ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်ပြတ်လပ်မှုဖြေရှင်းရန် လယ်ယာထွက်ကုန်အခွန်ဥပဒေပြင်ချက် ဖိလစ်ပိုင်သမ္မတ အတည်ပြု

       နိုင်ငံ၏ဆန်စပါးထုတ်လုပ်မှု ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် လယ်ယာထွက်ကုန် အကောက်ခွန် စည်းကြပ်မှု ဥပဒေ (Agricultural Tariffication Act) အား ဒီဇင်ဘာလ ၉ ရက်နေ့ တွင် သမ္မတ Marcos က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

     နိုင်ငံ၏ ဆန်ပြတ်လပ်မှုကို အရေး‌ပေါ်တုံ့ပြန်ဖြေရှင်းရန်နှင့် လယ်သမားများ လိုအပ်လျက် ရှိသည့်အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရန် ရည်ရွယ်ချက်များဖြင့် ဥပဒေအမှတ် ၁၂၀၇၈ ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်စပါး အကောက်ခွန် စည်းကြပ်မှုဥပဒေ (သို့မဟုတ်) ဥပဒေအမှတ် ၁၁၂၀၃ ကို ပြန်လည်ပြင်ဆင်ရခြင်းမှာ ဆန်စပါးဈေးကွက် ယှဉ်ပြိုင်မှုတိုးတက်ရေး ရန်ပုံ‌ငွေ (Rice Competitiveness Enhancement Fund - RCEF) ကို ၂၀၃၁ ခုနှစ်အထိ တိုးမြှင့် ဖော်ဆောင်ရန်နှင့် နှစ်စဉ်ရန်ပုံငွေ ပမာဏလျာထားမှုကို ပီဆို ၁၀ ဘီလီယံမှ ပီဆို ၃၀ ဘီလီယံသို့ တိုးမြှင့်ရန်အတွက်ဖြစ်ကြောင်း၊ ဥပဒေအရ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ရုတ်တရက်ဆန်ပြတ် လပ်မှု သို့မဟုတ် ဆန်ဈေးနှုန်းအဆမတန်မြင့်မားမှု ဖြစ်ပေါ်ချိန်၌ ဈေးကွက်တည်ငြိမ်မှုရှိစေရေး     လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် ဖိလစ်ပိုင် နိုင်ငံသားတိုင်း ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်း သမ္မတက အလေးအနက်ထား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

     ထို့အပြင် အဆိုပါဥပဒေသည် ဆန်စပါးလုပ်ငန်းနယ်ပယ်ကို ပိုမိုစည်းကမ်းတင်းကြပ်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ အခွင့်အာဏာအပ်နှင်းထားပြီးဖြစ်ရာ ဈေးကွက်အတွင်းသို့ စံချိန်စံညွှန်းပြည့်မီသည့် ဆန်များရောက်ရှိလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းဗျူရိုအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှုကို အကာအကွယ်ပေးရန်နှင့် ပြည်သူများ ၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု သေချာခိုင်မာစေရန်အတွက်  ဆန်သိုလှောင်ရုံများအား စစ်ဆေးခြင်းနှင့် သီးနှံသိုလှောင်မှုကို နောက်ကြောင်းပြန်ခြေရာခံရန်အတွက် အမျိုးသားအဆင့် သတင်းအချက်အလက်စနစ်အား စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတက ပြောကြားခဲ့ပါသည်။

     လယ်သမားများအနေဖြင့် အထွက်နှုန်းမြင့်မားသည့် အရည်အ‌သွေးမြင့် မျိုးစေ့များကို ပိုမို ဝယ်ယူအသုံးပြုနိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါဥပဒေ၌ မျိုးစေ့အစီအစဉ်နှင့် စက်မှုလယ်ယာဖော်ဆောင်ရေး အစီအစဉ်တို့ကို ဖော်ပြထားကြောင်း၊ ရိတ်သိမ်းချိန်လွန် လေလွင့် ဆုံရှုံးမှုများ ‌လျော့ချရေးကိုလည်း သိသာစွာအလေးပေးဖော်ပြပါရှိကြောင်း၊ နှစ်စဉ် ဆန်တန်ချိန် ၃၇၅၀၀၀ ခန့် လေလွင့်ဆုံးရှုံးနေမှုကို ကာကွယ်တားဆီးခြင်းဖြင့် နောင်လာမည့် ၆ နှစ်တာ ကာလအတွင်း ပြည်သူဦးရေ ၃.၄ သန်းအတွက် ထပ်ဆောင်း၍ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင် မည်ဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဈေးနှုန်းသင့်တင့်သည့်ဆန်များ ပိုမိုဝယ်ယူစားသုံးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သမ္မတ Marcos က ပြောကြားခဲ့ပါသည်။

Source : Manila Bulletin, 09 December 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၁၁ လအတွင်း ဆန်တင်သွင်းမှုအတွက် ဒေါ်လာ ၁.၂၄ ဘီလီယံ ဗီယက်နမ် သုံးစွဲ

      ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့လျက် ဝင်ငွေဒေါ်လာ ၄၄၅ သန်းခန့်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလကုန်အထိ ဆန်တင်ပို့မှုစုစုပေါင်းမှာ တန် ချိန် ၈.၅ သန်းရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၃၁ ဘီလီယံရှိကြောင်း သိရှိရသည်။

      ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ် ဆန်ပို့ကုန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၆၂၇.၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူရှိ ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။

    ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဗီယက်နမ်ဆန်သည် လက်ရှိကာလတွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူများအကြား  ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု ဗီယက်နမ်စားသောက်ကုန် လုပ်ငန်းအသင်းက ဖော်ပြထားသည်။ အဆိုပါ ဗီယက်နမ်ဆန်၏ ဈေးနှုန်းသည် ဒီဇင်ဘာ ၃ ရက်နေ့ တွင် ၁ တန်လျှင် ၅၁၇ ဒေါ်လာရှိပြီး အလားတူအဆင့်အတန်းရှိသော ထိုင်းဆန်ထက် ၁၈ ‌ဒေါ်လာ၊ ပါကစ္စတန်ဆန်ထက် ၆၄ ဒေါ်လာနှင့် အိန္ဒိယဆန်ထက် ၆၆ ဒေါ်လာ ပိုမိုမြင့်မားလျက်ရှိသည်။

      အောက်တိုဘာ ၂၄ ရက်နေ့အထိ စာရင်းများအရ ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်အတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၆.၁ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်း၏နောက် ၌ အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ၁၃.၅ ရာခိုင်နှုန်းနှင့် ၈.၂ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည် နေကြောင်း သိရသည်။

      ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်၏ ဆန်တင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဖိလစ်ပိုင်သို့တင်ပို့မှု၌ ၅၉.၁ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားသို့တင်ပို့မှု တွင် ၂၀.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး မလေးရှားသို့ တင်ပို့မှုတန်ဖိုးမှာ ၂.၂ ဆ အထိ တိုး တက်လာခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့မှုမှာမူ ၇၁.၃ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့သည်။

      စိုက်ပျိုးရေးနှင့် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Phung Duc Tien က ဗီယက်နမ်၏ ဆန်စပါးကဏ္ဍသည် လွန်ခဲ့သော ၁၁ လအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၄.၀၇ ဘီလီယံဖြင့် ၁၄.၆ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ကာလအတွင်း ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့် ဆည်းရန်အတွက် ဗီယက်နမ်ကုမ္ပဏီများ၏ ဆန်အဆင့်အတန်း အမျိုးမျိုးကို ပြည်ပမှ တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၁.၂၄ ဘီလီယံ ရှိခဲ့သည်။

     ဆန်လုပ်ငန်းကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ၏ ရှင်းလင်းပြောဆိုမှုအရ ဗီယက်နမ်၏ ဆန်တင်ပို့ကုန် ဈေးနှုန်းများမှာ အခြားပြိုင်ဘက်နိုင်ငံများထက် သိသာစွာ မြင့်မားမှုရှိကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်ဆန်ကို ပြည်ပသို့ ဦးစားပေးတင်ပို့နေချိန်တွင် ဆန်ခေါက်ဆွဲနှင့် အခြား သော ဆန်အခြေခံထုတ်ကုန်များ ထုတ်လုပ်မှုအတွက် အဆင့်အတန်းနိမ့်သည့် ဆန်များအား ပြည်ပမှ ပြန်လည်တင်သွင်းခြင်းက ထုတ်လုပ်မှုစရိတ် ပိုမိုသက်သာမှုရှိကြောင်း သိရသည်။

      ဗီယက်နမ်အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး အရည်အသွေးမြင့်မားသည့် တန်ဖိုး မြင့်ဆန်များ စိုက်ပျိုးထုတ်လုပ်ခြင်းသို့ ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် ဗီယက်နမ်စပါးမျိုးကွဲများ၏ ၉၅ ရာခိုင်နှုန်းခန့်သည် အရည်အသွေးမြင့်မားသည့် အဆင့်ရှိကြောင်း၊ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်းခန့်သည် အရည်အသွေးမြင့်မားသော တန်းမြင့်ဆန်များ ဖြစ်ကြောင်း၊ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပြီး အရည်သွေးမြင့်သော ဆန်စပါးစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၁ သန်း စီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ဗီယက်နမ်၏ ဆန်စပါး ကဏ္ဍတန်ဖိုးမှာ မြင့်တက်လာမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်၌ ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်မှုအားသာချက် ကို ခိုင်မာစေမည်ဖြစ်ကြောင်းဖြင့် ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ၎င်း၏ ဆန်တင်ပို့မှုကို ပြန်လည်စတင်လုပ်ဆောင်ခဲ့ပြီဖြစ်သော်လည်း ဗီယက်နမ်ဆန်၏ ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ ကျဆင်းမှုမရှိပဲ ၁ တန်လျှင် ၆၂၇ ဒေါ်လာနှုန်းဖြင့် ဆက်လက်တည်ငြိမ်မှုရရှိနေသည်ဟု Vietnamnet သတင်းဌာနက ဖော်ပြထားပါသည်။

Source: Vietnamnet Global, 6 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်ဖူလုံရေးအတွက် စပါးစိုက်ဧရိယာအသစ် ဟက်တာ ၂.၃ သန်းအထိ အင်ဒိုနီးရှား တိုးချဲ့မည်

    သမ္မတ Prabowo Subianto က ချမှတ်ထားသည့် ကိုယ်တိုင်စားနပ်ရိက္ခာဖူလုံစေရေး ရည်မှန်းချက်အရ စပါးစိုက်ဧရိယာ ဟက်တာပေါင်း ၂.၃ သန်းကို အသစ်ထပ်မံတိုးချဲ့စိုက်ပျိုးမည် ဖြစ်သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

    အဆိုပါ အသစ်တိုးချဲ့မည့် စပါးစိုက်ဧရိယာပမာဏတွင် စိမ့်တောမြေများအား စပါးစိုက်ပျိုးနိုင်အောင် ထူထောင်မှုမှ ဟက်တာ ၈၅၁၀၀၀ နှင့် စပါးစိုက်ခင်းအသစ် ဖော်ထုတ်လုပ်ကိုင်မှုမှ ဟက်တာ ၅၀၀၀၀၀ တို့ ပါဝင်မည်ဖြစ်ပြီး လက်ရှိ ထွန်ယက်စိုက်ပျိုးလျက်ရှိသော လယ်မြေများမှ လည်း ဟက်တာ ၁ သန်းကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်သည်။ ဝန်ကြီး Sulaiman ၏ ပြောဆိုချက်အရ အဓိကအားဖြင့် ဂျာဗားကျွန်းပေါ်တွင် တည်ရှိသော လက်ရှိစပါးစိုက်ဧရိယာများအနက်မှ ဟက်တာ ၁ သန်းကို ပင်မအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် ဆည်ရေပေးဝေမှု ပုံစံတကျလုပ်ဆောင်ခြင်းဖြင့် တောင်သူလယ်သမားများအနေဖြင့် ၁ နှစ်လျှင် စပါးသီးနှံ ၃ ကြိမ် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

   လက်ရှိကာလ၌ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအရှေ့ပိုင်းတွင်၊ ပါပူအာ တောင်ပိုင်းပြည်နယ်ရှိ Merauke ခရိုင် ကဲ့သို့သော ဒေသများ၌ စပါးစိုက်ပျိုးမြေအသစ်များ ဖော်ထုတ်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။

    ကိုယ်တိုင်စားနပ်ရိက္ခာဖူလုံစေရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ဆည်မြောင်း အခြေခံအဆောက်အအုံများ အားကောင်းခိုင်မာစေရန်အတွက် ပြည်သူ့လုပ်ငန်းများရေးရာ ဝန်ကြီးဌာနနှင့် အမျိုးသားတပ်မတော်တို့နှင့် စုပေါင်းညှိနှိုင်း ဆောင် ရွက်လျက်ရှိကြောင်း၊ စိမ့်တောမြေများ အဆင့်မြှင့်တင်ခြင်း၊ လယ်မြေအသစ်များ ဖော်ထုတ်ခြင်း နှင့် လက်ရှိစိုက်ပျိုးမြေများ၌ ဆည်ရေပေးဝေမှု နည်းလမ်း ၃ ရပ်ဖြင့် စပါး ၃ သီးစိုက်ပျိုးခြင်းတို့တွင် သက်ဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်လာမည်ဖြစ်ကြောင်း၊ ၎င်းတို့ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်မှာ သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ ကိုယ်ပိုင်ရိက္ခာဖူလုံမှုရရှိရေး စွမ်းဆောင်ရာ၌ အရှိန်မြှင့်တင်လုပ်ကိုင်ရန် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Sulaiman က ပြောဆိုခဲ့သည်။

     အဆိုပါဝန်ကြီးဌာန ၂ ခုနှင့် အမျိုးသားတပ်မတော်တို့သည် ဆည်‌ရေပေးဝေမှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းမှု အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၅ ရက်နေ့၌ ဂျကာတာမြို့ရှိ စိုက်ပျိုးရေးဝန်ကြီးရုံး တွင် ကျင်းပခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ အစိုးရအဖွဲ့သစ် စတင်တာဝန် ယူချိန်၌ ကနဦးမိန့်ခွန်းပြောကြားရာတွင် သမ္မတ Prabowo Subianto က ၄ နှစ်မှ ၅ နှစ်တာ ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကိုယ်ပိုင် စားနပ်ရိက္ခာဖူလုံမှုရှိအောင် ဆောင်ရွက်မည် ဟု ပြောကြားခဲ့ကြောင်း Antara News သတင်းဌာနက ဖော်ပြထားသည်။

Source: Antara News, 5 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စက်မှုဝန်ကြီးဌာန ဝန်ကြီးသည် FTB Bank ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

     စက်မှု၊ သိပ္ပံ၊ နည်ပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ ဝန်ကြီး Hem Vanndyu က FTB Bank မှ Dith Sochal နှင့်ကိုယ်စားလှယ်အဖွဲ့အား ၃-၁၂-၂၀၂၄ ရက်နေ့က ပုဂ္ဂလိက ရေလုပ်ငန်းအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Dith Sochal သည် နိုင်ငံအတွင်းတွင် ဘဏ်ခွဲပေါင်း ၂၃ ခု နှင့် ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိပြီး မကြာမီကာလအတွင်း နောက်ထပ်ဘဏ်ခွဲ နှစ်ခု ကိုဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ ဘဏ်သည် ဝန်ထမ်းပေါင်း ၇၇၀ ဦး ကိုခန့်အပ်ထားပြီး ပုဂ္ဂလိကရေလုပ်ငန်း ၃၁ ခုအား ချေးငွေဒေါ်လာ ၁၅ သန်းအပါအဝင် SME ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ Hem Vanndyu သည် SMEs နှင့် ပုဂ္ဂလိကရေလုပ်ငန်းလုပ်ကိုင်သူများအတွက် ၎င်း၏ပံ့ပိုးကူညီမှုကို ဆက်လက်ထိန်းသိမ်းထားရန် FTB Bank အား တိုက်တွန်းခဲ့ပြီး ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် ကဏ္ဍ၏အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ ရေပေးဝေရေး၊ အတိုးနှုန်းသက်သက်သာသောချေးငွေများအတွက် အတိုးနှုန်းလျှော့ချရန်နှင့် ကမ္ဘောဒီးယား ချေးငွေအာမခံကော်ပိုရေးရှင်း (CGCC) ၏  ငွေကြေးဆိုင်ရာအခွင့်အလမ်းများကို တိုးချဲ့ရန် ဝန်ကြီးက FTB Bank  အား တိုက်တွန်းခဲ့သည်။

Source: Khmer Times

DOCA(ဧရာဝတီ)

တစ်နှစ်တာအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံရရှိ

     ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDA) သည် အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံအထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (MEF) ၏ အစီခံစာအရ သိရသည်။ FDI တွင်အဓိကရင်းနှီးမြှုပ်နှံသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး တောင်ကိုရီယား၊ စင်္ကာပူ၊ ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်ရေးတို့နှင့်အတူ  မြင့်မားသောတိုးတက်မှုကို တစိုက်မတ်မတ်ထိန်းသိမ်းထားနိုင်ခဲ့ပြီး စီးပွားရေးတိုးတက်မှု၊ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ဝင်ငွေနည်းပါးမှုနည်းပါးခြင်းတို့မှ တိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စီးပွားရေးသည် ၆ ရာခိုင်နှုန်းနှင့် ၆.၃ ရာခိုင်နှုန်း အသီးသီးတိုးလာရန် မျှော်မှန်းထားပြီး အထူးသဖြင့် အထည်ချုပ်ကဏ္ဍများတွင် ဆက်တိုက်အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း  စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်ပထမ (၉) လအတွင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံရရှိကာ အလုပ်အကိုင်ပေါင်း ၂၅၂,၀၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng သည် မကြာသေးမီက CDC တွင် မှတ်ပုံတင်ထားသောရင်းနှီးမြှုပ်နှံမှု သိသိသာသာတိုးလာခဲ့သည်ဟု ပြောကြားခဲ့သည်။ အလတ်စားနှင့်အကြီးစား စက်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု၊ ကားတပ်ခြင်းစက်ရုံ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် တာယာထုတ်လုပ်မှုကို အာရုံစိုက်သည့် ကုမ္ပဏီများဖြစ်ပြီး  နိုင်ငံ၏ စီးပွားရေးအတွက်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတွင် တရုတ်နိုင်ငံမှ ၄၅.၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံမှ ၁၁.၈ ရာခိုင်နှုန်း၊ စင်္ကာပူနိုင်ငံမှ ၆.၅ ရာခိုင်နှုန်း၊ ဂျပန်မှ ၆.၂ ရာခိုင်နှုန်း၊ ဗီယက်နမ်မှ ၅.၃ ရာခိုင်နှုန်း၊ မလေးရှားမှ ၄.၄ ရာခိုင်နှုန်း၊ ထိုင်းမှ ၄ ရာခိုင်နှုန်း၊ ကနေဒါမှ ၃.၅ ရာခိုင်နှုန်း၊ဗြိတိန်မှ ၃.၂ ရာခိုင်နှုန်းနှင့်အခြားနိုင်ငံများမှ ၉.၅ ရာခိုင်နှုန်းတို့ ပါဝင်သည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

လစ်ဗျာနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုသည် စည်ပေါင်း ၁.၄ သန်းကျော်ရှိလာ

     လစ်ဗျာနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုသည် အင်္ဂါနေ့၊ ၃.၁၂.၂၀၂၄ တွင် စည်ပေါင်း ၁.၄ သန်းကျော်လွန်သွားခဲ့ကြောင်း နိုင်ငံပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) မှ ပြောကြားခဲ့သည်။ ယင်းသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ရေနံထုတ်လုပ်မှုအမြင့်ဆုံးအဆင့် ဖြစ်ကြောင်း NOC မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေနံစိမ်းနှင့် ကွန်ဒန်ဆိတ် ထုတ်လုပ်မှုသည် စည်ပေါင်း ၁.၄ သန်းကျော်သို့ ရောက်ရှိခဲ့ပြီး ဓါတ်ငွေ့ ထွက်ရှိမှုမှာ စည်ပေါင်း ၂၀၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး စုစုပေါင်း စည်ပေါင်း ၁.၆ သန်းအထိရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်လာစေရန် ရေနံထုတ်လုပ်မှုတိုးမြင့်လာအောင် အချိန်နာရီနှင့်အမျှ ကြိုးစားအလုပ်လုပ်နေကြသော အမျိုးသားအလုပ်သမားများမပါဘဲ အောင်မြင်မှုရှိလာမည် မဟုတ်ကြောင်း NOC မှ ပြောကြားခဲ့သည်။ လစ်ဗျာဝန်ကြီးချုပ် Abdul-Hamed Dbeibah က လစ်ဗျာနိုင်ငံသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် နေ့စဉ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကို စည်ပေါင်း ၂ သန်းအထိ မြှင့်တင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

ရေလွှမ်းမိုးမှုကြောင့် ထိုင်းရော်ဘာအထွက်နှုန်း ၇ ရာခိုင်နှုန်းကျဆင်းနိုင်

     ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှု ၇% လျှော့ကျ နိုင်ကြောင်း ထိုင်းနိုင်ငံရာဘာအာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ယာယီပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ Sukatus Tarngwiriyakul က ပြည်နယ်အေဂျင်စီသည် ယခုနှစ်တွင် ရော်ဘာတန်ချိန် ၄.၇၈ သန်းထွက်ရှိရန် ရည်မှန်းထားသော်လည်း ယခုအခါ ထိုပမာဏထဲမှ တန်ချိန် ၃၂၀၀၀၀ လျှော့ကျနိုင်ကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် ရာဘာစိုက်ပျိုးရေးသမားများက ရော်ဘာစေးမထုတ်ယူနိုင်တော့ကြောင်းနှင့် ပြည်တွင်းရော်ဘာသုံးစွဲမှုကိုလည်း သက်ရောက်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံးရာဘာတင်ပို့သူဖြစ်ပြီး ယခုနှစ်၏ပထမ ၉ လတာကာလတွင် ရော်ဘာတန်ချိန် ၂.၈၆ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ တူညီသည့် ကာလထက် ၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ရော်ဘာတန်ချိန်စုစုပေါင်း ၄ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် တောင်ပိုင်းပြည်နယ်ရှစ်ခုတွင် ရော်ဘာစိုက်ခင်းဧရိယာ ၅.၉၆ သန်း Rai (Rai = ထိုင်းနိုင်ငံတိုင်းတာမှုစနစ်)ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ‌တောင်ပိုင်းနှင့် မလေးရှားကျွန်းဆွယ်တို့သည် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုများထဲမှအချို့ကို တွေ့ကြုံခံစားခဲ့ရကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်အတွက် ဆန်တင်ပို့ရန်ရည်မှန်းချက်ကို တန်ချိန် ၇.၅ သန်းသတ်မှတ်ခဲ့သည့် ထိုင်းနိုင်ငံ

    ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် ဆန်တင်ပို့ရန် ရည်မှန်းချက်ကို ယခုနှစ်အတွက်ခန့်မှန်းထားသည့်တန်ချိန် ၁၀ သန်းအောက်လျှော့ချကာ တန်ချိန် ၇.၅ သန်း သတ်မှတ်ထားကြောင်း သိရပါသည်။ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Arada Fuangtong က ယခုနှစ်၏ပထမ ၁၁ လတာကာလတွင် နိုင်ငံသည် ဆန်တန်ချိန် သန်း ၉.၂၇ မတ်ထရစ်တန်တင်ပို့ခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တင်ပို့မှုပမာဏသည်တန်ချိန်သန်း ၁၀ မတ်ထရစ်တန်ထိ‌ ‌ရောက်ရှိပြီး အနည်းဆုံးတန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုကြီးထွားမှုသည် ခရစ်စမတ်၊ နှစ်သစ်နှင့် တရုတ်နှစ်သစ်ကာလတို့တွင် စားသုံးရန် လိုအပ်ချက်ပြည့်မီရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ၏ ဝယ်လိုအားကြောင့်ဖြစ်ကြောင်း သိရပါသည်။  ထိုင်းနိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားပြည့်မီရန် လုံလောက်မှုရှိပြီး နိုင်ငံ၏အားကောင်းသောဆန်တင်ပို့နိုင်စွမ်းကလည်း တင်သွင်းသူများထံ တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း သိရပါသည်။ထို့ပြင် တင်ပို့သည့်ပမာဏမြင့်တက်လာမှုနှင့်အတူ ဆန်တင်ပို့သည့်ပျမ်းမျှဈေးနှုန်းမှာလည်း ယခုနှစ်ပထမ ၁၀ လတွင် ၂၀၂၃ တူညီသည့်ကာလထက် မြင့်တက်လာကြောင်း သိရပါသည်။ ပျမ်းမျှအားဖြင့် ထိုင်း Hom Mali ဆန်ဈေးနှုန်းသည် ၇.၅၉ ရာခိုင်နှုန်း၊ Pathum Thani ဆန်သည် ၂၄.၆ ရာခိုင်နှုန်း၊ ဆန်ဖြူသည် ၁၁.၇ ရာခိုင်နှုန်း၊ ပေါင်းဆန်သည် ၁၀.၉ ရာခိုင်နှုန်းနှင့် ဆန်စေးသည် ၀.၆၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ အဓိကတင်ပို့ရာဈေးကွက်များတွင် အင်ဒိုနီးရှား၊ အီရတ်၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်ကြောင်းသိရပါသည်။ Mrs.Arada က ဝန်ကြီးဌာနသည် အိန္ဒိယကဆန်ဖြူတင်ပို့မှုပြန်လည်စတင်သောကြောင့် လာမည့်နှစ်အတွက်တင်ပို့မှုရည်မှန်းချက်ကို လျှော့ချထားကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယသည် ၎င်းတို့၏တင်ပို့မှုယာယီတားမြစ်ခဲ့မှုကြောင့် မြင့်မားသောကုန်လက်ကျန်လယ်ဗယ်နှင့် အားကောင်းသောဆန်ထုတ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ထို့ပြင် မိုးခေါင်မှုလျှော့ပါးလာပြီး စိုက်ပျိုးရန်အတွက် ရေရှိနိုင်စွမ်း မြင့်တက်လာမှုကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုမြင့်တက်လာနိုင်ရန် မျှော်မှန်းရသဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ယှဉ်ပြိုင်မှုပြင်းထန်နိုင်ကြောင်း သိရပါသည်။ လာမည့်နှစ်အတွက် ပြည်ပကုန်သွယ်မှုဦးစီးဌာနသည် အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ထိုင်းဆန်အတွက် ပရိုမိုးရှင်းပွဲများကျင်းပခြင်းနှင့် ဆက်ဆံရေးအားကောင်းအောင်ဆောင်ရွက်ခြင်းအားဖြင့် ဆန်တင်ပို့မှုမြှင့်တင်ရန် စီစဉ်နေကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်တရုတ်စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်း ကုန်သွယ်မှုမြှင့်တင်ရန်ဖိုရမ်ကျင်းပ

      ဗီယက်နမ်နှင့် တရုတ်အကြား စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်းကုန်သွယ်မှု မြှင့်တင်နိုင်မည့်နည်းလမ်းရှာဖွေရန်အတွက် ဖိုရမ်ကို ဒီဇင်ဘာလ ၃ ရက်နေ့က ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းနယ်စပ် Lang Son ပြည်နယ်တွင် ကျင်းပခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD)နှင့် ပြည်နယ်ပြည်သူ့ ကော်မတီက ပူးပေါင်းကြီးမှူးကျင်းပခဲ့သည့်ထိုဖိုရမ်သည် စီးပွားရေးလုပ်ငန်းများ၊ ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များက နှစ်နိုင်ငံလုံးမှဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် စီမံခန့်ခွဲရေး အေဂျင်စီများအား အဆိုပြုချက်များတင်ပြရန် အခွင့်အလမ်းများကို ဆောင်ယူပေးနိုင်ခဲ့ကြောင်း သိရပါသည်။ MARD ၏ အရည်အသွေး၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သူ Le Thanh Hoa က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်း ပို့ကုန်တင်ပို့ရာ အဓိကဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  အပြန်အလှန် ကုန်သွယ်မှုသည် ဗီယက်နမ်၏ ကမ္ဘာပေါ်တွင်စုစုပေါင်းတင်ပို့မှု၏ လေးပုံတစ်ပုံရှိကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် ဗီယက်နမ်သည်  တရုတ်၏ ကမ္ဘာပေါ်တွင်အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်များထဲမှတစ်ခုဖြစ်ပြီး အာဆီယံတွင်အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုး မွေးမြူရေး-သစ်တော-ငါးလုပ်ငန်းကုန်သွယ်မှုသည် တည်ငြိမ်စွာကြီးထွားလျက်ရှိပြီး ယခုနှစ် ပထမ ၁၁ လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၂ တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်ထံမှ နို့ထွက်ပစ္စည်းစက်ရုံနှင့် ထုတ်ကုန် ၁၁ ခု၊ ငှက်သိုက်လုပ်ငန်း ၉ ခု၊ ရေနေ မျိုးစိတ်၄၈ ခုနှင့် ထုတ်ကုန် ၁၂၈ ခုအား တင်သွင်းခွင့်ပြုထားကြောင်း သိရပါသည်။ ယနေ့ အချိန်ထိ ဗီယက်နမ်ကုမ္ပဏီ ၅၉၆ ခုသည် တရုတ်နိုင်ငံသို့ ရေနေထုတ်ကုန်တင်ပို့ခွင့် လိုင်စင်ရရှိထားကြောင်း သိရပါသည်။ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များကလည်း အစိမ်းရောင်ပဲကိတ်၊ အုန်းသီးသကြားလုံးနှင့် လိုင်ချီးသီးခြောက်ကဲ့သို့သော ဗီယက်နမ်သစ်သီးများနှင့် အခြားထုတ်ကုန် များသည် ၎င်းတို့ နိုင်ငံတွင်လူကြိုက်များကြောင်း ပြောကြားခဲ့ကြပါသည်။ MARD ၏ ဒုတိယဝန်ကြီးဖြစ်သူ Tran Thanh Nam ကလည်း ဆက်လက်၍ နှစ်နိုင်ငံကြား ဘက်ပေါင်းစုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖွဲ့မှုအပေါ် ၎င်းတို့၏ပူးတွဲထုတ်ပြန်ချက်အရ နှစ်ဖက်စလုံးသည် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေး သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်၏ပထမ ၁၁ လတာကာလတွင်ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံရရှိခဲ့သည့်ဗီယက်နမ်

     ဗီယက်နမ်နိုင်ငံ၏ပင်လယ်စာလုပ်ငန်းသည် အောင်မြင်မှုများရရှိနေပြီး နိုဝင်ဘာလတွင် တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၂၄ သန်းရရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ယခုနှစ်၏ပထမ ၁၁ လတာကာတွင် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၁.၅ ရာခိုင်နှုန်းမြင့်တက်လာကာ ယခုနှစ်အတွက် တင်ပို့ရန်ရည်မှန်းချက်ဖြစ်သည့် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံထိ ရောက်ရှိမည့်လမ်းကြောင်းပေါ်တွင်ရှိနေကြောင်းသိရပါသည်။ ပုဇွန်တင်ပို့မှုသည် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်နိုင်ခြေရှိနေပြီး Tra ငါးနှင့် တူနာကဲ့သို့သော အခြားပင်လယ်စာထုတ်ကုန်များသည်လည်း တင်ပို့မှုကြီးထားလျက်ရှိကြောင်း သိရပါသည်။ ခရုတင်ပို့မှုသည်လည်း ၁၈၀ ရာခိုင်နှုန်းထိ အလွန်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်တွင်းပင်လယ်စာလုပ်ငန်းသည် ငါးစာကဲ့သို့သောထုတ်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းကိုလည်း တက်ကြွစွာအရှိန်မြှင့်တင်လျက်ရှိကြောင်း သိရပါသည်။ ယခုနှစ်၏ပထမ ၁၀ တာကာလ တွင် နိုင်ငံသည် ငါးစာတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၂၀.၄ သန်းရရှိ ခဲ့ပြီး တစ်နှစ်လုံးစာအတွက် အမေရိကန်ဒေါ်လာ ၂၆၄ သန်းရရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်ငါးစာတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူတင်သွင်းကြောင်း သိရပြီး အဓိက ဈေးကွက်အနေဖြင့် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ဟောင်ကောင်အပါအဝင်တရုတ်နိုင်ငံသည် အမေရိကန်ကိုကျော်ဖြတ်ကာ ဗီယက်နမ်၏ အကြီးမားဆုံး ပင်လယ်စာ တင်သွင်းသူအဖြစ် ရပ်တည်နေပြီး ယခုနှစ်ပထမ ၁၁ လတာကာလတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော်ဖိုး တင်သွင်းပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၉ ရာခိုင်နှုန်းမြင့်တက် လာကြောင်း သိရပါသည်။ အမေရိကန်သည် ယခုနှစ်ပထမ ၁၁ လတာကာလတွင် အမေရိကန် ဒေါ်လာ ၁၆.၇ ဘီလီယံဖိုး တင်သွင်းခဲ့ပြီး ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ Hang က ဗီယက်နမ်သည် ယခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် ရည်မှန်းချက် ပြည့်မီမည်ဟု ယုံကြည်ချက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတကာ ကုန်သွယ်ရေးမူဝါဒများမှစိန်ခေါ်မှုများရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် Tra ငါးနှင့်ပုဇွန်တို့သည် လုပ်ငန်းနယ်ပယ်၏ကျောရိုးအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု အကောင်းမြင်သုံးသပ်လျက်ရှိကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ