Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသထွက် ကွမ်းသီးစျေးနှုန်းစျေးကွက်

   ကွမ်းသီးသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အများဆုံးထွက်ရှိပြီး အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက် ရှိကြပါသည်။

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၉.၉.၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီး ခြောက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနု တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် ဖြစ်ပေါ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပုသိမ်မြို့ ပြောင်းဖူးဈေးနှုန်းဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြောင်းဖူးကို အိမ်မဲမြို့နယ် ၊ ရေကြည်မြို့နယ် ၊ ကျောင်းကုန်းမြို့နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ပြောင်းဖူးမျိုးစေ့အဖြစ် လေယာဉ် အမှတ် တံဆိပ်ကိုအသုံးပြုပြီး တစ်ထုပ်လျှင်(၂၈၀၀)ကျပ်ပေးရကြောင်း၊ တစ်ဧကလျှင် (၆-၇)ထုပ်စိုက်ရပါသည်။ စိုက်ပျိုးပြီး (၇)ရက်အကြာတွင် အပင်ပေါက်၍ ပေါင်းပင်များကို (၁၅)ရက်ကြာလျှင် ပေါင်းမြတ်ရှင်းရပါသည်။ ရက်(၆၀)ခန့်အကြာတွင် စတင်ခုတ်ပြီး ရောင်းချပါသည်။

   ပုသိမ်မြို့တွင် ရောင်းချနေသောပြောင်းဖူးဈေးနှုန်းမှာ စက်တင်ဘာလ ၊ တတိယအပတ်တွင် ပြောင်းဖူး ( အဝါ )တစ်ဖူးလျှင် (၅၀၀)ကျပ်ဖြစ်ပြီး(၁၀) ဖူးဈေးမှာ (၄၀၀၀) ကျပ်ဈေးနှုန်းဖြစ်သည်။ ပြောင်းဖူး(အဖြ)တစ်ဖူးလျှင် (၄၀၀) ကျပ်ဖြစ်ပြီး (၁၀)ဖူးဈေးမှာ (၃၅၀၀) ကျပ်ဖြစ်ပါသည်။

     ပြောင်းဖူးသည် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးကိုပြုတ်၍သော်လည်းကောင်း ၊ ကြော်၍သော်လည်းကောင်း ၊ မီးဖုတ်၍သော်လည်းကောင်း စားသုံးကြပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သတ္တုဓာတ်ကြွယ်ဝခြင်း သွေးအားနည်းရောဂါကာကွယ်ပေးခြင်း နှလုံးကျန်းမာစေခြင်း အမျှင်ဓာတ်ပြည့်ဝခြင်းစသည့် ကောင်းကျိုးများရရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကောင်းရရှိနေသည့် ပုသိမ်မြို့ရှိ ငရုတ်သီးဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံများကို စိုက်ပျိုးမြေအနေအထား အပေါ်မူတည်၍ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်း စိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုး စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုတ်သီးများ ပေါ်ဦးပေါ်ဖျား ပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။

    မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တွဲဖက် ကာ ငရုတ်စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင် စိုက်ပျိုးကြကာ ငရုတ်သီးကို ဒေသနေ ပြည်သူများအနေဖြင့် ထမင်းဝိုင်းတွင်မပါမဖြစ် စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုတ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးရောင်းချသူများ ယခင်နှစ်ထက် ပိုများလာကြောင်း သိရသည်။

    ငရုတ်သီးမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိပြီး ဈေးနှုန်းများအနေဖြင့် မိုးမျှာ်ငရုတ်သီးလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၉၀၀၀) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်   (၁၀၀၀၀) ကျပ်၊ ငရုတ်သီးအရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့်လက်လီဈေးနှုန်း(၆၀၀၀)ကျပ်၊ ငရုတ်သီးအပု လက်ကား ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှင့် လက်လီဈေးနှုန်း(၅၀၀၀)ကျပ်၊ ငရုတ်သီးအပွ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့ရှိ ခရမ်းချဉ်သီးဈေးကွက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ကျေးလက်ဒေသများရှိ ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာ   (၄၀၀၀) ကျပ် ဖြစ်ပြီး ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဩဂုတ်လ  နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါသည်။  

DOCA(ဧရာဝတီ)

မီးသွေးထွက်ရှိရာဒေသနှင့် ဈေးနှုန်း/ဈေးကွက်

       မီးသွေးကို မြန်မာနိုင်ငံအထက်ပိုင်းဖြစ်သည့် ကောလင်း၊ ကသာ၊ ဝန်းသို စသည့်မြို့များတွင်လည်း မီးသွေးထွက်ရှိကြောင်း၊ ရွှေဘိုမြို့နယ်ရှိ (၁၃)မိုင်ကျေးရွာတွင်လည်း မီးသွေးလည်း ထွက်ရှိကြောင်း၊ ခင်ဦးမြို့နယ်ရှိ ရွာများဖြစ်သော ကုန်းကြီးကျေးရွာ၊ ဝက်သဲကျေးရွာ၊ တမာကျေးရွာ၊ သမင်ကျကျေးရွာ၊ ရုံးပင်ရွာ စသည့်ရွာများတွင်လည်း မီးသွေးထွက်ရှိကြောင်း၊ ယခုရောင်းချသည့် မီးသွေးမှာ ရုံးပင်ရွာမှထွက်ရှိကြောင်း၊ ရုံးပင်မီးသွေးသည် ပြာမကျခြင်း၊ မီးသွေးမပေါက်ခြင်း၊ မီးသွေးသားမာ၍ ရုံးပင်မီးသွေးကို အသုံးများကြောင်းသိရှိရပါသည်။

       ရုံးပင်ရွာမှ မီးသွေးကို ကားဖြင့် အိမ်အရောက် လာရောက်၍ပို့ကြောင်း၊ သယ်ယူစရိတ်မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်းကြောင့် ယခုနှစ်တွင် မီးသွေးဈေးနှုန်းမြင့်တက်ကြောင်း (၁)တင်းခွဲဝင် မီးသွေး (၁) အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်ဖြင့်ဝယ်ရပြီး (၁၁၀၀ဝိ/-)ကျပ်ဖြင့်ပြန်ရောင်းရကြောင်း၊ မီးသွေးပေါသည့်ပေါ်မူတည်၍ မီးသွေးအိတ်(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်သာအမြတ်ယူ၍ ရောင်းချကြောင်း၊ ယခုအချိန်တွင် ကုန်ဈေးနှုန်းမြင့်မားခြင်းကြောင့် အမြတ်များများမယူဘဲ ရောင်းချချကြောင်းသိရှိရပါသည်။

       မီးသွေးရောင်းချရာတွင် (၁)တင်းခွဲဝင်အိတ်ဖြင့်သော်လည်းကောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍ ရောင်းချကြောင်း၊ မီးသွေး (၁)တင်းခွဲဝင်အိတ်လျှင် (၁)ပြည်ဝင်အိတ်ဖြင့်ထုပ်၍ ရောင်းချရာ (၂၄)ထုပ်ရကြောင်း၊ မီးသွေးအခဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၅၀ဝိ/-)ကျပ်၊ မီးသွေး အလတ်ကွဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၃၀ဝိ/-) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့ ခရမ်းကြွပ်သီးဈေးကွက်

     ခရမ်းကြွပ်သီးများသည် အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပြီး ဧရာဝတီတိုင်းဒေသကြီး  ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်တွင် ခရမ်းကြွပ်သီးအပါအဝင် အခြား ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိလျက်ရှိပြီး အများအားဖြင့် ခရမ်းကြွပ်သီးကို မြန်မာ့ထမင်းဝိုင်းတွင် မပါမဖြစ်ဖြစ်သည့် ငါးပိရည်နှင့်တွဲဖက်ကာ အတို့အမြှုပ်အနေနှင့် စားကြပြီး သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းနှင့်တွဲဖက်၍ စားသုံးလေ့ရှိကြသည်။ ကျန်းမာရေးအနေဖြင့်လည်း ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးခြင်း ၊ အသည်းနှင့် နှလုံးကိုလဲကျန်းမာစေခြင်းနှင့် ကိုယ်ခံအား ကောင်းမွန်စေကာ စိတ်ဖိစီးမှု ပြေလျော့စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

    ယခုနှစ်တွင် ခရမ်းကြွပ်သီးများ အထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကွက်လည်း ကောင်းသောကြောင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင် ငွေရရှိကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလည်း အဆင်ပြေလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်ကားဈေးနှုန်း (၆၀၀၀) ကျပ် နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

မိုးရာသီ ကြောင်လျှာသီးဈေးကွက်

     ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်နိုင်ပြီး အသီး ၊အပွင့် ၊ အမြစ် ၊ အခေါက်အားလုံးတို့ကို စားဖွယ် ၊ သောက်ဖွယ်နှင့် ဆေးအဖြစ် အသုံးပြုကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် လှိုင်လှိုင်ပေါများပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ ကြောင်လျှာပွင့်နှင့် အရွက်ကိုပြုတ်၍ဖြစ်စေ ရေနွေးဖျော၍ဖြစ်စေ သုပ်စားခြင်း၊ အတို့အမြုပ်လုပ်စားခြင်းများပြုလုပ်ကြပြီး ကြောင်လျှာသီးကို အစိမ်းသုပ်စားခြင်း ၊ချဉ်ဖက်ထည့်ခြင်း ၊ ကြော်စားခြင်း ၊မီးဖုတ်စားသုံးခြင်းအပြင် အသား/ငါးဟင်းလျာများနှင့်လည်း ရောနှောချက်ပြတ်ကာစားသုံးကြကြောင်း သိရှိရပါသည်။ ကြောင်လျှာသီးသည် ဖန် ၊ချို ၊ခါး စသော အရသာရှိပြီး လူကြိုက်များသော အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။

      ကြောင်လျှာသီးတစ်ထောင့်လျှင် အရွယ်အစားအပေါ်မူတည်၍ (၇၀၀-၈၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် အသီးများရှားပါးသောကြောင့် ကြောင်ရှာသီးတစ်ထောင့်လျှင် ခြံပေါက်ဈေး(လက်ကားဈေး) (၄၅၀-၅၅၀)ကျပ်နှင့် ဈေးကွက်အတွင်းတွင် လက်လီဈေးနှုန်းအနေဖြင့် (၇၀၀-၈၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)ဈေးနှုန်းမြင့်တက်

        ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကိုလည်း စိုက်ပျိုးထားပါသည်။  ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ (၃၅) ရက်ခန့်တွင် ပန်းများဖူးပွင့်လာပြီး (၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသော ပဲတောင့်ရှည်များကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါသည်။

          ပဲတောင့်ရှည် အတောင့်(၅၀)ပါ (၁)စည်းလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အတွင်းရှိပြီး (၁၀)တောင့်ပါ (၁)စည်းလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ခန့်ရှိကြောင်းသိရပါသည်။ သို့ပါ၍ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်‌နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း  ဦးမျိုးဇော်ဝင်း၊ ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ (၆၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အာလူးစိုက်ပျိုးနည်းအကြောင်းသိကောင်းစရာနှင့် ဈေးကွက်

       အာလူးသီးနှံသည် အာဟာရတန်ဖိုးတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာနိုင်ငံအများစုတွင် အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိသော သီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅)ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူတို့အတွက်လည်း အာဟာရတန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည်။ အခြားစိုက်ပျိုးသောဒေသများမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း (ဟင်္သာတ) တို့တွင် စိုက်ပျိုးကြပါသည်။

        အာလူးသီးနှံသည် အေး၍ သမရာသီဥတုကိုကြိုက်နှစ်သက်သည်။ အာလူးစိုက်ပျိုးဖြစ်ထွန်းသည့် အသင့်အတော်ဆုံးအပူအချိန်မှာ (၁၆-၂၇) ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈)ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက အပင်ကြီးထွားမှုနှေးကွေးသွားပါသည်။ အာလူးပင်၏သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ/ ၄လအတွင်းရှိပြီး နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။ ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများ၌ မတ်လ၊ ဧပြီလတွင် စိုက်ပျိုးကြပြီး ဩဂုတ်လနှင့် စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စကအာလူးအဖြစ် ယာမြေများတွင် ဇူလိုင်လ၊ ဩဂုတ်လတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ကြပါသည်။ ဆောင်းရာသီ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ရေရရှိသောနေရာများ၌ စိုက်ပျိုးကြပြီး၊ ဧပြီလနှင့် မေလများတွင် တူးဖော်နိုင်သည်။ မြေပြန့်ဒေသများဖြစ်သည့် မန္တလေးတိုင်း (ဆင်ဖြူကျွန်း) ဒေသများတွင် ကျွန်းမြေနှင့် သဲချောင်းများ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ကြပါသည်။ ထယ်ရေး(၈)လက်မအနက်ရရန် တစ်နှစ်လျှင် နှစ်ကြိမ်ထိုးပေးရသည်။ ထို့နောက် ထွန်(၄)ထယ်အထိထွန်မွှေပေးပြီး ပေါင်း၊ မြက်ကင်းစင်အောင် ကောက်ပစ်ရပါမည်။ နောက်ဆုံးတွင် ကြမ်းတုံးရိုက်၍ မြွေသိပ်ထားရသည်။ တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ- မိုးအာလူး(ယာမြေ) ၅၀၀ပိဿာ၊ ရေအာလူး ၆၀၀ပိဿာ၊ ဆောင်းအာလူး ၇၀၀ပိဿာနှုန်းဖြစ်ပါသည်။ တစ်ဧကအတွက် မြေဩဇာအသုံးပြုရန်မှာ (က) သဘာဝမြေဩဇာ၊ နွားလှည်း (၂၀-၂၅)စီး၊ (ခ) ဓာတ်မြေဩဇာ ယူရီးယား(၂၂၄) ပေါင်၊ တီစူပါ (၃၃၆) ပေါင်၊ ပိုတက်ရှ် (၂၂၄)ပေါင်နှုန်းဖြစ်ပါသည်။

        ယခုမိုးတွင်းအခါတွင် ရေကြီးမှုများကြောင့် အာလူးဈေးနှုန်းများမှာ ဈေးကွက်ထဲ၌ ဈေးကောင်းများရရှိနေလျက်ရှိပါသည်။ ယခင်အပတ်တွင် တစ်ပိဿာလျှင် (၅၅၀၀-၆၀၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုအပတ်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၅၀၀-၉၀၀၀) ကျပ်ထိရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း