Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့၌ ရင်ကွဲသရက်သီးအမှည့် ဈေးကောင်းရရှိ

    မော်လမြိုင် ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ယခု စက်တင်ဘာလ (တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေအနေမှာ ရင်ကွဲသရက်သီး အစိမ်းအချောအကြီးတစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ် ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့်အကြီးတစ်လုံးလျှင်(၇၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၅၀)ကျပ်ဖြစ်သည်။ ယခင်(ဩဂုတ်လ)တွင် အစိမ်းအချောအကြီး တစ်လုံး လျှင်(၃၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက် သီးအမှည့် အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၄၀၀)ကျပ်ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ၁၀၀ ကျပ် မှ ၂၅၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

     အဆိုပါ ဈေးနှုန်းမြင့်တက်မှုမှာ ရင်ကွဲသရက်သီး အသီးထွက်နှုန်းရာသီချိန် ကုန်ဆုံးတော့မည်ဖြစ်သဖြင့် အသီးထွက်နှုန်းနည်းပါးခြင်း၊ အခြားဒေသမှ သရက်သီးဝင် ရောက်မှုမရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်း ရောင်းချမှုလည်းနည်းပါးခြင်းကြောင့် ဒေသထွက် ရင်ကွဲသရက်မျိုးများမှာ ဈေးကောင်း ရရှိနေကြောင်းသိရှိရပါသည်။ ရင်ကွဲသီးသရက်မျိုးသည် မွန်ဒေသထွက် သရက်သီးမျိုးနွယ်(၁၂၅)မျိုးအနက် လူကြိုက် အများဆုံးနှင့်အသီးထွက် အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။

DOCA(မွန်)

 

 

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာ အခြေခံစားသောက်ကုန်များရောင်းချ

      မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊  ခရူတောရပ်ကွက်ရှိ ပြည်သူများအား စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးများပါဝင်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၏ ဘိလပ်မြေဈေးနှုန်းဈေးကွက်

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် ခွန်အားသစ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မိုးကောင်ကင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ရွှေပြည့်စုံ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၉၀၀၀ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိ

        ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ခရမ်းချဉ်သီးများကိုရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသ ထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အပြင် မိုးလေဝသရာသီဥတုကြောင့် မိုးများရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်၍  လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ ခရမ်းချဉ်သီးများမှာ ရက်များကြာ၍ ပျက်စီးခြင်း၊ ပုပ်ခြင်းများဖြစ်၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၁)ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၅၀၀ဝိ/-)ကျပ်မှ (၆၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

နတ်တလင်းမြို့နယ်၏ စက်တင်ဘာလ မတ်ပဲဈေးနှုန်းအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဩဂုတ်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများနှင့်အလားတူ ဈေးနှုန်းအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်နေသည်ကိုတွေ့ရပါသည်။

         ယခင်ဩဂုတ်လ တတိယပတ်တွင် ရောင်းဝယ်နေသောဈေးနှုန်းမှာ မတ်ပဲပိဿာ(၂၀) ဝင်တစ်တင်းလျှင်  (၁၂၂၀၀၀ကျပ်မှ ၁၂၄၅၀၀ကျပ်) အထိဈေးပေါက်ခဲ့သည်ကိုတွေ့ရပါသည်။ ဩဂုတ်လ စတုတ္တပတ်တွင်လည်း မတ်ပဲဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ပိဿာ (၂၀)ဝင်တစ်တင်းကို (၁၂၄၅၀၀ကျပ်မှ ၁၃၀၅၀၀ကျပ်)အထိဈေးမြင့်တက်ခဲ့ပါသည်။

         ယခုစက်တင်ဘာလ၊ တတိယအပတ်တွင်လည်း မတ်ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ပိဿာ(၂၀) ဝင်တစ်တင်းလျှင်  (၁၃၀၅၀၀ကျပ်မှ ၁၃၃၀၀၀ကျပ်)အထိရှိခဲ့သော်လည်း ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင်မူ ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းခဲ့ပြီး (၁၃၀၀၀၀ကျပ်မှ ၁၂၅၀၀၀ကျပ်)ဖြင့်သာဈေးဖွင့်၍ ရောင်းဝယ်ခဲ့သည်ကိုတွေ့ရှိရပါသည်။

          တင်ပို့ရောင်းချမှုအခြေအနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ်(၃၅၀)ဆံ့ကားများဖြင့် တစ်စီး၊ နှစ်စီးခန့် ရက်ခြားတင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၏ ဒေသအစားအစာ ထမင်းသုပ်

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒေသအစားအစာများကို မျိုးစုံပြုလုပ်ရောင်းချလျက်ရှိသည့်အနက် နတ်တလင်းထမင်းသုပ်သည် ထင်ရှားသည့်အစားအစာ တစ်မျိုးဖြစ်ပါသည်။ ထမင်းသုပ်ပြုလုပ်ရန်အတွက် ဆန်ကိုချက်ထားရန်လိုအပ်ပါသည်။ ထို့နောက် တို့ဟူးပြုလုပ်ရန်အတွက် ပဲမှုန့်စိမ်း၊ နနွင်းမှုန့်၊ ဆား၊ အရသာမှုန့်၊ ရေတို့ကို အချိုးကျရောစပ်၍ မီးဖြင့်ကြိုပေးရပါသည်။ ထမင်းသုပ်ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ ထမင်း၊ လှီးပြီးသားတို့ဟူး၊ ကြက်သွန်ဖြူဆီချက်၊ ချက်ထားသောငံပြာရည်၊ မန်ကျည်းမှည့်အချဉ်ရည်၊ ပြုတ်ထားသောခေါက်ဆွဲ၊ ပြုတ်ထားသောဆန်ကြာဇံ၊ ပါးပါးလှီးထားသောကြက်သွန်နီ၊ နံနံပင်၊ ပါးပါးလှီးထားသောဂေါ်ဖီထုပ်၊ ပဲမှုန့်ကျက်၊  မုန့်ကြွပ်၊ ငရုတ်သီးမှုန့်လှော်၊ အရသာမှုန့်တို့ပါဝင်ပါသည်။  ထမင်းသုပ်ကို ကြက်သွန်ဖြူ၊ ပဲတီချဉ်၊ သရက်ချဉ်တို့နှင့်တွဲဖက်၍ စားသုံးကြသကဲ့သို့ အမဲကြော်၊ ကြက်ဥကြော်တို့ဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် နတ်တလင်းထမင်းသုပ်တစ်ပွဲလျှင်  (၂၅၀၀-၃၀၀၀) ကျပ်ဖြင့်  ရန်ကုန်-ပြည် မီးရထားပေါ်တွင် ရောင်းချကြသကဲ့သို့ မီးရထားဘူတာရုံအနီး၊ ကားဂိတ်၊ ဈေး၊ မြို့တွင်း ရန်ကုန်-ပြည် ကားလမ်းဘေးရှိဆိုင်များတွင်လည်းရရှိနိုင်ပြီး ဒေသခံများသာမက ခရီးသွားပြည်သူများလည်း နတ်တလင်းမြို့သို့ရောက်ပါက နတ်တလင်းထမင်းသုပ်ကို ကြိုက်နှစ်သက်စွာဝယ်ယူစားသုံးကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၌ မိုးမြေပဲသီးနှံများထွက်ပေါ်

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး  ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သော  မိုးမြေပဲနှင့် ဆောင်းမြေပဲကို နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရသည်။

        နတ်တလင်းမြို့နယ်အတွင်းရှိ ကျောက်ခွက်၊ အိုးဖိုကုန်း၊ ဘန်းမွှေးကုန်း၊ ကျောက်ဆွယ်ကျေးရွာများ၌ ပင်ထောင်အတောင့်သေးမျိုးများကိုစိုက်ပျိုးကြောင်း၊ မိုးမြေပဲသီးနှံကို မေလတွင် စတင်စိုက်ပျိုး၍ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များအနေဖြင့် မြေပဲတစ်ဧကကို (မျိုး၊ သွင်းအားစု၊ အလုပ်သမားခ၊ စိုက်ပျိုးထွန်ယက်ခ) အပါအဝင် စုစုပေါင်း ငွေကျပ် (၇၅၀၀၀၀) ကုန်ကျကြောင်း၊ ယခုနှစ် မိုးမြေပဲပေါ်ချိန်တွင် တစ်ဧကအထွက်နှုန်း (၄၀)တင်းထွက်ရှိပြီး ခူးဆွတ်ချိန် စက်တင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းဈေးနှုန်းမှာ ငွေကျပ် (၃၅၀၀၀) ပေါက်ဈေးရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်(၆၅၀၀၀၀)ခန့်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပဲဈေးကွက်အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်တွင် ၂၀ပိဿာဝင်တစ်တင်းလျှင် ၁၂၄၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ၊ တတိယအပတ်တွင် ၂၀ပိဿာဝင်တစ်တင်းလျှင် ၁၃၅၅၀၀ကျပ်နှုန်းဖြင့် တစ်ပတ်အတွင်း (၁၁၄၀၀)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ စားတော်ပဲတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ပဲဖြူလေးတစ်ပြည်လျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲမျိုးစုံကို ရန်ကုန်-ဘုရင့်နောင်မှယူ၍ ရောင်းချကြောင်း ပဲမျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၏ မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် အနိမ့်ဆုံး (၁၂၅၀၀၀)ကျပ်မှ အမြင့်ဆုံး (၁၂၈၀၀၀)ကျပ်ထိရှိပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၁၃၃၀၀၀ကျပ်ခန့်မှ (၁၃၄၀၀၀)ကျပ်ထိရှိပါသည်။ စီးထွက်မှုအနေဖြင့် ဩဂုတ်လတစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၅၉၉၅၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလ ဒုတိယအပတ်ထိ  တင်ပို့မှုအနေဖြင့် (၇၅၀၀၀)အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်း သာယာဝတီမြို့အတွင်းရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးတွင် ထန်းမြစ်များရောင်းချနေ

       တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးတွင် ပေါ်ဦးပေါ်ဖျားထန်းမြစ်များရောင်းချနေပါသည်။ ထန်းမြစ်ကို တချို့မသိသောသူများက ထန်းပင်မှ အမြစ်ဟုထင်ကြပါသည်။ စား၍ရသော ထန်းမြစ်ဆိုသည်မှာ ရင့်မှည့်ပြီးကြွေကျသော ထန်းသီးအမှည့်များအား မြေကြီးအနက်တစ်တောင်ခန့်တူးထားသော ကျင်းထဲတွင်ထည့်ပြီး မြေပြန်ဖိ၍ ၃လခန့်ကြာသောအခါ ပြန်ဖော်ရာမှရရှိသော အပင်ပေါက်လေးများကို ထန်းမြစ်ဟုခေါ်ကြခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်သော ထန်းမြစ်များမှာ ရာသီနှင့်လိုက်ဖက်လွန်းသော ရာသီစာအစားအစာတစ်မျိုးဖြစ်ပါသည်။

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ တတိယအပတ်တွင် တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးတွင် ထန်းမြစ် (၁၀) ချောင်းပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချပေးနေပါသည်။ တောင်ငူမြို့အနီး အနောက်၊ မြောက်အရပ်ရှိ ဒေသများတွင် ထန်းပင် ထန်းတောများပေါများလှပါသည်။ ရွှေဆံတော်ဘုရားဈေးတွင် ရောင်းချနေသာထန်းမြစ်မှာ တောင်ငူမြို့နယ်၊ ကျောင်းကုန်းရွာ၌ ကိုယ်ပိုင်ပြုလုပ်၍ ရောင်းချသောထန်းမြစ်ဖြစ်ကြောင်း ထန်းမြစ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရသိရှိခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း