ပြည်ပကုန်သွယ်မှုသတင်းများ
ပြည်တွင်း ဆီအုန်းသီးခိုင်ဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်လျက် ယခုနှစ်တွင် စားအုန်း ဆီကြမ်း တန်ချိန် ၈ သိန်းတင်ပို့ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဌာနကမျှော်မှန်းထားကြောင်း Bangkok Post သတင်းဌာနက ၈-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel သည် ဇူလိုင်လ ပထမသီတင်းပတ်ကုန်ရက်များတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ်၏ အဓိက ဆန်စပါးထွက်ရှိရာ ဒေသများထဲမှ တစ်ခုဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ An Giang ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း အဆိုပါပြည်နယ် ပြည်သူ့ ကော်မတီက ၈-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယသည် အောက်တိုဘာလတွင် ကောက်ပဲသီးနှံသစ်များ ဈေးကွက်သို့မရောက်မီ နိုင်ငံတွင်း ဆန်ပိုလျှံမှုလွန်ကဲခြင်းမရှိစေရေးအတွက် အချို့သော ဆန် မျိုးကွဲများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့သွားဖွယ်ရှိသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး သကြားထုတ်လုပ်သည့် Khon Kaen Sugar Industry Plc (KSL)ကုမ္ပဏီသည် လုပ်သာကိုင်သာမရှိသော စီးပွားရေးအခြေအနေများကြောင့် ၎င်း၏ရင်းနှီး မြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သကြားလုပ်ငန်းတိုးချဲ့ရာတွင် အဟန့်အတားဖြစ်စေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ဦးဆောင်လျက် ထိုင်းဆန်တင်ပို့သူများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်အတွင်း တန်ဖိုးအားဖြင့် ဘတ်ငွေ ၂.၈ ဘီလီယံရှိမည့် ဆန်တန်ချိန် စုစုပေါင်း ၁၃၀၀၀၀ ကို တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာ ၉ စောင်ကို ဖိလစ်ပိုင်ရှိ ဆန်တင် သွင်းသူ လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

အာဖရိကဒေသအတွင်း လူဦးရေအများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီယားနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးနှင့် သင့်တင့်သောလက်လီဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် ဂျုံနှင့်ပြောင်း တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းကို ရက်ပေါင်း ၁၅၀ ကြာအထိ ဆိုင်းငံ့မည်ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီး Abubakar Kyari က ၈-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂ နှစ် ဆက်တိုက်ကာလ၌ ပြည်ပမှ ဆန်များတင်သွင်းခဲ့ရခြင်း မရှိသကဲ့သို့ ယခုနှစ်တွင်လည်း ဆန်တင်သွင်းရန် လိုအပ်ချက်မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် အနေဖြင့် အနာဂတ်ကာလ၌ ဆန်တင်သွင်းမှုအစား ဆန်တင်ပို့ခြင်းကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်းဖြင့် ၇-၇-၂၀၂၄ နေ့၊ Naogaon ခရိုင်တွင် ကျင်းပသော စိုက်ပျိုးရေးနည်းပညာပြပွဲ-၂၀၂၄ ၏ ဖွင့်ပွဲအခမ်းအနား၌ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာရေးရာဝန်ကြီး Sadhan Chandra Majumder က ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် အလားအလာရှိသော ရင်းနှီးမြှူပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာသေးမီက လာရောက်လည်ပတ်ခဲ့ကြသည်။

Geely Automobile Holdings Ltd သည် ၎င်း၏ပထမဆုံး ပရီမီယံလျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌မိတ်ဆက်ရန်စီစဉ်နေပြီး Hyundai Mortor ကုမ္ပဏီ နှင့် ဖက်စပ်ကုမ္ပဏီ Kia Corp တို့ အုပ်ချုပ်နေဆဲဖြစ်သော တရုတ်ကားထုတ်လုပ်သူများ၏ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြသည်။

ဂျာမနီနိုင်ငံ၏ VDA မော်တော်ကားအသင်းသည် ကြာသပတေးနေ့(ဇူလိုင်လ ၁ ရက်နေ့) မတိုင်မီ ညှိနှိုင်းမှုများအပေါ် ဩဇာလွှမ်းမိုးရန် တရုတ်လျှပ်စစ်ကားများအား အကောက်ခွန်များကို လျှော့ချပေးရန် ဥရောပကော်မရှင်အား တိုက်တွန်းထားသည်။

စင်္ကာပူနိုင်ငံမှပိုင်ဆိုင်သော Keppel ၏ ယူနစ်တစ်ခုဖြစ်သည့် Voltsingapor သည် လုပ်ငန်းသုံးကားများနှင့် ခရီးသည်တင်ကားများ ဝန်ဆောင်မှုပေးရန်အတွက် မြို့တော်ပြည်နယ် အတွင်း၌ လျှပ်စစ်ကားအမြန်အားသွင်းစင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တနင်္လာနေ့(ဇူလိုင်လ ၈ ရက်နေ့)က ပြောကြားခဲ့သည်။
ဘတ်စ်ကားများ၊ တက္ကစီများ၊ ပုဂ္ဂလိကပိုင်ကားများနှင့် အခြားသော EV ကားများအတွက် Charging point (၈၀)အထိ ထားရှိပေးမည်ဖြစ်ပြီး အဆိုပါစင်တာအသစ်သည် အရှေ့တောင် အာရှတွင် တစ်ခုတည်းသော အမြန်အားသွင်းစင်တာဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုကိုသေချာစေရန် ဗီယက်နမ်နိုင်ငံနှင့် ဆန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့ လွန်ခဲ့သောသီတင်းပတ်က လာရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။
စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel သည် အရှေ့တောင်အာရှနိုင်ငံများ၏ အဓိက ဆန်စပါးထွက်ရှိရာဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ဗီယက်နမ်မြစ်ဝကျွန်းပေါ်ဒေသ An Giang သို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကော်မတီက ဇူလိုင်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။
