ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၄ ခုနှစ်အတွင်း Bavet နယ်စပ်မှ ခရီးသွားသူ ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အဓိကဖြတ်ကျော်သောနေရာဖြစ်သည့် Bavet International Border Gate သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှ ခရီးသွားစုစုပေါင်း ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Bavet မြို့၊ အပြည်ပြည်ဆိုင်ရာနယ်ခြားဂိတ်စစ်ဆေးရေးရုံးမှ လက်ထောက်အကြီးအကဲ Puth Sopheakeo ကအစီရင်ခံခဲ့သည်။ အဆိုပါခရီးသည်များသည် ပြည်ပနိုင်ငံများမှ ၎င်းတို့၏လုပ်ငန်းတာဝန်များပြီးမြောက်ပါပြီးကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ကုန်သွယ်မှု ဖလှယ်ရာတွင်ပါဝင်ခြင်းနှင့် အားလပ်ရက်တွင် အပန်းဖြေလာရောက်သူများပါဝင်ကြကြောင်း Puth Sopheakeo ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတော်ဝန်အစိုးရ (RGC) ၏ ဦးဆောင်မှု အပေါ် ဧည့်သည်များ၏ယုံကြည်မှုကြောင့် နိုင်ငံတော်သို့ဝင်ရောက်သည့် နိုင်ငံခြားခရီးသည် အများအပြားရှိကြောင်း အလေးပေးပြာကြားခဲ့သည်။ Bavet International Border Gate မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုင်ငံအတွင်းသို့ ဥရောပခရီးသွားဧည့်သည် အရေအတွက်တိုးလာပြီး ခရီးသွားအများစုသည် ဖနွမ်းပင်မြို့သို့ တည်းခိုရန်သွားရောက်ခဲ့ ကြောင်းသိရသည်။ ထို့နောက် Siem Reap ပြည်နယ်ရှိ Angkor Wat ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ကြပြီး နိုင်ငံတစ်ဝန်းရှိ အခြားနာမည်ကြီးနေရာများသို့ သွာရောက် လည်ပတ်သူများ ဖြစ်ကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံမှတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailun သည်ကမ္ဘောဒီးယားနိုင်ငံတွင် ကန်ဒေါ်လာ ၉၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့

          တရုတ်နိုင်ငံမှ ထိပ်တန်းတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailum Group သည် ကမ္ဘောဒီးယားနိုင်ငံနှင့်မြောက်အမေရိကမှ ဝယ်လိုအားများကိုဖြည့်ဆည်းရန်အတွက် ကမ္ဘောဒီးယား နိုင်ငံတွင် တာယာထုတ်လုပ်မှုများတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၉၃.၅ သန်းနီးပါး ရင်းနှီမြှုပ်နှံ မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ Svey Rieng မြို့ရှိ Sailum Group ၏ ကမ္ဘောဒီးယားတွင်လုပ်ငန်းခွဲဖြစ်သော Cart Tyre Co.,Ltd သည် ၎င်းတို့၏စက်ရုံတွင် ထုတ်လုပ် မှုများတိုးမြှင့်ရန်အတွက် ကန်ဒေါ်လာ ၆၁.၁၈ သန်းသုံးစွဲမည်ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်း အရင်း အနှီးကိုမြှင့်တင်ရန်အတွက် ကန်ဒေါ်လာ ၃၂.၃၀ သန်းသုံးစွဲမည်ဖြစ်ကြောင်း Sailum Group မှ ၇-၁-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင်ဖော်ပြထားသည်။ အစီရင်ခံစာ တွင် ကမ္ဘောဒီးယားနှင့်မြောက်အမေရိကရှိဖောက်သည်များ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် All-steel radial တာယာများထုတ်လုပ်မှုကို တိုးမြှင့်ရန် အတွက် ဒေါ်လာ ၉၃.၄၈ သန်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေကြောင်းနှင့် အဆိုပါပရောဂျက်သည် နှစ်စဉ်ပျမ်းမျှ ကန်ဒေါ်လာ ၂၄၄.၇၃ သန်းဝင်ငွေရရှိနိုင်ရန်မျှော်လင့်ရကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း Sailum Group သည် တာရာထုတ်ကုန်များ ရောင်းချမှုမှ ကန်ဒေါ်လာ ၄၄၀ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

DOCA(ရန်ကုန်)

သီဟိုဠ်စေ့ တန်ချိန် ၉ သိန်းအထိ ထွက်ရှိရန် ကမ္ဘောဒီးယားကုန်သည်အသင်း မျှော်မှန်း

ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ရာသီဥတု အခြေ အနေအပေါ် မူတည်၍ တန်ချိန် ၇၀၀၀၀၀ မှ ၉၀၀၀၀၀ အတွင်း ထွက်ရှိမည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) က ခန့်မှန်းထားကြောင်း သိရှိရသည်။

          အကယ်၍ ရာသီဥတုကောင်းမွန်ပါက ယခုနှစ်အတွက် သီဟိုဠ်စေ့ အထွက်ပမာဏသည် ၂၀၂၄ ခုနှစ်နှင့် အလားတူရရှိနိုင်ကြောင်း၊ ရာသီဥတုအခြေအနေ အပေါ်မူတည်၍ သီဟိုဠ်စေ့ တန် ချိန် ၇၀၀၀၀၀နှင့် ၉၀၀၀၀၀ အကြား ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုသည် ယခုနှစ် သီဟိုဠ်စေ့ရိတ်သိမ်းမှုအား ဆိုးရွားစွာထိခိုက်စေမည်ကို စိုးရိမ် မှုရှိကြောင်း၊ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနက သီဟိုဠ်စေ့ ခူးဆွတ်ရိတ်သိမ်းသည့် ခြောက်သွေ့ရာသီကာလအတွင်း မိုးရွာသွန်းနိုင်ခြေရှိသည်ဟု ဖော်ပြထားပြီး ထိုသို့ဖြစ်ပေါ်ပါက သီးနှံအထွက်ပမာဏသည် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်းဖြင့် CAC အသင်း ဥက္ကဋ္ဌ Uon Silot က Khmer Times သို့ ပြောကြားခဲ့သည်။

          အဆိုပါအချက်ကြောင့် လယ်သမားများအနေဖြင့် CAC အသင်း၏ လမ်းညွှန်ချက်များနှင့် အညီ အစီအမံများချမှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း၌ ပို့ချပညာပေးခဲ့သော အော်ဂဲနစ် စိုက်ပျိုးရေးအလေ့အကျင့်များကို လုပ်ဆောင်ရန် အရေးကြီးသည် ဟု Silot က အလေးပေးပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ရိတ်သိမ်းရာသီအတွင်း ဖြစ်နိုင်ခြေရှိသော အထွက်နှုန်းထိခိုက်နိုင်သည့် ရာသီဥတုဆိုင်ရာ အန္တရာယ်များကို လျှော့ချရန်အတွက် သီဟိုဠ်စေ့ စိုက်ပျိုးသူများအနေဖြင့် ၎င်းတို့၏ စိုက်ခင်းများကို ပုံမှန်စောင့်ကြည့်ရန် တိုက်တွန်းကြောင်း မကြာ သေးမီကာလ၌ CAC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

          CAC သည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို တိုက်ဖျက်ရန်အတွက် ရေရှည် တည်တံ့သော မဟာဗျူဟာတစ်ခုအဖြစ် အော်ဂဲနစ်အလေ့အကျင့်များကို အကောင်အထည်ဖော် ရန် ထောက်ခံအားပေးကြောင်း၊ ကမ္ဘောဒီးယားတွင် သီဟိုဠ်စေ့ ရိတ်သိမ်းရာသီသည် ပုံမှန်အားဖြင့် ဖေဖော်ဝါရီလ၌ စတင်ပြီး မေလတွင် ကုန်ဆုံးကြောင်း၊ သို့ရာတွင် သီဟိုဠ်စေ့ ခူးဆွတ်ရိတ်သိမ်းမှု သည် ရာသီဥတု အခြေအနေ၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြောက်ခံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အတွက် စံအလေ့အကျင့် အားနည်းခြင်းများကဲ့သို့သော သက်ရောက်မှုများအပေါ် မူတည်ကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘော ဒီးယားနိုင်ငံသည် မြေမျက်နှာပြင် ဧရိယာအလိုက် သီဟိုဠ်စေ့စိုက်ပျိုးမှုတွင် ခန့်မှန်းခြေ ၅၈၀၁၁၇ ဟက်တာဖြင့် ကမ္ဘာ့တတိယအဆင့်၌ ရပ်တည်နေကြောင်း၊ Kampong Thom ပြည်နယ်သည် ဧရိယာ ၁၄၇၇၀၀ ဟက်တာခန့်ဖြင့် သီဟိုဠ်စိုက်ပျိုးမှု အကြီးမားဆုံးဖြစ်ကြောင်း၊ ၎င်း၏နောက်၌ Kratie ပြည်နယ်သည် ဟက်တာ ၁၀၂၅၀၀ နှင့် Ratanakiri ပြည်နယ်သည် ဟက်တာ ၉၇၂၀၀ တို့ဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ယခုနှစ်၌ တန်ချိန် ၈၅၀၀၀၀ ထွက်ရှိ ခဲ့ပြီး ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ပြည်ပသို့ တင်ပို့မှုမှာ တန်ချိန် ၈၁၅၀၀၀ ရှိပြီး ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုမှာ ၇၉၃၄၅၃ တန်ဖြင့် ပြောင်းလဲမှု မရှိကြောင်း သိရှိရသည်။

Source: Khmer Times, 12 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ ထိုင်းသကာရည်တင်သွင်းမှု ပိတ်ပင်ခြင်းအပေါ် ထိုင်းအာဏာပိုင် စိုးရိမ်မှုမရှိ

ထိုင်းနိုင်ငံမှ တင်ပို့သော သကာရည်များအား အစားအစာဘေးကင်းလုံခြုံရေး အကြောင်း ပြချက်ဖြင့် တရုတ်နိုင်ငံက လက်ရှိအချိန်တွင် ပိတ်ပင်ထားခြင်းသည် ပြည်တွင်းရှိ သကြားထုတ် လုပ်သူများကို ထိခိုက်စေမည်မဟုတ်ဟု တာဝန်ရှိသူများအနေဖြင့် ယုံကြည်ထားကြောင်း ထိုင်း ကြံနှင့် သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

          တရုတ်အာဏာပိုင်များအနေဖြင့် တင်သွင်းမှုပိတ်ပင်ရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် ထိုင်းစက်ရုံများတွင် ကျန်းမာသန့်ရှင်းမှုစံနှုန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ကိုးကား ဖော်ပြခဲ့သော်လည်း အဆိုပါအကြောင်းပြချက်သည် ဆက်လက်တိုးမြင့်လာနေသော ထိုင်းနိုင်ငံမှ သကာရည်တင်ပို့မှုကို ဟန့်တားသည့် ကုန်သွယ်မှုအတားအဆီးတစ်ခုအဖြစ် ရှုမြင်လျက်ရှိကြ ကြောင်း သိရှိရသည်။

          ထိုင်းသကြားထုတ်လုပ်သူများအနေဖြင့် ၎င်းတို့တွင် ကျယ်ပြန့်သောဖောက်သည်အခြေခံ ရှိပြီး သကြားများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအနှံ့အပြားသို့ တင်ပို့နေသည့်အတွက် ထိုင်းသကြား ထုတ်လုပ်သူများအပေါ် ပြင်းထန်သော သက်ရောက်မှုရှိလိမ့်မည်ဟု တာဝန်ရှိသူများအနေဖြင့် မျှော်လင့်ထားခြင်း မရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့အနေဖြင့် တရုတ်နိုင်ငံဘက်မှ ထိုင်းသကာရည်များ တင်သွင်းမှု ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ တရုတ်နိုင်ငံသို့ သကာရည်တင်ပို့မှုအပေါ် အခွန်အခများ လျှော့ပေါ့ပေးရမည်ဖြစ်ကြောင်း၊ သကာရည် တင်သွင်းမှုတိုးလာခြင်းသည် ၎င်းတို့၏ ပြည်တွင်း သကြားလုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရှိကြောင်း၊  OCSB မှ အထွေထွေအတွင်းရေးမှူး Bainoi Suwanchatreeက ပြောကြားခဲ့သည်။

          သကြားတင်သွင်းမှု နှစ်စဉ်တိုးမြင့်လာမှုအပေါ် ပြည်တွင်းရှိ သကြားထုတ်လုပ်သူများနှင့် ကြံစိုက်တောင်သူများအား အကာအကွယ်ပေးရန်အတွက် တရုတ်နိုင်ငံသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု အစီအမံတစ်ရပ်ကို ချမှတ်ကျင့်သုံးဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံအား ပို့ကုန်အခြေစိုက်စခန်းအဖြစ် အသုံးပြုလျက် အခွန်ရှောင်ရန် ကြိုးစားနေသော တရုတ်နိုင်ငံမှ သကာရည်ကုမ္ပဏီများအား ကိုင်တွယ်အရေးယူမှုကိုလည်း တရုတ်အစိုးရက လုပ်ဆောင်ဖွယ်ရှိ ကြောင်း Mr Bainoi က ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့အတွက် သကာရည်တင်ပို့ရာ ထိပ်တန်း ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ဘရာဇီးသည် ကမ္ဘာ့အကြီးဆုံး သကြားထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် ဩစတေးလျသည် ဒုတိယနေရာနှင့် ထိုင်းနိုင်ငံသည် တတိယအများဆုံး သကြား ထုတ်လုပ်သည့် နိုင်ငံအဖြစ် လက်ရှိတွင် စက်ရုံပေါင်း ၅၈ ခုရှိကြောင်း သိရှိရသည်။

          ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၇ နှစ် - ၈ နှစ် ခန့်ကာလမှ စတင်၍ တရုတ်နိုင်ငံသို့ သကာရည် တင်ပို့မှုကို လုပ်ဆောင်ခဲ့ပြီး ကနဦးတွင် တစ်နှစ်လျှင် တန်ချိန် ၁၀၀၀၀၀ တင်ပို့ခဲ့သည်။ OCSB ၏ အဆိုအရ တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၆၀၀၀၀၀ မှ ၇၀၀၀၀၀ အတွင်းအထိ ဆက်လက်တိုးမြင့်လာခဲ့ပြီး ယခင်နှစ်တွင် တန်ချိန် ၁.၂ သန်းအထိ မြင့်မားလာခဲ့ကြောင်း သိရှိ ရသည်။

          တရုတ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံမှ သကာရည် တင်သွင်းမှုကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပြီး ဘတ်ငွေ သန်း ၄၀၀ ကျော်တန်ဖိုးရှိသော သကာရည် များပါဝင်သည့် ထိုင်းကုန်တင်သင်္ဘောများသည် တရုတ်နိုင်ငံကမ်းရိုးတန်းတွင် သောင်တင်လျက် ရှိနေခဲ့သည်။

Source: Bangkok Post, 8 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ သတိပေးချက်အရ သစ်သီးဝလံပို့ကုန်များ စစ်ဆေးမှုကို ဗီယက်နမ် တင်းကျပ်

ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာနက ဒေသအာဏာပိုင်များနှင့် သက်ဆိုင်ရာအေဂျင်စီများ အနေဖြင့် ဒူးရင်းနှင့် ပိန္နဲကဲ့သို့သော လတ်ဆတ်သစ်သီးဝလံများအား ပြည်ပတင်ပို့ရာတွင် ထုပ်ပိုးသည့်နေရာ များနှင့် စိုက်ပျိုးသည့်နယ်မြေဧရိယာများကို စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် စစ်‌ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

          ဗီယက်နမ်နိုင်ငံမှ တင်ပို့ခဲ့သော သစ်သီးဝလံများနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ထံမှ သတိပေးအကြောင်းကြားချက် ကို လက်ခံရရှိပြီးနောက် ဦးစီးဌာနက ယခုညွန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

          ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် အဆိုပါသစ်သီးဝလံများ၌ တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသည့် အစားအစာလုံခြုံစိတ်ချရမှုနှင့် အပင်ပိုးမွှားကင်းရှင်းမှု ဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိခြင်းသည် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်လယ်ယာထွက်ကုန်များ၏ အမှတ်တံဆိပ်နှင့် ဂုဏ်သတင်း ကို ထိခိုက်လာနိုင်စေဖွယ်ရှိသည်။

          အဆိုပါပြဿနာအား ဖြေရှင်းရန်အတွက် အပင်ကာကွယ်ရေးဦးစီးဌာနသည် အစီအမံများ ရေးဆွဲချမှတ်လျက် အစားအစာလုံခြုံစိတ်ချရမှုနှင့် သင်္ကေတကုဒ်စနစ်များဖြင့် သတ်မှတ်ထားရှိ သော ထုတ်လုပ်ပြုပြင်ထုပ်ပိုးမှု လုပ်ကိုင်သည့် လုပ်ငန်းနေရာများရှိ ပြည်ပသို့တင်ပို့သည့် သစ်သီး ဝလံများ၏ အရည်အသွေး စံချိန်စံညွှန်းများကို စောင့်ကြည့်ထိန်းကျောင်းခြင်းအား လုပ်ဆောင် လျက်ရှိကြောင်း၊ လုပ်ငန်းများအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါက စိုက်ပျိုး ထုတ်လုပ်သည့် နယ်မြေများနှင့် ထုပ်ပိုးသည့်နေရာများအတွက် သတ်မှတ်ထားသော ကုဒ်နံပါတ် များကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုသင်္ကေတကုဒ် ရယူခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် မဖြစ်မနေ လိုက်ဆောင်ရွက်ရမည့် ပိုးသတ်ဆေးကြွင်းပါဝင်မှု၊ လေးလံ သတ္တုပါဝင်မှုနှင့် ထုတ်ကုန်ခြေရာခံမှု စသည့်တို့ကို စစ်ဆေးခြင်းအား တင်းကျပ်စွာ ဆောင်ရွက်ရန် စိုက်ပျိုးထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုလုပ်ငန်းများသို့ ညွှန်ကြားထားကြောင်း၊ ကုဒ်နံပါတ်ကိုင်ဆောင်သူ များအား အသိပေးရန်နှင့် ညွှန်ကြားရန်အတွက် ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများသို့လည်း အကူအညီတောင်းခံထားကြောင်း သိရှိရပါသည်။

          ၂၀၂၄ ဒီဇင်ဘာလ နှောင်းပိုင်း၌ ဒူးရင်းသီးများ စိုက်ပျိုးသည့်နေရာနှင့် ထုပ်ပိုးမှုတို့အတွက် ထုတ်ပေးထားသည့် သင်္ကေတကုဒ်များအား ပုံတူကူး၍ လွဲမှားစွာ အသုံးချမှုများရှိနေသည်ဟု ဗီယက်နမ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအသင်းက အသိပေးချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အယောင်ဆောင် လိမ်လည်မှုတွင် တရားမဝင်စာချုပ်စာတမ်းများ၊ တံဆိပ်ခေါင်းအတုများနှင့် လက်မှတ်အတုများပါဝင်နေပြီး တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့ရာ၌ အာဏာပိုင်၏ ပုံမှန်ကြီးကြပ် စစ်ဆေးမှုများကို သွယ်ဝိုက်ရှောင်ရှားရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဒူးရင်းသီးဈေးကွက်၌ အင်အားကြီးနိုင်ငံအသစ် တစ်ခုအဖြစ် အခိုင်အမာရရှိအောင် တည်ဆောက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် တန်ဖိုး ဒေါ်လာ ၃.၃ ဘီလီံယံအထိ တင်ပို့ခဲ့ကြောင်း၊ ဗီယက်နမ် ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၂ ခုနှစ် ကာလကထက် ၇.၈ ဆ တိုးတက် ခဲ့ပြီး၊ ပြည်ပသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ တင်ပို့မှု တန်ဖိုးစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းရှိ ကြောင်း သိရှိရပါသည်။

Source : Vietnam Plus, January 13, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

မလေးရှား၏ ၂၀၂၅ ခုနှစ် စားအုန်းဆီလက်ကျန် တန်ချိန် ၁.၆ သန်းသို့ ကျဆင်းဖွယ်ရှိ

မလေးရှား စားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၇၁ သန်းရှိ ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းခန့်ရှိနိုင်မည်ဟု စိုက်ခင်းနှင့်ကုန်စည်များရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (Malaysian Palm Oil Board- MPOB) က ၁၄-၁-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း The Star Online သတင်းဌာနက ဖော်ပြသည်။

          ကမ္ဘာ့ စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၌ တန်ချိန် ၁၉.၃၄ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၉.၅ သန်းသို့ အနည်းငယ် မြင့်တက် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ စားအုန်းဆီတင်ပို့မှုတွင်လည်း ၂၀၂၄ ခုနှစ်၌ တန်ချိန် ၁၆.၉ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၇.၃ သန်းသို့ တိုးတက်တင်ပို့နိုင်မည်ဟု မျှော်မှန်းထား ကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းသည် ယခင်နှစ်တွင် ပျမ်းမျှနှစ်ပိတ်ဈေးနှုန်းအဖြစ် တစ်တန် လျှင် ၄၁၂၈ ရင်းဂစ်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၌ ကြိုတင်အရောင်းဈေးနှုန်းများမှာ တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ မှ ၄၃၀၀ အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်းဖြင့် စားအုန်းဆီလုပ်ငန်း ဆောင်ရွက်ရေး ဟူ သည့် ကမ္ဘာလုံးဆိုင်ရာတောင်းဆိုမှုကို ဖြည့်ဆည်းနိုင်ရန်အတွက် အစိုးရအာဏာပိုင်အဖွဲ့များသည် ပြည်တွင်းစားအုန်းဆီလုပ်ငန်းများရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် MPOB ၏ ညွှန်ကြားရေးမှူးချုပ် Mr. Ahmad Parveez Ghulam Kadir က စားအုန်းဆီညီလာခံတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီလုပ်ငန်း၏ အလားအလာမှာ ပိုမိုကောင်းမွန်မည်ဟု မျှော်လင့် ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအပေါ် စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအေဂျင်စီများ အနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက် မပြတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပိုမိုရေရှည်တည်တံ့ပြီး ဟန်ချက်ညီသောအနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် စားအုန်းဆီလုပ်ငန်းနယ်ပယ်အတွင်း စီးပွားရေးတည်ငြိမ်မှုနှင့်  လူမှု ရေးရာ တာဝန်ယူဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Ahmad Parveez Ghulam Kadir က ပြောကြားခဲ့ပါသည်။

Source: The Star Online, 14th Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၅ ပထမနှစ်ဝက်၌ စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်မြင့်တက်မည်ဟု လေ့လာဆန်းစစ်သူ များ ပြောကြား

မလေးရှား စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၀၀ နှင့် ၄၈၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်ကြောင်းနှင့် ထုတ်လုပ်မှု အမြင့်မားဆုံးကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင်မူ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၄၄၀၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နိုင်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ‌ရေးသားဖော်ပြထားသည်။

          အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ စားအုန်းဆီ အထွက်ကျဆင်းပြီး ဆီလက်ကျန် လျော့ကျ မှုရှိခြင်းနှင့် ၂၀၂၅ ခုနှစ် ဇီဝလောင်စာဆီထုတ်လုပ်မှု အစီအစဉ်တွင် စားအုန်းဆီပါဝင်မှုရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ထားရှိခြင်း တို့နှင့်အတူ ၂၀၂၅ ခုနှစ်တွင် နေကြာဆီနှင့် မုန်ညှင်းဆီ ရောင်းလိုအား ပိုမိုတင်းကျပ်လာနိုင်ခြင်းတို့ကြောင့် ထိုကဲ့သို့ စားအုန်းဆီကြမ်း ဈေးနှုန်းများ ဆက်လက်မြင့်တက် နိုင်သည်ဟု မလေးရှား RHB ရင်းနှီးမြှုပ်နှံမှုဘဏ်က ကြိုတင်ခန့်မှန်းထားသည်။

          ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဆီနှင့်အဆီ လိုအပ်ချက်သည် သိသာထင်ရှားစွာမြင့်မားနိုင်ကြောင်း၊ ဆီလိုအပ်ချက်မြင့်မားလာမှုက ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း ပိုမိုခိုင်မာအားကောင်းလာစေမည် ဖြစ်ကြောင်း၊  ဆီနှင့်အဆီ ၁၇ မျိုးအတွက် ကုန်သိုလှောင်မှုလက်ကျန်နှင့် သုံးစွဲမှုအချိုးအစားမှာ ၁၅ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးအဖြစ် ၂၀၂၅ ခုနှစ်၌ ၁၂.၆ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း RHB က ဖော်ပြပါသည်။

          သို့သော် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်ခြင်း၊ ရေနံစိမ်းစျေးနှုန်းများ သိသာစွာ အပြောင်းအလဲဖြစ်ခြင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုဖြစ်ပေါ် ပြောင်းလဲမှုနှင့် ကြုံတွေ့ ရခြင်း၊ မလေးရှားနိုင်ငံတွင် အလုပ်သမားပြဿနာ ပိုမိုဆိုးရွားလာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စည်းကြပ်မှုနှင့် ကုန်သွယ်မှုမူဝါဒများကို ပြန်လည်ပြင်ဆင်မည့် အလားအလာများရှိခြင်း တို့က စားအုန်းဆီလုပ်ငန်းနယ်ပယ်၌ ဆုံးရှုံးမှုဖြစ်စေနိုင်သည့် အဓိကအကြောင်းအရင်းများအဖြစ်  တည်ရှိနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်းဈေးနှုန်းများ ပိုမိုမြင့်မားပြီး ခိုင်မာနိုင်ခြေရှိခြင်းက လုပ်ငန်း ကဏ္ဍကို ပြန်လည်အကဲဖြတ်ရန် ဦးတည်လျက်ရှိသဖြင့် စားအုန်းဆီလုပ်ငန်းရှယ်ယာများ၌ ရင်းနှီး မြှုပ်နှံရန် ကောင်းမွန်သည့်အခြေအနေရှိသည်ဟူသော အကြံပြုချက်ကို RHB ဘဏ်က ဆက်လက် ကိုင်စွဲထားသည်။ မလေးရှား Kenanga ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် CIMB Securities ငွေတိုက်စာချုပ် နှင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တို့ကလည်း စားအုန်းဆီလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှု ကောင်းမွန်သည် ဟူသော ၎င်းတို့၏ အကဲဖြတ်ချက်များကို ထပ်လောင်း ပြောဆိုထားသည်။

          ရောင်းလိုအား ကျပ်တည်းမှုများ ဖြစ်ပေါ်နေချိန်တွင်  စားအုန်းဆီကြမ်း၏ ဈေးနှုန်းများ  မြင့် တက်လာနိုင်ခြေရှိမှုအပေါ် အခြေခံ၍ Kenanga ဘဏ်က ထိုကဲ့သို့အကြံပြု ပြောကြားခဲ့ခြင်းဖြစ် သည်။ ပဲပုပ်ဆီဈေးနှုန်းအပေါ် ကျော်လွန်နေခဲ့သော စားအုန်းဆီကြမ်းဈေးနှုန်းများသည် မကြာ သေးမီကာလမှစတင်၍ ကွာဟမှု ကျဉ်းမြောင်းလာကြောင်း၊ သို့သော် စားအုန်းဆီကြမ်းအပါအဝင် စားသုံးဆီအားလုံး၏ စျေးနှုန်းများသည် ၂၀၂၅ ခုနှစ်တွင် ဆက်လက်မြင့်မားဖွယ်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌ ၂၈ လတာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် လအလိုက် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းမှုရှိသော်လည်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၄ ခုနှစ်အတွက် စားသုံးဆီစျေးနှုန်း အညွှန်းကိန်းသည် နှစ်အလိုက် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း အဆိုပါဘဏ်က ပြောကြားသည်။

          ကမ္ဘာ့စားသုံးဆီဈေးကွက်အတွင်း အဓိကစားသုံးဆီ ၄ မျိုးဖြစ်သည့် စားအုန်းဆီ၊ ပဲပုပ်ဆီ၊ မုန်ညှင်းဆီနှင့် နေကြာဆီ တို့အနက် စားအုန်းဆီသည် စျေးနှုန်းကို ဆက်လက်ဦးဆောင်နိုင်သည့် ဆီအဖြစ် ရပ်တည်လျက်ရှိကြောင်း ဖော်ပြသည်။

          CIMB Securities လီမိတက်၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွက် ခန့်မှန်းချက်၌ မလေးရှား နိုင်ငံတွင် စားအုန်းဆီ တင်ပို့မှုအားနည်းခြင်းနှင့် ပြည်တွင်းစားသုံးမှု အခြေအနေအရ စားအုန်းဆီ လက်ကျန်မှာ လအလိုက်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း မြင့်တက်လျက် တန်ချိန် ၁.၇၃ သန်းခန့် ရှိနိုင် ကြောင်း၊ ရာသီကာလ အခြေအနေအရ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် တန်ချိန် ၁.၃၇ သန်း ရှိနိုင်ပြီး ယခင်လထက် ၈ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိကြောင်း၊ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် မုန်ညှင်းဆီတို့ထက် ကျော်လွန်၍ ပရီမီယံအဆင့်ဈေးနှုန်းအထိ မြင့်တက်နေပြီး စားသုံးသူများ အတွက် ပိုမိုစျေးသက်သာသည့် အခြားစားသုံးဆီများသို့ ပြောင်းလဲရွေးချယ်ဝယ်ယူရန် တွန်းအား ပေးလျက်ရှိရာ စားအုန်းဆီ တင်ပို့မှုမှာ တန်ချိန် ၁.၁၃ သန်းခန့် ရှိနိုင်ပြီး ယခင်လအောက် ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း ပြောဆိုပါသည်။

          အမေရိကန်နိုင်ငံ၏ ဇီဝဒီဇယ်ကဏ္ဍအပေါ် အသုံးစရိတ်လျော့ချမည့်မူဝါဒ ချမှတ်နိုင်မည့် အလားအလာက စိုးရိမ်မှုများဖြစ်ပေါ်စေခြင်းကြောင့် ပဲပုပ်ဆီဈေးနှုန်းများသည် ဆက်လက်၍ အားနည်းနေဖွယ်ရှိကြောင်း သိရသည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင် နှုန်းအထိ ရောနှောအသုံးပြုမည့် ဇီဝဒီဇယ် (B40 biodiesel) အစီအစဉ်ကို ၂၀၂၅ ခုနှစ် ပထမ ၃ လပတ် နှောင်းပိုင်းတွင် စတင်ကျင့်သုံးမည်ဖြစ်သဖြင့် ၎င်း၏ ပြည်တွင်းစားအုန်းဆီ လိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း၊ ရလဒ်အနေဖြင့် ၂၀၂၅ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၂၀၀ နှုန်းရှိနိုင်ကြောင်းဖြင့် CIMB Securities လီမိတက်က မျှော်လင့်ထားသည်ကို တင်ပြလိုက်ရပါသည်။

Source: Bernama, 13th Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဖိလစ်ပိုင်၏ ၂၀၂၄ ခုနှစ် ဆန်တင်သွင်းမှု တန်ချိန် ၄.၇၈ သန်းဖြင့် စံချိန်တင်မြင့်တက်

ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ နောက်ဆုံးအကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့သော စာရင်း များအရ ၂၀၂၄ ခုနှစ်တွင်  ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၄.၇၈ သန်းကို စံချိန်တင် တင်သွင်း နိုင်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဗျူရိုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တင်သွင်းခဲ့သည် စာရင်းများ ပြန်လည်စိစစ်ပြီးနောက် အစောပိုင်းကာလ၌ ထုတ်ပြန်ခဲ့သည့် ပမာဏ တန်ချိန် ၄.၆၈၄ သန်းထက်   ၂ ရာခိုင်နှုန်းခန့် ပိုမိုလျက် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ဆန်တန်ချိန် ၄.၇၈ သန်းကို တင်သွင်းခဲ့ သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွက် ယခင်ဖော်ပြခဲ့ သော ပမာဏထက် ၉၅၃၉၈ တန် ပိုမိုလျက် ဆန်တန်ချိန် ၄၅၄၈၀၂ တန်ရောက်ရှိ တင်သွင်းခဲ့ ကြောင်း၊ နိုဝင်ဘာလအတွက် ဆန်တင်သွင်းမှုစာရင်း၌လည်း  ယခင်ဖော်ပြခဲ့သည့် ပမာဏထက် ၅၄၀ တန်ပိုမိုပြီး ဆန်တန်ချိန် ၄၅၇၅၁၅.၅၀၈  တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

          စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးနေ့ရက် အနည်းငယ်အတွင်းမှာပင် ဆန်တင်သွင်းမှု သိသိသာသာတိုးတက်ခဲ့ခြင်းဖြစ် သည်ဟု ပြောကြားထားပါသည်။

          ဆန်တင်သွင်းခွင့်ရရှိသူများနှင့် ကုန်သည်များအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း သွင်းကုန် ဆိပ်ကမ်းရှင်းလင်းမှုဆိုင်ရာ အစားအစာလုံခြုံစိတ်ချရမှုနှင့် အပင်ပိုးမွှားကင်းရှင်းမှု အသိအမှတ်ပြု လက်မှတ်စောင်ရေ ၉၇၉၅ ခုကို လျှောက်ထားရယူခဲ့ပြီး ၎င်းတို့အနက် ၆၆.၁၃ ရာခိုင်နှုန်းဖြစ်သော ၆၄၇၇ စောင်အား အသုံးပြုခဲ့သည်။ လက်ရှိ စည်းကမ်းသတ်မှတ်ချက်များအရ အဆိုပါ အသိ အမှတ်ပြုလက်မှတ်ကို ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်းသာ အသုံးပြုနိုင်ကြောင်း သိရှိရသည်။

          အစိုးရ အနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင်ဖြစ်ပေါ်ခဲ့သည့် ရာသီဥတုဆိုးဝါးမှုများ ကြောင့် ပြည်တွင်းဆန်လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်ရေးအတွက် ဆန်တင်သွင်းမှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ သမ္မတ Marcos ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၆၂ အရ ဆန်တင်သွင်းမှု အခွန်နှုန်းအား ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ချခဲ့ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား ပြည်ပမှ ဆန်ပိုမိုဝယ်ယူတင်သွင်းရန် တွန်းအားပေး ဖြစ်စေခဲ့ပါသည်။

          ဆန်‌ဈေးနှုန်းဖောင်းပွမှုသည် ၂၀၂၄ ခုနှစ် မတ်လ၌ ၂၄.၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးအနေ အထားရှိရာမှ ကျဆင်းမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ဒီဇင်ဘာလတွင် ၀.၈ ရာခိုင်နှုန်းဖြင့် တည်ငြိမ်ခဲ့ကြောင်း၊ သို့ရာတွင် နှစ်အလိုက် ပျမ်းမျှဆန်‌ဈေးနှုန်းဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ်၌ ၈.၁ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၁၅.၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

Source : The Philippine Star, January 14, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တန်ချိန် ၁၆၇၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း သီရိလင်္ကာ အာဏာပိုင် ပြောကြား

သီရိလင်္ကာနိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ပြည်ပမှ ဆန်ကိုတင်သွင်းခွင့်ပြုခဲ့ရာ သတ်မှတ် ကာလနောက်ဆုံးနေ့ရက်ဖြစ်သော ၁၀-၁-၂၀၂၅ နေ့ ကုန်ဆုံးချိန်၌ ဆန်ကြမ်းတန်ချိန် ၆၆၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၁၀၁၀၀၀ တို့အပါအဝင် ဆန်မက်ထရစ်တန်ချိန် ၁၆၇၀၀၀ ကျော်ကို တင်သွင်း ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ပြောကြားခဲ့သည်။

          သို့သော် လက်ရှိကာလတွင် ဆန်မက်ထရစ်တန် ၈၀၀၀ စီ တင်ဆောင်လာသည့် သင်္ဘော နှစ်စီးသည် ကိုလံဘိုဆိပ်ကမ်းအနီးတွင် ကျောက်ချရပ်နားထားဆဲဖြစ်သည်။ အစိုးရအနေဖြင့် အဆိုပါ တင်သွင်းထားသည့် ဆန်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆုံးဖြတ်ချက် လိမ့်မည်ဟု မျှော်လင့်ရကြောင်း အကောက်ခွန်ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Seewali Arukgoda က ပြောကြားခဲ့သည်။

Source: News 1st, 11-01-2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

တန်ဖိုးမြင့်စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးရန် တောင်သူများသို့ ကမ္ဘောဒီးယားအစိုးရ တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ Im Rachna က ဖနွမ်းပင်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ Kratie ပြည်နယ်ရှိ တောင်သူများသို့ သွားရောက်တွေ့ဆုံစဉ်၌ လာမည့်စိုက်ပျိုးရာသီတွင် ပြည်ပ စပါးမျိုး များအစား ကမ္ဘောဒီးယား၏ Sen Kra Ob (SKO) စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးကြရန် တိုက်တွန်း အကြံပြုခဲ့ပါသည်။

          နိုင်ငံတကာ ဈေးကွက်များတွင် Sen Kra Ob ဆန်သည် ၎င်း၏တန်ဖိုးမြင့်မားမှုနှင့် ဈေးနှုန်း တည်ငြိမ်မှုအရ လူသိများကြောင်း တောင်သူများအား Im Rachna က ပြောကြားခဲ့သည်။ ယင်း ဒေသတွင် စိုက်ပျိုးသည့် လူကြိုက်များ၊ အထွက်နှုန်းကောင်းသော  နိုင်ငံခြားမျိုးစိတ်ဖြစ်သည့် OM စပါးမျိုးသည် တစ်ဟက်တာလျှင် ၅ တန်ခန့် ထွက်ရှိသော်လည်း ၎င်းဆန် တစ်ကီလိုဂရမ်ကို အမေရိကန် ဒေါ်လာ ၀.၂၀ သာရရှိကြောင်း၊ SKO စပါးမျိုးသည် တစ်ဟက်တာလျှင် ၃.၅ တန်ခန့် ထွက်ရှိပြီး ဆန်တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၀.၃၀ ခန့် ရရှိသည့်အတွက် စီးပွားရေးအရ အလားအလာ ကောင်းနိုင်ကြောင်း သိရသည်။

          စိုက်ပျိုးရေးပညာရှင်များ၏ လမ်းညွှန်မှုနှင့် ပံ့ပိုးမှုဖြင့် Sen Kra Ob ကို စမ်းသပ်စိုက်ပျိုးရန် အတွက် အစုအဖွဲ့များဖွဲ့စည်းထားရန် Kratie ပြည်နယ်အာဏာပိုင်များက လယ်သမားများသို့ အကြံပြုထားသည်။ Sen Kra Ob ၏ စပါးအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၃ တန်ခန့်ထွက်ရှိပြီး အခြားမျိုးကွဲ ၅ တန် ထွက်ရှိမှုထက် ဝင်ငွေပိုရရှိနိုင်ကြောင်း ဒေသခံတောင်သူတစ်ဦးဖြစ်သူ Kong Samuen က ပြောကြားခဲ့သည်။

          SKO ဆန်သည် ပေါ့ပါးမှုရှိပြီး နူးညံ့ချောမွေ့မှုနှင့်အတူ ပြင်းပြသော ရနံ့ရှိသည့် ဆန်လုံးရှည် ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယား စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံသည် ၂၀၁၉ ခုနှစ်တွင် တော်ဝင်စိုက်ပျိုးရေးတက္ကသိုလ်၊ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation) နှင့် ကမ္ဘောဒီးယား စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်အစီအစဉ်တို့နှင့် ပူးပေါင်း၍ အဆိုပါ စပါးမျိုးကို ဖန်တီးခဲ့ကြခြင်း ဖြစ် ပါသည်။

          ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် SKO ဆန်သည် ၎င်း၏ အရည်အသွေး၊ အနံ့နှင့် အရသာတို့ အတွက် ရွှေတံဆိပ်ဆုကို တရုတ်နိုင်ငံမှ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ SKO သည် ရာသီဥတုဒဏ် ခံနိုင်ပြီး ရာသီမရွေး စိုက်ပျိုးနိုင်သော ဆန်စပါးအမျိုးအစားဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု ရက်ပေါင်း ၁၁၀ မှ ၁၁၅ ရက်ရှိကြောင်း၊ ၎င်းသည် ကမ္ဘောဒီးယား၏ တင်ပို့သည့်ဆန်များအနက် Phka Rumduol ဆန်၏နောက်တွင် လူကြိုက်အများဆုံး ဆန်အမျိုးအစားဖြစ်ကြောင်း သိရပါသည်။

Source: Khmer Times, 14 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ