင့် စိုက်ပျိုးထွက်ရှိသည့် ပဲများအား ပြန်လည်ဝယ်ယူမှုသည် ပဲမျိုးစုံကို ပိုမို စိုက်ပျိုးရန် တောင်သူများသို့ တွန်းအားပေးလိမ့်မည်ဖြစ်ပြီး နိုင်ငံ၏ သွင်းကုန်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မည်ဟု အရာရှိတစ်ဦးက Financial Express သတင်းဌာနသို့ ပြောကြားခဲ့သည်။

     အိန္ဒိယ အမျိုးသားစားသုံးသူ သမဝါယမအသင်းချုပ် (NCCF) သည် ထိုကဲ့သို့ မကြာမီ ကာလ၌ ကန်ထရိုက် လယ်ယာစနစ်ဖြင့် စိုက်ပျိုးထွက်ရှိမည့် ပဲမျိုးစုံအား ဝယ်ယူခြင်းကို စတင် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ၎င်းအေဂျင်စီသည် မဟာရဋ္ဌ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျရတ်၊ ကာနာတကာ၊ တဲလန်ဂါနာနှင့် ချတ္တီဂါ တို့ကဲ့သို့ ပဲမျိုးစုံ အဓိကစိုက်ပျိုးသော ပြည်နယ်များရှိ တောင်သူပေါင်း ၁.၅ သန်းထံမှ ပဲများကို အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရန် မှတ်ပုံတင်ထား ပြီးဖြစ်သည်။

     အိန္ဒိယ လယ်သမားများ သမဝါယမ အသင်းချုပ်ဖြစ်သော NAFED သည်လည်း မိုးသီးနှံ ရာသီ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရန်အတွက် တောင်သူဦးရေ ၁.၇ သန်းကို မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

     ပဲစင်းငုံနှင့် မတ်ပဲတို့၏ လက်လီဈေးနှုန်းများသည် လွန်ခဲ့သော ၃ လတာ ကာလအတွင်း ကျဆင်းမှု သို့မဟုတ် ဆက်လက်တည်ငြိမ်မှု ရှိနေခဲ့သည်ဟု အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း၌ နှစ်စဉ် ပဲမျိုးစုံစားသုံးရန် လိုအပ်ချက် တန်ချိန် သန်း ၃၀ ခန့်၏ ၁၅ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းခြင်းဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား တို့အကြား ကွာဟချက် ကို ဖြည့်ဆည်းနေရကြောင်း Financial Express သတင်းဌာနက ဖော်ပြထားသည်။

Source: Financial Express, 29 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း၌ ရော်ဘာအထွက် ထိခိုက်

     ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၅ ခု၌ ရေကြီးမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းက ရော်ဘာထုတ်လုပ်မှုတွင် ဘတ်ငွေ တန်ဖိုး ၂၀ ဘီလီယံ အထိ ထိခိုက်မှုဖြစ်စေခဲ့သည်ဟု ထိုင်းရော်ဘာအာဏာပိုင်အဖွဲ့ (Rubber Authority of Thailand) ကပြောကြားခဲ့ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

     အဆိုပါ အာဏာပိုင်အဖွဲ့၏ ခေတ္တအုပ်ချုပ်ရေးမှူးဖြစ်သူ Sukthat Tangwiriyakul က Songkhla, Satun, Pattani, Yala နှင့် Narathiwat ခရိုင်ပေါင်း ၅ ခုတွင် ပြင်းထန်စွာ ရေကြီးမှု ကြောင့် ရော်ဘာစိုက်ခင်းဧရိယာ ရိုင် ၅ သန်း (ဧက ၁.၉၇၆၈၄ သန်း) ကျော်သည် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ ရော်ဘာတောင်သူများအနေဖြင့် နောက်ထပ် တစ်လခွဲကြာကာလအထိ ရော်ဘာ အစေးခြစ်လုပ်ငန်းကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ၎င်းတို့အာဏာပိုင်အဖွဲ့က တွက်ချက်ယူဆ ထားကြောင်း၊ ယင်းအခြေအနေက ဘတ်ငွေ ၂၀ ဘီလီယံအထိ ဝင်‌ငွေဆုံးရှုံးမှုကို ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း၊ တွက်ချက်မှုများမှာ လက်ရှိ ရော်ဘာစေး ၁ ကီလိုဂရမ်လျှင် ၆၅ ဘတ်နှုန်းအပေါ် အခြေခံထားကြောင်း၊ ရော်ဘာအာဏာပိုင်အဖွဲ့ အနေဖြင့် ၎င်းထံ၌ မှတ်ပုံတင်ထားသော ရော်ဘာ စိုက်ပျိုးသည့် တောင်သူများသို့ ဘတ်ငွေ ၃၀၀၀ နှုန်းဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။

     အဆိုပါ အာဏာပိုင်အဖွဲ့၏ ခရိုင်ရုံးများသည် ရေဘေးသင့် တောင်သူများသို့ လိုအပ်သော အသုံးအဆောင်ပစ္စည်းအိတ်များ ဖြန့်ဖြူးပေးရန်အတွက် အရေးပေါ်ရန်ပုံငွေမှ ဘတ်ငွေ ၁၀၀၀၀၀ စီကို ကျခံသုံးစွဲရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, 2 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ