Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် ပန်းမျိုးစုံဈေးများမြင့်တက်လာ

လူအများသည် ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ ပန်းအလှဆင်ရာတွင်လည်းကောင်း ပန်းများကိုအသုံးပြုကြပါသည်။ သို့သော်လည်း ယခုအချိန်တွင် ပန်းမျိုးစုံဈေးများ သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်တွင် ရောင်းချခဲ့သောပန်းဈေးများမှာ ဂန္ဓမာပန်း(အဖြူ)အပွင့်ကြီး (၁၀)ပွင့်ပါတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ယခုနှစ်တွင် (၁၀)ပွင့်ပါတစ်စည်းလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် တစ်စည်းလျှင် (၂၀၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုအတူ သစ္စာပန်းမှာလည်း (၅)တံပါတစ်စည်းလျှင် ယခင်နှစ်တွင် (၁၀၀၀)ကျပ်၊ ယခုနှစ်တွင် (၂၀၀၀)ကျပ်ဖြင့် တစ်စည်းလျှင် (၁၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ ပန်းတိမ်မနိုင်ပန်း (၁၀)တံပါတစ်စည်းလျှင် ယခင်နှစ်တွင် (၁၅၀၀)ကျပ်၊ ယခုနှစ်တွင် (၂၅၀၀)ကျပ်ဖြင့် တစ်စည်းလျှင် (၁၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ သပြေပန်းတုံးဈေးများမှာလည်း ယခင်နှစ်တွင် အတုံးအသေးတစ်တုံးလျှင် (၁၀၀၀)ကျပ်၊ အကြီးတစ်တုံးလျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင် အတုံးအကြီး/ အသေးပေါ်မူတည်၍ တစ်တုံးလျှင် အမြင့်ဆုံး(၇၀၀၀)ကျပ်မှ အနိမ့်ဆုံး(၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ထို့အတူ အခြားပန်းမျိုးစုံဈေးများလည်း ယခုနှစ်တွင် ဈေးနှုန်းများမြင့်တက် လာခဲ့သဖြင့် ဘုရားပန်းအိုးတစ်ခါထိုးလျှင် အနည်းဆုံး ငွေကျပ် (၅၀၀၀)ကုန်မှ အနည်းငယ်တင့်တယ်မှုရှိသည်ဟု အိမ်ရှင်မတစ်ဦးထံမှသိရပါသည်။ ထိုသို့ပန်းမျိုးစုံဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ပန်းစိုက်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်း၊ ပန်းများမှာ ယခုနှစ်တွင်မိုးများ၍ အထွက်နှုန်းနည်းခြင်း၊ ပန်းများစိုက်ပျိုးချိန်တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ခြင်းတို့ကြောင့် ယခုကဲ့သို့ ပန်းမျိုးစုံဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟုသိရပါသည်။ DOCA(ပဲခူး)

ရွှေတောင်မြို့၏ ဂန္ဓမာအဝါကြီးပန်း အရောင်းအဝယ်ဖြစ်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ တောင်သူ ဦးအောင်ကိုမင်း၏ ဂန္ဓမာအဝါကြီးပန်းမျိုးစိုက်ပျိုးသော စိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ရာ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ယခင်နှစ်က အညွန့်ဖြတ်၍စိုက်ပျိုးခြင်း၊ ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါကိုင်းအားပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်အပင်ရေမှာ ၅၀၀၀ခန့်စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်မှာ မေလတွင်စိုက်ပျိုးပြီး (၄)လအကြာဖြစ်သော သီတင်းကျွတ်လဆန်းပိုင်းတွင် ခူးယူရောင်းချကြောင်းသိရပါသည်။ စိုက်ပျိုးပြီးပန်းပင်များကို (၅)ရက်တခါ (သို့) (၇)ရက်ခြားတစ်ခါ ပိုးသတ်ဆေးများ ဖြန်းပေးရပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၁၀)သိန်းကျပ်ခန့်ကုန်ကျပြီး ပန်းရောင်းရဝင်ငွေအနေဖြင့် ကျပ်သိန်း(၃၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၂၀)ခန့်ရရှိကြောင်းသိရပါသည်။ ဂန္ဓမာပန်း(အဝါကြီး)ရောင်းဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၅၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်း ၆ပွင့်/ ၇ပွင့်ပါ တစ်စည်းလျှင် ၉၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကိုင်းအသေးတစ်စည်းကို ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်တွင် ပန်းများဈေးကောင်းရရှိသော်လည်း မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နည်းသွားခြင်းဖြစ်၍ ဈေးကောင်းရရှိကြောင်းသိရပါသည်။ ရွှေတောင်ဒေသထွက် ဂန္ဓမာပန်းအဝါများကို ကြို့ပင်ကောက်၊ ပေါင်းတည်၊ ဇီးကုန်း၊ ပြည်နှင့် ဥသျှစ်ပင်မှ ပန်းဖောက်သည်များက အခင်းသို့လာရောက် ဝယ်ယူကြပြီး တစ်ဆင့်ပြန်လည်၍ ပန်းဈေးကွက်များသို့တင်ပို့ရောင်းချကြကြောင်းပါသည်။ DOCA(ပဲခူး)

ပေါက်ခေါင်းမြို့၏ ခရမ်းကြွပ်သီးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါ ခရမ်းကြွပ်သီးကို ဧက(.၂၅) စိုက်ပျိုးထားရှိ သော တောင်သူ ဦးဇော်မင်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ အပင်ပေါင်း (၂၀၀၀)ခန့်ရှိပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့်ကုန်ကျကြောင်းသိရှိရပြီး ထွက်ပေါ်ချိန်တွင် အသီးခူး ဆွတ်ရာ (၃)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အလုံးရေ (၁)သောင်းခန့်ခူးဆွတ်ရရှိကြောင်းသိရပါသည်။ ခရမ်းကြွပ်သီးများကိုခူးဆွတ်ရာတွင် ခူးဆွတ်ချိန် (၁)လခွဲခန့်ကြာမြင့်ပြီး အကြိမ်ရေမှာ ပျမ်းမျှ (၁၅)ကြိမ်ခန့်ခူးဆွတ်ရောင်းချနိုင်ကြကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိလာရောက်၍ ဝယ်ယူကြသဖြင့် လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် ပျမ်းမျှရောင်းဈေးမှာ (၉)ကျပ်ဖြင့်ရောင်းချကြ၍ စျေးကွက်အတွင်း၌ လက်လီစျေးအနေဖြင့် (၁)လုံးလျှင် (၄၀)ကျပ်၊ (၁၀)လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။ ရောင်းချသောဈေးကွက်များမှာ ပေါက်ခေါင်းမြို့ ပေါ်ရှိဈေးများအပြင် နယ်မြို့များရှိဈေးများနှင့် ပြည်ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးများထွက်ပေါ်ချိန်တွင် တောင်သူများဝင်ငွေအနေဖြင့် (.၂၅)ဧကတွင် (၁၃၅၀၀၀၀) ကျပ်ရရှိပြီး အသားတင်အမြတ်မှာ (၈၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ DOCA(ပဲခူး)

ငါးပိ၊ ငါးခြောက်ဈေးနှုန်းဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်း နေ့စဉ် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားသောက်ကုန်များတွင် ငါးပိ၊ ငါးခြောက်ဈေးကွက်လည်း အရောင်းအဝယ်သွက်လျက် ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း၊ ငါးခြောက်ရောင်းချသော ကုန်စုံဆိုင်များမှသိရပါသည်။ ဈေးနှုန်းများမှာ ရွှေပုစွန်ခြောက်ရှယ်သန့် တစ်ပိဿာလျှင် (၁၂၀၀၀၀-၁၅၀၀၀၀)ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ ပုစွန်ငါးပိတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အသားကြီးခြောက် (အမြှောင်း) တစ်ပိဿာလျှင် (၃၅၀၀၀မှ ၃၈၀၀၀)ကျပ်၊ ငါးတံခွန် ၂၅၀၀ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀၀ကျပ်နှင့် ငါးနီတူတစ်ပိဿာလျှင် (၃၂၀၀၀-၃၅၀၀၀) ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်းပါသည်။ DOCA(ပဲခူး)

အုတ်ဖို‌ဒေသထွက် ပန်း‌ဂေါ်ဖီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရတောင်ကျချောင်းကြီး(၃)ခုစီးဝင်လျက်ရှိပြီး ကျေးရွာအုပ်စု(၅၄)အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိကအသက်မွေးလုပ်ငန်း ဖြစ်ပါသည်။ ရာသီအလိုက်စိုက်ပျိုးနိုင်သော ဧကပေါင်း(၆၆၅၉)ဧကခန့်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ချဉ်ပေါင်၊ ရုံးပတီတို့ကို အဓိကထား၍စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ အုတ်ဖိုမြို့နယ်အတွင်း ထယ်ကြောရွာ၊ လေးတဲရွာ၊ ရှမ်းရွာ၊ သရက်ပင်ဆိပ်၊ သမန်းကုန်းရွာ၊ ကျပ်ချောင်းရွာ စသောကျေးရွာအုပ်စုများသည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ အများဆုံးစိုက်ပျိုးသော ဒေသများဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် အိုးရှင်းမျိုးစ့(၁၂)ထုတ်ခန့်စိုက်ပျိုးရပြီး၊ထွန်ယက်ခ၊ ဆေးဖြန်းခ၊ ရေသွင်းခအပါအဝင် (၁၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးအနည်းငယ်ပိုများသဖြင့် အချိန်(၁)လခန့်နောက်ကျစိုက်ပျိုးရပြီး ပိုးသတ်ဆေး၊ အပင်အား ဆေးပိုသုံးရ၍ ဈေးကောင်းရရန်လိုအပ်နေကြောင်း၊ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ပန်းဂေါ်ဖီအပွင့် (၁၃၀၀၀)ပွင့်ခန့်ထွက်ရှိပြီး ပန်းပွင့်အကြီး/ အသေး ရောရာတစ်ပွင့်လျှင် (၄၀၀)ကျပ်ခန့်ရောင်းချရကြောင်း၊ တစ်ဧကဝင်ငွေ (၅၂၀၀၀၀၀)ခန့်ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀၀)ကျပ်ရရှိနိုင်ပါကြောင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူတစ်ဦးထံမှသိရှိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ခေါပုတ်

တောင်ငူမြို့ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။ ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။ ခေါပုတ်ကို ယခင်က တစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအခါ တစ်ထုပ်လျှင် ၁၃၀၀ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့မှ သပြေစိုက်ပျိုးသူများ အပိုဝင်ငွေရ

မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။ သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ်အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။ သပြေပန်း ၁၀ညွန့်ပါ တစ်စည်းလျှင် ယခင်က ၄၀၀ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုအခါတွင် တစ်စည်းလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ကျပ် တက်သွားပါသည်။ ဘုရားကပ်လှူရာတွင် အခြားပန်းများနှင့်မတူ တမူထူးခြား သပ္ပါယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှသိရပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း