
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာရှိ တောင်သူများသည် သပြေပန်းကို မိမိအိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံမြေ၊ ယာမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် သပြေပန်းကို ကိုင်းကူးမျိုး တစ်ပင်လျှင် ကျပ်(၃၀၀)ဖြင့် မန္တလေးမြို့မှဝယ်ယူ၍ စိုက်ဧကမှာ(၀.၅)ဧကပေါ်တွင် အပင်ရေ(၄၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ကိုင်းကူးမျိုးဖြစ်သည့်အတွက် စိုက်ပျိုးပြီး(၅)လအကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ သပြေပန်းမှာ ရာသီမရွေးခူးဆွတ်နိုင်သောပန်းဖြစ်သော်လည်း မိုးရာသီနှင့်နွေရာသီတွင် သပြေ ပန်းအခက်များလှိုင်လှိုင်ပွင့်တက်ပြီး ဆောင်းရာသီတွင် ပိုးကျတက်သောကြောင့် အထွက်နှုန်းနည်းပါးကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် သပြေပန်း(၁)စီးလျှင် ကျပ်(၅၀၀-၇၀၀-၁၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)ဈေး၌သာ ရောင်းချ ကြောင်း၊ ဝင်ငွေအားဖြင့် နေ့စဉ် ကျပ်(၁၅၀၀၀-၂၀၀၀၀)ခန့်ရရှိကြောင်း၊ သပြေပန်းမှာ နှစ်ရှည်ပင် ဖြစ်သောကြောင့် စိုက်ပျိုးထွက်ရှိချိန်မှစပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိသောအပင်ဖြစ်၍ မိသားစုအပိုဝင်ငွေကို တစ်ဖက်တစ်လမ်းမှရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(မကွေး)